အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး နိုင်ဂျီးရီးယားနှင့် မိုဇမ်ဘစ်အသင်းပွဲစဉ်တွင် နိုင်ဂျီးရီးယားအသင်းက တိုက်စစ် ခြေစွမ်းပြကာ လေးဂိုးပြတ် နိုင်ပွဲရရှိပြီး ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။ နှစ်သင်းကြား ခြေစွမ်းကွာဟမှုရှိပြီး တိုက်စစ်၊ ခံစစ်ပိုင်းသာလွန်သည့် နိုင်ဂျီးရီးယားအသင်းက မိုဇမ်ဘစ်အသင်းကို ပွဲချိန်တစ်လျှောက် တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့သည်။
နိုင်ဂျီးရီးယားအသင်း တိုက်စစ်ကစားသမား အိုစင်မန်ခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူကာ ကွင်းလယ်တိုက်စစ်ကစားသမား လွတ်ခ်မန်းက တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
မိုဇမ်ဘစ်အသင်းသည် နိုင်ဂျီးရီးယားအသင်းဘက်သို့ ဂိုးကန်သွင်းမှုနှစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု မရှိခဲ့ပေ။ နိုင်ဂျီးရီးယားအသင်းသည် အုပ်စုတွင်း ပွဲစဉ်များတွင် သုံးပွဲကစားပြီး သုံးပွဲစလုံး နိုင်ပွဲရရှိကာ အုပ်စုပထမဖြင့် ၁၆ သင်းအဆင့် တက်လှမ်းလာသည့် အသင်းဖြစ်သည်။
အောင်ဇော်


