ခတ္တမန္ဒူ၊ စက်တင်ဘာ ၂၉
နီပေါနိုင်ငံ၌ မုတ်သုံမိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်း ၁၄၈ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက အတည်ပြုခဲ့ကြောင်း နီပေါနိုင်ငံရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၁၀၁ ဦး ဒဏ်ရာရခဲ့ပြီး ၅၅ ဦး ပျောက်ဆုံးနေကြောင်း နီပေါရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နီပေါနိုင်ငံအလယ်ပိုင်း ဒါဒင်ခရိုင် ခိုလာဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း နစ်မြုပ်နေသည့် ခရီးသည်တင်ဘတ်စ်ကား သုံးစီးမှ ရုပ်အလောင်း ၃၅ လောင်း ကို ဆယ်ယူရရှိခဲ့ကြောင်း ခရိုင်ရဲနယ်မြေ ခတ္တမန္ဒူမှ ပြောရေးဆိုခွင့်ရှိသူ နာဝါရက်အက်ဟီကာရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နီပေါနိုင်ငံတစ်ဝန်းရှိ အဓိကလမ်းမကြီးအများစုသည် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ထိခိုက်မှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လက်ရှိတွင် နီပေါနိုင်ငံ၏ ယာယီဝန်ကြီးချုပ်နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး ပရာကက်ရှ် မန်ဆင်းသည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုရယူရန် အဖွဲ့အစည်းပေါင်းစုံ အစည်းအဝေးကို သဘာပတိ အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်


