နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့


ဖြိုးစန္ဒာ( MDD )
လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ အတွက်အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး စိုက်ပျိုးရေးကဏ္ဍသည် အမျိုးသားပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ပါဝင်နေသည်။ 
ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ဟက်တာ ငါးသန်းအထိရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ထို့နောက် စစ်ပြီးကာလတွင် ပြည်တွင်းမငြိမ်သက်မှုများကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းခဲ့ရပြီး ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် ဆန်ထုတ်လုပ်မှု အနည်းငယ် ပြန်လည်တိုးတက်လာခဲ့သည်။ စားရေရိက္ခာလုံလောက်စေရန်နှင့် ဆန်တင်ပို့မှု တိုးမြင့်လာစေရန်အတွက် အထူးဆန်အထွက်နှုန်း အစီအစဉ်မှတစ်ဆင့် ဆန်နည်း ပညာသစ်ကို ၁၉၇၇-၁၉၇၈ ခုနှစ်မှ စတင်မိတ်ဆက် စိုက်ပျိုးစေခဲ့ကြောင်း သိရသည်။ 
အဆိုပါ ဆန်နည်းပညာသစ်ကြောင့် မြန်မာ့ဆန်စပါး ထုတ်လုပ်မှုသည် မျှော်မှန်းထားသည့်အတိုင်း အရှိန်ပြန်ရလာခဲ့သည်။ မြန်မာ့ဆန်စပါးလုပ်ငန်းသည် ၁၉၉၂-၁၉၉၃ တွင် နွေဆန်စပါး ထုတ်လုပ်မှုအစီအစဉ်ကို စတင်ခြင်းဖြင့် တိုင်းပြည်၏ဆန်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည့် အချိုးအကွေ့တစ်ခုကို ပြန်လည်ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဆည်မြောင်းတာတမံများ၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ ရှိရင်းစွဲ ဆည်မြောင်းများ ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ပေးခြင်း၊ မြစ်ရေတင်စက်များ တည်ထောင်ခြင်းနှင့် အထူးသဖြင့် စိုက်ပျိုးရေကို အာမခံချက်ပေးရန်အတွက် မြေအောက် ရေကိုတူးဖော်ပေးခြင်း၊ နွေစပါးစိုက်ပျိုးခြင်း ရလဒ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။
စပါးသီးနှံကို ရှေးယခင်က မိုးရာသီတွင်သာ စိုက်ပျိုးကြပြီး မိုးရေကိုအားထားပြီး မေလမှ စက်တင်ဘာလ အထိ စိုက်ပျိုးသည့်စပါးကို မိုးစပါးဟူ၍လည်းကောင်း၊ ဆည်ရေ ( သို့ ) မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေစသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရသည့် စပါးကို နွေစပါးဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်ကြသည်။ နွေစပါးသည် အများအားဖြင့် မိုးစပါးအပြီး ဆောင်းဝင်ချိန်မှ မိုးဦးမကျမီ ရက်ပေါင်း ၁၂၀ မှ ၁၃၀ အတွင်း စိုက်ပျိုးရိတ်သိမ်းနိုင်စေရန် ဆောင်ရွက်ရသည်။ ထို့ကြောင့် ရတနာတိုး၊ ရေဆင်း ၂-၃၊ သီးထပ်ရင်၊ ရေဆင်းလုံးသွယ်၊ မှော်ဘီ ( ၂ ) စသည့် သက်တမ်း ၁၁၀ မှ ၁၃၀ အတွင်းရှိ သက်တမ်းတို သက်ငယ်စပါးမျိုးများကို အသုံးပြုရကြောင်း သိရသည်။
နွေစပါးသည် အထွက်နှုန်းပိုခြင်းမှာ မိုးရာသီထက် နွေရာသီတွင် မိုးတိမ်ကင်းစင်ပြီး စပါးပင်အတွက် နေရောင်ခြည်စွမ်းအင်ပိုမိုရရှိသဖြင့် အပင်အတွက် အစာပိုမိုချက်လုပ်နိုင်ကာ ကြီးထွားဖွံ့ဖြိုး ပွင့်သီးနိုင်ခြင်းကြောင့်ဖြစ်သည်။
၁၉၉၂-၁၉၉၃ ခုနှစ်မှစ၍ နွေစပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာရာ ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိုးစပါးစိုက်ဧရိယာဧက ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧရိယာ ဧက ၂ ဒသမ ၇ သန်းကျော် စုစုပေါင်း ဧက ၁၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ထံမှ သိရသည်။
နွေစပါးစိုက်ပျိုး ထုတ်လုပ်
ဝင်ငွေတိုးတက်ရရှိ
နွေစပါးစိုက်ပျိုးခြင်းက တောင်သူများအတွက် အကျိုးများသည်။ မိုးစပါး အထွက်နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် နွေစပါးက အထွက်နှုန်းပိုသည်။ လုပ်ငန်း ခွင်သာယာသည်။ နွေစပါးစိုက်ပျိုး ထုတ်လုပ်သော တောင်သူများကို ဝင်ငွေတိုးတက်ရရှိစေသည်။ ထို့ကြောင့်လည်း တောင်သူများက နွေစပါးကိုအားထား စိုက်ပျိုးကြခြင်းဖြစ်သည်။
နွေစပါးစိုက်ပျိုးရာတွင် ဒေသရေမြေ၊ သီးနှံပုံစံနှင့် အခြေအနေအလိုက် စိုက်ချိန်မှန်ရန် အရေးကြီးသည်။ နွေစပါးကို မတ်လနှင့် ဧပြီလတွင် စိုက်ခြင်းသည် ရိတ်သိမ်းချိန်၌ မုတ်သုန်မိုးနှင့် ကြုံတွေ့နိုင်သဖြင့် မိုးကြောင့် စပါးအလေအလွင့်ဖြစ်ကာ အထွက်လျော့ နည်းနိုင်ပါသည်။ ယင်းအပြင် နွေစပါးအပြီး မိုးစပါးစိုက်ပျိုးရေးအတွက် စိုက်ချိန်နောက်ကျနိုင်ပါသည်။ ဆက်လက်၍ မိုးစပါးစိုက်ချိန် နောက်ကျခြင်းကြောင့် မိုးစပါး အထွက်လျော့နည်းဦးမည်ဖြစ်သည်။ သို့ဖြစ်၍ မိုးစပါး-ပဲမျိုးစုံ- နွေစပါး သီးနှံပုံစံတွင် မိုးစပါးအပြီး ပဲမျိုးစုံ၊ ပဲမျိုးစုံအပြီး နွေစပါးတို့ စိုက်ချိန်၊ ရိတ်ချိန်များ နောက်ကျမှုသံသရာလည်ကာ သီးနှံပုံစံအတွဲတစ်ခုလုံး အကျိုးအမြတ်နည်းနိုင်သဖြင့် စိုက်ချိန်မှန်ရန် လိုအပ်လှပေသည်။
နွေစပါးအဖြစ် သက်နုမျိုးရင်းများကိုသာ အများဆုံး ရွေးချယ်စိုက်ပျိုး
နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုမိုရှည်ကြာသည့်အတွက် နွေစပါးအဖြစ် သက်နုမျိုးရင်းများကိုသာ အများဆုံး ရွေးချယ်စိုက်ပျိုးကြသည်။ စိုက်ပျိုးမှုအများဆုံး နွေစပါးမျိုးကွဲများမှာ သီးထပ်ရင်၊ ရက်-၉၀၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ မနောသုခ၊ ရတနာတိုး၊ GW-11၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်နှင့် ကောက်ညှင်းတို့ ဖြစ်ကြောင်းသိရသည်။ 
နွေရာသီတွင် အများစုစိုက်ပျိုးလေ့ရှိသည့် သက်တမ်းတို( နု ) အထွက်ကောင်း စပါးမျိုးများမှာ မြန်မာနိုင်ငံအောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင် စပါးမျိုးတို့ကိုစိုက်ပျိုးကြပြီး အခြားအထွက်ကောင်း သက်လျင်မျိုးများ ဖြစ်သော ရက်-၉၀နှင့် ရတနာတိုးတို့ကို လည်း စိုက်ပျိုးကြသည်။ မနောသုခနှင့် ဆင်းသုခတို့သည် သက်လတ်အထွက်ကောင်းစပါးမျိုးများဖြစ်ပြီး မိုးရာသီသာမက နွေရာသီတွင်လည်း စိုက်ပျိုးလာကြသည်။
စပါးစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြသကဲ့သို့ ပျိုးထောင်၊ ကောက်စိုက်သည့် စနစ်ဖြင့်လည်း စိုက်ပျိုးနေကြရာ စိုက်ပျိုးမည့်ဒေသ၏ သွင်းရေရရှိနိုင်မှု အခြေအနေ၊ မြေဆီလွှာ၏ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူ၏ ကုန်ကျစရိတ်ကျခံ နိုင်မှု၊ စိုက်ပျိုးမည့် မြေဧရိယာပမာဏ အကျယ်အဝန်း အပေါ်မူတည်၍ စိုက်ပျိုးမည့်မျိုးစေ့နှင့် စိုက်နည်းစနစ် တို့ကို ရွေးချယ်စိုက်ပျိုးကြရကြောင်း သိရသည်။ 
တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စိုက်ပျိုး
နွေစပါးစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် အသင့်တော်ဆုံးဖြစ်ပြီး အချို့ဒေသများတွင် ရေမြေအခြေအနေအရ ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် သင့်လျော်သည့် ဒေသများလည်းရှိသလို ကုန်ကျစရိတ် နည်းစေရန် ကြဲပက်သည့်နည်းလမ်းများ၊ မျိုးစေ့ချကိရိယာ အသုံးပြုသည့် နည်းလမ်းများဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။
မိုးစပါးနှင့် နွေစပါးတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ နှစ်မျိုးစလုံး သုံးစွဲရန်လိုအပ်ပြီး သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကို စေးစေကြောင်း၊ ဓာတ်မြေဩဇာကိုသုံးခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးတို့အတွက် လုပ်ငန်းအဝဝကို အစဉ်လည်ပတ်နေစေရန်လိုအပ်သည့် phosphorous၊ Nitrogen၊ Potassium ဓာတ်များ ရရှိစေကြောင်း၊ နွေစပါးတွင် နိုက်ထရိုဂျင်ဓာတ်မြေဩဇာထည့်ခြင်းကြောင့် ရရှိသည့်အကျိုးအမြတ်သည် မိုးစပါးထက်ပို၍ ကောင်းစေသည်သာမက စပါးအထွက်နှုန်းလည်း သိသာစွာတိုးတက်နိုင်ကြောင်း သိရပါသည်။
စပါးပင်သည် အပင်ကြီးထွားမှုကာလ၊ အနှံသန္ဓေကြီးထွားမှုကာလ၊ ရင့်မှည့်မှုကာလဟူ၍ ကာလသုံးခုရှိရာ စပါးပင်ကြီးထွားမှုကာလတွင် မြေယာ ပြုပြင်ထွန်ယက်ခြင်း၊ စပါးစေ့ အညှောက်ထွက်ခြင်း၊ အမြစ်စွဲခြင်း၊ အရွက်များထွက်၍ ကြီးထွားခြင်း၊ အပင်ပွားစည်းခြင်းများ အဆင့်ဆင့်ဖြစ်ပေါ်သည်။ အပင်ကြီးထွားမှုကာလတွင် ပိုးမွှားရောဂါမကျရောက်စေရန် ဂရုစိုက်ရမည် ဖြစ်သည်။
ပိုးမွှားရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် ဆက်စပ်လျက်ရှိရာ မိုးရာသီတွင် ဗက်တီးရီးယား ရွက်ခြောက်ရောဂါကျရောက်မှု ဆိုးရွားနိုင်ပြီး နွေစပါးတွင် ဗက်တီးရီးယားရွက်စင်းရောဂါ ကျရောက်လေ့ရှိကြောင်း၊ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုပေါင်းမြက်များ ပိုမိုပေါက်ရောက်ပြီး နွေစပါးတွင် မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက်များ ပိုမိုပေါက်ရောက်လေ့ရှိသည်။
နွေစပါးသီးနှံစိုက်ပျိုးမှု စိုက်ဧက ၂၆၃၂၅၃၆ ဧက စိုက်ပျိုးခဲ့
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နွေစပါးသီးနှံစိုက်ပျိုးမှုမှာ စိုက်ဧက စုစုပေါင်း ၂၆၃၂၅၃၆ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၉၃ ဒသမ ၂၅ ရာခိုင်နှုန်း ထွက်ရှိခဲ့ကြောင်း၊ အဆိုပါ ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် နွေစပါးပန်းတိုင်အထွက်နှုန်းပြည့် ထွက်ရှိခဲ့ကြောင်း သိရသည်။
စပါးကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတို့တွင် စိုက်ပျိုးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ စာရင်းများအရ ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ဧက ၁၄၆၄၁၈၅ ဖြင့် အများဆုံးစိုက်ပျိုးနေပြီး နေပြည်တော်ကောင်စီနယ်မြေတွင် ဧက ၇၆၁၀၊ ကချင်ပြည်နယ်တွင် ၅၈၇၁ ဧက၊ ကယားပြည်နယ်တွင် ၁၈၉ ဧက၊ ကရင်ပြည်နယ်တွင် ၁၁၃၇၂၄ ဧက၊ ချင်းပြည်နယ်တွင် ၁၅ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃၃၉၃ ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၁၅၄ ဧက၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၂၁၀၅၄ ဧက၊ မကွေးတိုင်းဒေသကြီးတွင် ၂၀၆၄ ဧက၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၉၄၇ ဧက၊ မွန်ပြည်နယ်တွင် ၄၈၆၆၆ ဧက၊ ရခိုင်ပြည်နယ်တွင် ၂၂၉ ဧက၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၅၀၄၂၃ ဧက၊ ရှမ်းပြည်နယ်တွင် ၉၉၉၃ ဧက စိုက်ပျိုးထားပြီးဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စပါးစိုက်ဧရိယာ ဧကပေါင်း ၂၃၀၆၄၉၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နွေသီးနှံစိုက်ပျိုးမှုအပေါ် ဆည်၊ ကန်၊ ရေလှောင်တမံများ၏ ဆည်ရေပေးဝေနိုင်မှု အခြေအနေမှာ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးရှိ ဆည်၊ ကန်၊ ရေလှောင်တမံ ၇၈ ခုမှ နွေစပါး စိုက်ဧက ၃၀၂၅၆၁ ဧက၊ အခြား နွေသီးနှံ စိုက်ဧက ၆၉၉၄ ဧက စုစုပေါင်းစိုက် ဧက ၃၀၉၅၅၅ ဧကသို့ ရေပေးဝေလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ သိရသည်။ 
မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် နှစ်စဉ် ဆန်တန်ချိန် ၁၃ သန်းမှ ၁၄ သန်းခန့်ထုတ်လုပ်မှုရှိပြီး ၁၀ သန်းခန့်မှာ ပြည်တွင်းစားသုံးမှုအတွက်ဖြစ်ကာ ပြည်ပသို့ နှစ်စဉ်ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်စပါးစိုက်ပျိုးသည့် တောင်သူ လေးသန်းခန့်ရှိပြီး ဆန်စက်အလုံးရေ နှစ်သောင်းဝန်းကျင်ခန့်ရှိကြောင်း၊ ဆန် စပါးလုပ်ငန်းတစ်ခုလုံးနှင့် ဆက်စပ်ပြီး လူဦးရေ ၁၀ သန်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်းနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက-အစိုးရ ပူးပေါင်းပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
ထို့အပြင် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိနေရန်လည်း လိုအပ်ပြီး ယင်းအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဦးဆောင်စီစဉ်မှု၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ကုန်စည်ဒိုင်များ၊ ပို့ကုန်ကုမ္ပဏီများ၏ပူးပေါင်းပါဝင်မှုတို့ဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဆန်ဝယ်ယူနိုင်ရေးအတွက် မြို့နယ်များအလိုက် သတ်မှတ်ဈေးနှုန်းများ သတ်မှတ်ကာ ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာ့ဆန်များ ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန်အတွက် စပါးစတင်စိုက်ပျိုးချိန်တွင် GAP စနစ်များဖြင့် စိုက်ပျိုးခြင်းမှစတင်ကာ ဓာတ်မြေဩဇာကျွေးခြင်း၊ စပါးအထွက်နှုန်းကောင်းစေရန်နှင့် ဆန် အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများဖြစ်သည့် စပါးအခြောက်ခံခြင်း၊ စပါးသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ ဖြန့်ချိခြင်းနှင့် ကြိတ်ခွဲခြင်းစသည့် အဆင့်တိုင်းတွင် ဈေးကွက်ဝင်ဖြစ်စေရေး နိုင်ငံတကာက သတ်မှတ်ထားသော အဆင့်မီနေရန် လိုအပ်မည်ဖြစ်ပါသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသော ဆောင်ပုဒ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများ၊ ရေဆင်းတက္ကသိုလ် စသည့်ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေ ပြီး ပြည်တွင်းဈေးကွက် တည်ငြိမ်ရန်နှင့် ပြည်ပတင်ပို့မှုများလည်း အရည်အသွေးမီ တင်ပို့နိုင်ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား-
စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
စားသုံးသူရေးရာဦးစီးဌာန
https://www.moi.gov.mm/news/39434
https://wisarra.com/mm/journal/nwespaawkkean-siukinmhni-uliupai-367