၂၇ ဖေဖော်ဝါရီ

 

နိုင်ဂျီးရီးယားစစ်တပ်မှ တပ်ကြပ်တစ်ဦးသည် ၎င်း၏ရိုင်ဖယ်သေနတ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေမှုမပြုလုပ်မီ စစ်သားလေးဦးကို သတ်ဖြတ်ခဲ့သည်ဟု နိုင်ဂျီးရီးယားစစ်တပ်က ပြောကြားခဲ့သည်။

 

23080008

 

အဆိုပါ တပ်ကြပ်သည် ဘောနိုပြည်နယ် အရှေ့မြောက်ပိုင်းရှိ တပ်စခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်ကြောင်းနှင့် ၎င်း၏ပစ်ခတ်မှုကြောင့် အခြားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ယင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆာဂါ  မူဆာက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

ယင်းဒဏ်ရာရရှိသူများသည် လက်ရှိတွင် ထိုပြည်နယ်မြို့တော် မာဒူဂီ ရှိ စစ်ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူကာ အခြေအနေကောင်းမွန်သည် ဟု မူဆာက ဆိုသည်။

 

ထိုဖြစ်ရပ်ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို