နိုင်ငံနှင့်ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားရေးရာဆိုင်ရာ စီးပွားရေး စကားဝိုင်း

နေပြည်တော် ၂၉ သြဂုတ်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံအတွင်း ကဏ္ဍအစုံတွင် လုပ်ကိုင်နေကြသည့် လုပ်သားအရင်းအမြစ်များ အားကောင်းပြီး အရည်အသွေးပြည့်ဝသည့် လုပ်သားများ ပေါ်ထွက်မှသာ စီးပွားရေးဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်မည်ဖြစ်ရာ အလုပ်သမားရေးဆိုင်ရာ စီးပွားရေး စကားဝိုင်းကို သြဂုတ်လ ၂၁ ရက်က နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပခဲ့သည်။

စကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊  အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ မြန်မာနိုင်င ံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် အေဂျင်စီများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်။ ။ပြည်ပအလုပ်အကိုင်  အခွင့်အလမ်းတွေ မြင့်မားစေဖို့  မြန်မာပြည်ပအလုပ်အကိုင်  ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို  ဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ ဖွဲ့စည်းခွင့်ပြုထားပါတယ်။  ၁၉၉၀ ပြည့်နှစ်ကနေ အခု အချိန်အထိ ပြည်ပကို တရားဝင် စေလွှတ်တာ ရှစ်သိန်း ကျော်ရှိပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန် နိုင်ငံနဲ့ MoU ရေးထိုးထားပြီး ပြည်ပရောက် မြန်မာအလုပ် သမားများကို  သက်ဆိုင်ရာနိုင်ငံတွေရဲ့  ဥပဒေနဲ့အညီ အကျိုးခံစားခွင့်ရရှိအောင်  ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ အလုပ်သမားများကို ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိ ငါးဦး၊ မလေးရှား နိုင်ငံမှာ  နှစ်ဦးနဲ့  ကိုရီးယားသမ္မတနိုင်ငံမှာ  တစ်ဦး၊ စုစုပေါင်း ရှစ်ဦးကို ခန့်အပ်ထားရှိပါတယ်။

ထောက်အထားမဲ့ အလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ အလုပ်သမားတွေ   အများကြီးရှိပါတယ်။  ဒါကြောင့် ထိုင်းနိုင်ငံက အလုပ်သမားဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ဆီက CI စခန်း ကိုးခု၊ Mobile Team သုံးခုကို ဖွင့်လှစ်ခဲ့ပြီး မြန်မာအလုပ်သမား တစ်သန်း ကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား Smart Card တွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။   ဒါတွေဟာ   နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သုံးသန်းခန့် ရှိပြီး နှစ်သိန်းခန့်က မလေးရှားမှာ လုပ်ကိုင်နေပါတယ်။ ထူးခြားဖြစ်စဉ်အနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ မတ်လနဲ့ ဧပြီလက  ယာဉ်မတော်တဆမှုတွေဖြစ်ခဲ့လို့  သေဆုံး၊ ဒဏ်ရာရရှိသူတွေအတွက်  ခံစားခွင့်ငွေကျပ် သိန်းပေါင်း ၅၈၀ဝ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြားလျော်ကြေး ကိစ္စများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အစီအစဉ်မှူး။  ဆက်လကြ်ပီးတော့ပြည်ပကို သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေရဲ့ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ပေးထားသလဲဆိုတာ ဆွေးနွေးပြောကြားပေးပါဦး။

ဦးပီတာညွန့်မောင်။ ။ ကျွန်တော်တို့ရဲ့အဖွဲ့ချုပ်ကို ၂၀၁၂   ခုနှစ် နိုဝင်ဘာလမှာ ဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ လမ်းညွှန်မှုတွေနဲ့အညီ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်ပကို တရားမဝင် ပို့ဆောင်တဲ့ကိစ္စတွေ၊   လူကုန်ကူးမှုကိစ္စတွေ၊ ပြည်ပကိုထွက်ခွာတဲ့   မြန်မာအလုပ်သမားတွေ အနေနဲ့ ပြည်ပမှာ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေရရှိဖို့ ကြိုးပမ်း ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ပြောရရင် အဓိက မြန်မာနိုင်ငံက အလုပ်သမားတွေ အများဆုံးသွားရောက်တဲ့နိုင်ငံက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ Call Center ဖွင့်လှစ်ပေးထားပြီး အလုပ်သမားတွေရဲ့  အရေးပြဿနာတွေကို  မြန်မာသံအမတ်ကြီးရဲ့ ဦးဆောင်မှု၊ အလုပ်သမားသံအရာရှိတွေနဲ့ ပူးပေါင်းမှုတွေနဲ့ ပေါင်းစပ်ဖြေရှင်းပေးနေပါတယ်။

ဒါတင်မကသေးပါဘူး။   အဖွဲ့ချုပ်ဟာ ILO  နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး Code of Conduct ကို ကုမ္ပဏီ ၂၅၀ ကျော်ထဲကနေ ၁၉၁ ခုက လက်မှတ်ရေးထိုးလိုက်နာ ဆောင်ရွက်အောင် ကြိုးပမ်းခဲ့ပါတယ်။ ကျန်တဲ့ ကုမ္ပဏီ တွေဟာလည်း လက်မှတ်ရေးထိုးဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အသက်အာမခံတွေ ပေးအပ်

ကျင့်ဝတ်လိုက်နာဖို့ ကြီးကြပ်စစ်ဆေးရေးကော်မတီကိုလည်း  ကော်မတီဝင်  ရှစ်ဦးနဲ့   ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်ပေးနေပါတယ်။ စေလွှတ်ထားတဲ့ အလုပ်သမားတွေထဲမှာလည်း   အခုနောက်ပိုင်းမှာ  နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကနေစတင်ပြီး အသက်အာမခံတွေ ပေးအပ်ပါတယ်။ ဒါကိုလည်း မြန်မာ့အာမခံလုပ်ငန်းနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ အလုပ်သမား ၃၇၀ဝ ကျော်ကို စတင်ပြီး အာမခံပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော် အတွက်လည်း တရားဝင် ဝင်ငွေရရှိစေဖို့အတွက် ထွက်ခွာမယ့် အလုပ်သမားတွေကနေ မိသားစုလွှဲပို့ငွေကို တရားဝင် ဘဏ်ကနေ လွှဲပို့ပေးနိုင်အောင် ဘဏ်တွေနဲ့ချိတ်ဆက်ပြီး မထွက်ခွာခင်ကတည်းက ဘဏ်စာရင်းဖွင့်ပြီး ဆောင်ရွက်တတ်အောင် စည်းရုံးလုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနကနေ ကြီးမှူးပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအလိုက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေကို ကျင်းပပေးနေပါတယ်။ အချို့အလုပ်သမားတွေက မသိနားမလည်ကြတဲ့အခါကျတော့ ကျေးလက်ဒေသတွေမှာ ပွဲစားတွေက ဝန်ဆောင်ခတွေ မတန်တဆ ကောက်ခံနေတာရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွေကျတော့   အဲဒီလိုမျိုးတွေ  မကုန်ကျတော့ဘဲ အေဂျင်စီတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်လို့ ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းတွေအတိုင်း ရရှိမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လမှာ  အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းထားခဲ့ပါတယ်။ အဲဒီမှာ လက်ရှိဆောင်ရွက်မှုတွေဆိုရင်  ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေ အတော်များများ မသိနားမလည်ကြဘဲ ပွဲစားတွေ လိမ်လည်ခံထားရတဲ့ အမှုတွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရသင့်ရထိုက်တဲ့ ငွေကြေးတွေလည်း ပြန်လည်ရရှိသွားတာတွေ ရှိပါတယ်။

အစီအစဉ်မှူး။ ။ အလုပ်ရှင်တွေရဲ့ ကဏ္ဍကရော အလုပ်သမားတွေနဲ့ ပြည်သူတွေကို တင်ပြဖို့ရှိတာတွေကို ဆွေးနွေးပေးစေလိုပါတယ်။

ဦးထွန်းထွန်း။ ။ ကုန်ထုတ်စွမ်းအားဆိုတာ Productivity ပါ။ ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှု တစ်ခုရဖို့အတွက် ဘာတွေသုံးလိုက်သလဲ၊ ရလာတဲ့ ရလဒ်နဲ့ ထည့်လိုက်တဲ့အရာကို တွက်ချက်ရပါတယ်။ ဒါဆိုရင် Productivity ရပါတယ်။ ပြောချင်တာက နည်းနည်းသုံးပြီး များများထုတ်ရင် Productivity ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ Labour Productivity ကျတော့  အဲဒီ ဝန်ဆောင်မှု  သို့မဟုတ်  ကုန်စည်ရဖို့  အလုပ်သမား ဘယ်လောက်သုံးလိုက်သလဲဆိုတာ ဖြစ်ပါတယ်။ လုပ်ငန်း တိုင်းမှာ ကုန်ထုတ်စွမ်းအားကောင်းဖို့ ဝန်ထမ်းကောင်းတွေ လိုအပ်ပါတယ်။

ကျွမ်းကျင်တဲ့အဆင့်

စီးပွားရေးသဘောတရားအရ ကုန်စည် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို    အလုပ်သမားတစ်ယောက်ဟာ စဝင်လာခါစမှာ လုပ်ကိုင်မှုအဆင့်၊ ထုတ်လုပ်မှုအဆင့်ဟာ စိတ်ကျေနပ်ဖွယ်အဆင့်ကို မရောက်သေးပါဘူး။ အလုပ်ရှင် သို့မဟုတ်  သူကိုယ်တိုင် လုပ်တာလည်း  ဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုအခြေအနေ တိုးတက်လာတာကို စောင့်ပေးရပါတယ်။ ရေရှည်လုပ်တဲ့အခါမှာ အလုပ်ကို ကျွမ်းကျင်လာပြီး အပိုင်းအခြားတစ်ခု၊ ကာလတစ်ခုမှာ ကျွမ်းကျင်တဲ့ အဆင့်ဖြစ်လာရင် ကုန်ထုတ်စွမ်းအားကလည်း မြင့်တက်လာတယ်။ သီအိုရီအရ အမြင့်ဆုံးအဆင့်ကို တက်ပြီးရင် ပြန်ငြိမ်သွားတယ်။

စီးပွားရေးအရ တွက်ခြေမကိုက်တဲ့အခါ ပြန်ငြိမ်သွားတယ်။ သို့သော် လူတစ်ဦးချင်းစီ သို့မဟုတ် စက်ရုံ တစ်ရုံချင်းအလိုက် ဘယ်လောက်ထုတ်နိုင်သလဲ ဆိုတာကလည်း တစ်ဦးချင်းကိုလိုက်ပြီး စီမံခန့်ခွဲတွက်ချက်ရတာ ဖြစ်ပါတယ်။ အဲဒီလိုအထိဖြစ်အောင် လုပ်ကိုင်ကြရပါတယ်။ ဒါမှသာ Economy Skills လို့ခေါ်တဲ့ ကုန်စည်တစ်ခုကို တစ်နာရီမှာ ၁၀ ခု ထုတ်ရာကနေ ၁၅ ခု၊ အခု ၂၀ အထိ ထုတ်လာရင် Per Unit Cost လို့ခေါ်တဲ့   ကုန်စည် တစ်ခုချင်းရဲ့ ကုန်ကျစရိတ်က ကျဆင်းသွားပါတယ်။ သို့မှသာ Profit Margin ကိုကြည့်ပြီး ယှဉ်ပြိုင်မှု စွမ်းအားက တစ်ဦးချင်း၊  စက်ရုံချင်း၊  နိုင်ငံချင်း ယှဉ်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆက်လက်တည်မြဲမယ်။ ကျွန်တော်တို့ဟာ လက်ရှိမှာ တည်မြဲဖို့ကို အရင် ကြိုးစားနေကြရပါတယ်။ ပြီးမှ တိုးတက်မယ်။ တိုးတက်မှ လုပ်ငန်းတွေချဲ့ထွင်ပြီး အလုပ်အကိုင်တွေ ပိုရလာမယ်။ လုပ်သားအင်အားတွေ ပိုလိုအပ်လာမယ်။

တိုင်းပြည်ရဲ့အခြေအနေ

လက်ရှိ ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေအနေဟာ အရင်းအနှီးရော၊ နည်းပညာရော ချို့တဲ့နေပါသေးတယ်။ ကြွယ်ဝနေတာက လူ့စွမ်းအားပဲ ဖြစ်ပါတယ်။ လူ့စွမ်းအား အရေအတွက်များပြီး အရည်အသွေး လိုအပ်နေသေးရင် အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေနဲ့တောင် ယှဉ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အရည်အတွက်ရော၊ အရည်အချင်းရော တစ်ပြိုင်နက်တိုးတက်ဖို့  လိုအပ်ပါတယ်။  ဒါဟာ Job Opportunity နဲ့ roductivity  ချိတ်ဆက်တာပေါ့။ မမျှော်လင့်ဘဲ အချို့စက်ရုံတွေဟာ ပိတ်သိမ်းသွားကြတယ်။ အခု အမြဲတမ်းအတွင်းဝန်နဲ့ ဝန်ကြီးတို့ ပြောခဲ့သလို သူတို့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်လည်း တောင့်မခံနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့ဟာ  Root Cost ကိုကြည့်တဲ့အခါ မြေဈေးတွေ သိပ်ကြီးနေလို့ ဆိုတာ ဖြစ်ကောင်းလည်းဖြစ်မယ်။ ဒါပေမယ့် နိုင်ငံခြားက  ရင်းနှီးမြှုပ်နှံသူတွေဟာ  စပြီးလာရောက်ဖို့   စီစဉ်ကတည်းက လေ့လာခဲ့ပြီးသားပါ။ အခုအတောအတွင်း ဖြစ်သွားတဲ့ဟာတွေမှာ တစ်ဦးချင်းအလိုက် အခက်အခဲတွေ ရှိပြီး ပိတ်တာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်  အဲဒီအထဲမှာ  အချို့က မကြာခင်က ပြဋ္ဌာန်းပြီး   ကျင့်သုံးနေတဲ့   အနည်းဆုံးအခကြေးငွေ ထုန်ပြန်ချက်ကို  အလုပ်ရှင်တွေဘက်ကရော၊ အလုပ်သများသမားတွေဘက်ကရော၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဘက်ကပါ နားလည်မှုလွဲတယ်လို့တော့ ကျွန်တော်ယူဆပါတယ်။ နားလည်မှုလွဲပြီး ညှိနှိုင်းမှု၊ အသုံးချမှုတွေမှာ အဆင်မပြေဖြစ်ပြီး အချို့ရင်းနှီးမြှုပ်နှံသူတွေဟာ ဆက်မကြိုးစားကြတော့ဘူး။ အားလျှော့တာဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာဖြစ်ဖြစ်၊ လုပ်သားလျှော့ချတာဖြစ်ဖြစ်၊  ပိတ်သိမ်းတာဖြစ်ဖြစ်တွေ   လုပ်လာတယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကတော့ တည်ဆဲ ဥပဒေတွေကို အလုပ်ရှင်၊ အလုပ်သမားတွေနဲ့  ပါဝင် ပတ်သက်နေတဲ့သူတွေအားလုံး သေသေချာချာ လွယ်ကူရှင်းလင်းစွာသိအောင်   လုပ်ဆောင်ပေးနေပါတယ်။ အရင်က ဥပဒေဆိုတာ တရားသူကြီးနဲ့ ရှေ့နေတွေပဲ သိရမယ့်ကိစ္စလို့ ထင်ခဲ့ကြတယ်။ အခုအချိန်မှာ တရားဥပဒေဟာ လူတိုင်းနဲ့ဆိုင်တယ်။ သိထားသင့်တယ်။ ဥပဒေကို မသိလို့ပါဆိုပြီး ခွင့်မလွှတ်ဘူး။

ညီမျှတဲ့အချက်တွေကို ဦးစားပေး

ဒါကြောင့် အားလုံးသိဖို့လိုအပ်တယ်ဆိုပြီး ကျွန်တော်တို့က ဥပဒေသစ်တွေ ပြဋ္ဌာန်းတော့မယ်ဆိုရင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့ သုံးခုစလုံးရဲ့ ညီမျှတဲ့ အချက်တွေကို ဦးစားပေး ဖော်ထုတ်တယ်။ မညီမျှတဲ့၊ သဘောမတူတဲ့ အချက်တွေကိုတော့ ခဏဖယ်ထားတယ်။ ဒီလိုလုပ်တဲ့အခါ ဟိုတုန်းက ဥပဒေရေးထုံးတွေ မဟုတ်တော့ဘဲ လူအားလုံးနားလည် နိုင်တဲ့စကားလုံးတွေနဲ့ ပြောင်းပြီးလုပ်တာတော့ စနေပါပြီ။ ဒီအတွက် စိန်ခေါ်မှုဆိုတာမှာ ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ အလုပ်ရှင်များအဖွဲ့၊ အလုပ်သမားများအဖွဲ့၊ အလုပ်သမားများအရေး    ဆောင်ရွက်သူများအဖွဲ့တွေဟာ တစ်စိတ်တစ်ဝမ်းတည်းရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အချင်းချင်းညီညွတ်မှ တိုးတက်မှုအဆင့်တစ်ခုကို ရောက်မှာပါ။ ကျွန်တော်တို့က အပြင်ကို မျှော်ပြီးတော့ပဲ အကူအညီတွေသာ တောင်းနေမယ်ဆိုရင် ရေရှည်မှာ အဆင်မပြေပါဘူး။ အကူအညီဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် အချင်းချင်း အပြန်အလှန် ကူညီကြဖို့ ပိုပြီးလိုအပ်ပါတယ်။

အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့အတွက် အလုပ်သမားရေးရာ ကဏ္ဍရဲ့ အရေးပါပုံကိုလည်း အမြဲတမ်းအတွင်းဝန်က ဆွေးနွေးပေးပါဦး။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့မှာ အလုပ်အကိုင်တွေ၊ ကုန်ထုတ်စွမ်းအား တိုးတက်ဖို့တွေ အားလုံးက ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ရဲ့ အခန်း ကဏ္ဍကနေ ပြောနိုင်တာက ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့ လိုအပ်ပါတယ်။ တစ်ဖက်ကလည်း ပုဂ္ဂလိက ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ဖြေလျှော့ပေးနေတာတွေ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် လုပ်ဆောင်ပေး နေပါတယ်။ အဲဒါအပြင် ကျွမ်းကျင်လုပ်သားတွေ ပိုမို ထွက်ပေါ်လာရေးအတွက်လည်း လိုအပ်ပါတယ်။ ဒါကလည်း အရေးကြီးဆုံးအချက်ပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာမယ်။ ကုန်ထုတ်စွမ်းအားမြင့်လာမယ်။ တိုင်းပြည် စီးပွားရေးကောင်းလာမယ်။

ကျွမ်းကျင်ကဏ္ဍဟာ အရေးကြီး

အလုပ်ရှင်တွေဘက်က ဆွေးနွေးသွားတာနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကတော့ သူ့ရဲ့လုပ်ငန်းတွေ၊ ကုန်ထုတ်စွမ်းအားတွေ တိုးတက်မယ်၊ စီးပွားရေး တိုးတက် မယ် အဲလိုဖြစ်ဖို့အတွက် အလုပ်သမားတွေကို လေ့ကျင့် ပေးနေရတာထက်စာရင် လုပ်ငန်းသဘောတရား နားလည် သိတတ်ပြီးသား အလုပ်သမားတွေ ပိုပြီးလိုအပ်တယ်။ အဲဒါမှ လုပ်ခလစာဖြစ်ဖြစ်၊ အခြားကုန်ကျစရိတ်အတွက် ဖြစ်ဖြစ်၊ လုပ်ငန်းလည်ပတ်ဖို့ဖြစ်ဖြစ် ပိုပြီးအဆင်ပြေ နိုင်မယ်။ ဒါကြောင့် ဒီကဏ္ဍမှာ ကုန်ထုတ်စွမ်းအားတွေ တိုးတက်ဖို့၊ စီးပွားရေးပိုကောင်းဖို့ ကျွမ်းကျင်ကဏ္ဍဟာ အရေးကြီးတယ်လို့ ဆွေးနွေးခဲ့ကြတာပါ။

အစီအစဉ်မှူး။ ။ ဆွေးနွေးခဲ့ကြပြီးတဲ့ အပေါ်မှာရောဘယ်လိုများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဝန်ကြီး ဦးဇော်အေးမောင်။ ။ ကိုထွန်းထွန်း ပြောသွားတာနဲ့ပတ်သက်ပြီး ကျွန်တော်က ဖြည့်စွက်ဆွေးနွေးလိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာ ဒီလိုအလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေက ဒီနေ့မှ စတင်ခဲ့တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ဖြစ်လာခဲ့တာပါ။ ဒါကိုဖြေရှင်းဖို့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီ ဥပဒေနဲ့အညီ စက်ရုံတိုင်းမှာ သူ့ရဲ့ အလုပ်သမား ဘယ်နှဦးဆိုရင် ဖျန်ဖြေညှိနှိုင်းရေးအဖွဲ့တွေ ဘယ်လိုဖွဲ့ရမလဲ ပါပါတယ်။ အမှန်က ပြဿနာဖြစ်လာရင် စားပွဲဝိုင်းမှာတင် ဖြေရှင်းလို့ရပါတယ်။ ဒီလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ မလိုအပ်သေးပါဘူး။ ဒါနဲ့အဆင်မပြေရင် မြို့နယ်ဖျန်ဖြေရေးအဖွဲ့တွေရှိတယ်။ အဲဒီမှာ မကျေနပ်ရင် ခုံသမာဓိကို တက်လို့ရတယ်။ ခုံသမာဓိကနေ ခုံသမာဓိ ကောင်စီရှိတယ်။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက် ကိုတော့ လိုက်နာရပါတယ်။

အားလုံးလေ့လာကြ

အလုပ်ရှင်ကရော၊ အလုပ်သမားကရော လိုက်နာရပါတယ်။ တစ်ဖက်မှာလည်း နစ်နာသူက တရားစွဲလို့ရပါတယ်။ ဒါ့အပြင် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ကို မကျေနပ်ရင် စာချွန်လွှာအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးကို တင်လို့ရပါတယ်။ တင်တဲ့အချိန်မှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီးသားတော့ ဖြစ်ရမယ်။ အဲဒီလိုမျိုး ဖြေရှင်းတဲ့နည်းလမ်းတွေကို ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်တာပါ။ ဒါကို အလုပ်ရှင်၊ အလုပ် သမားတွေ အားလုံးလေ့လာကြရပါမယ်။ နောက်တစ်ခုက EC  စာချုပ်ချုပ်ဆိုရပါမယ်။ အချို့ စက်ရုံတွေက EC စာချုပ်မချုပ်ကြဘူး။ အလုပ်သမားကလည်း ကြောက်တာရှိတယ်။ အလုပ်ရှင်ကလည်း ကြောက်တာရှိတယ်။ ပြဿနာလည်း တက်လာရော EC  စာချုပ်မရှိတဲ့အခါ ဖြေရှင်းရခက်ပါတယ်။ ဒါကြောင့် ပြောချင်တာက အလုပ်ရှင် အလုပ်သမားတွေအားလုံး ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေ့လာသင့်ပါတယ်။ အချို့အလုပ်ရှင်တွေက စက်ရုံမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းတာ မကြိုက်ဘူး။ အမှန်က အလုပ်သမား အဖွဲ့အစည်းဆိုတာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို တင်ပြဖို့ တောင်းဆိုဖို့အတွက် ဖွဲ့တာဖြစ်ပြီး တရားဝင်ဖွဲ့စည်းခွင့် ပေးရပါမယ်။ အချို့အလုပ်ရှင်တွေက မကြိုက်ကြတာမျိုး ကြုံဖူးပါတယ်။ Judge and Equality ဖြစ်ဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်ကလည်း နားလည်ဖို့လိုပါတယ်။ နိုင်ငံခြားသားအချို့အလုပ်ရှင်တွေက အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေဖွဲ့တာ မကြိုက်ကြဘူး။ ဖွဲ့ခွင့်ပေးရမယ်။ လုပ်ငန်းခွင် မပျက်စေဘဲ အထူးအခွင့်အရေး ပေးစရာမလိုတာလည်း သိရပါမယ်။

လူမှုဖူလုံရေးနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ ဒါတွေကို အားလုံးသိထားဖို့ လိုပါတယ်။ အလုပ်သမားတွေကိုလည်း အသိပညာပေးလိုတာက ကိုယ်တော်နေရင်၊ ကိုယ့်ရဲ့အရည်အသွေးကမြင့်နေရင် အလုပ်ရှင်က လခပိုပေးပြီးတောင် ကိုယ့်စက်ရုံမှာမြဲဖို့ အတွက် ကြိုးစားကြလိမ့်မှာမို့ မြှင့်တင်ကြပါ။ ဌာနကတော့ NSSA လက်မှတ်တွေ ထုတ်ဖို့ အစစ်ခံလို့ရတယ်။ ကျွမ်းကျင်မှုသင်တန်းတွေ တက်လို့ရတယ်။ အလုပ်ရှင်တွေ ကလည်း အလုပ်သမားတွေကို ကျွန်တော်တို့ဆီ လွှတ်လို့ ရတယ်။ သင်တန်းတက်လို့ရတယ်။ နောက်ပြီး CBT ဆိုတာ GIZ နဲ့ပေါင်းပြီး သင်တန်းတွေ ပေးနေပါတယ်။ တောင်ဒဂုံမှာရှိပါတယ်။ မကြာမီ ကျောက်ဖြူ SEZ လာ တော့မယ်။ အလုပ်သမားတွေ လိုအပ်လာမှာပါ။

စက်မှုဇုန်အသစ်

ရန်ကုန်တိုင်းဒေသကြီးမှာလည်း စက်မှုဇုန်အသစ်တွေ ဖော်ထုတ်တော့မယ်။ ကျွန်တော်တို့ဆီမှာက အလုပ်သမားသာများတာ။ ကျွမ်းကျင်အလုပ်သမားက နည်းတယ်။ ဒါကြောင့် သင်တန်းတွေ သင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ နိုင်ငံရော၊ အလုပ်ရှင်ရော၊ ကိုယ့်အတွက်ပါ အကျိုးရှိမှာပါ။ နောက်တစ်ခုက MIC ဥပဒေကို ပြင်ဆင်လိုက်ပါပြီ။ ဒါကြောင့် ဒေါ်လာ ငါးသန်းအောက်ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို ခွင့်ပြုနိုင်ခွင့်တွေ ပေးထား ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဆိုရင် MIC  ဥပဒေ ထွက်ပြီးနောက်ပိုင်း ကုမ္ပဏီ ၅၈ ခုကို ခွင့်ပြုပေးနိုင်ခဲ့တယ်။ အဲဒီမှာ အထည်ချုပ်လုပ်ငန်းတွေပါတယ်။ အလုပ်သမားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းတာဟာ အထည်ချုပ်လုပ်ငန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ အထည်ချုပ်လုပ်ငန်း ၃၇၇ ရုံ တိုးလာပါတယ်။ အလုပ်ရုံ ပိတ်သိမ်းတာရှိပေမယ့် တိုးလာတာတွေ အများကြီးပါ။ ဒါကြောင့် ကျွမ်းကျင်အထည်ချုပ်လုပ်သားတွေ အများကြီးလိုတယ်။ ဒါမှ စီးပွားလည်း အောင်မြင်မှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး အနာဂတ်အစီအမံတွေကိုလည်း ရှင်းပြပေးပါဦး။

ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်။ ။ကျွန်တော်တို့ နိုင်ငံမှာ ခေတ်စနစ်တွေ ပြောင်းနေပါပြီ။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဥပဒေ ပြင်တဲ့အပိုင်းမှာလည်း ဝန်ကြီးဌာနကနေ ကြီးကြပ် ဆောင်ရွက်နေပါတယ်။ ဂျပန်၊ ကိုရီးယားကနေ ပြန်လာတဲ့ အလုပ်သမားတွေ ကိုယ့်တိုင်းပြည် ပြန်ရောက်ရင် လုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်လုပ်သားများအဖြစ် လုပ်ကိုင်နိုင်မယ်ဆိုရင် အများကြီး အဆင်ပြေနိုင်ပါတယ်။ ပြည်ပအလုပ်အကိုင်နဲ့ပတ်သက်ပြီး ILO ၊ IOM စတဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ အစီအမံနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနတွေဖွင့်တာ ၁၃ ခုအထိ ရှိလာ ပါပြီ။ ဌာနတွေကနေ ဆွေးနွေးအကြံပေးတယ်။ ပူးပေါင်း ဆောင်ရွက်ပေးပါတယ်။ နယ်စပ်ဂိတ်တွေမှာလည်း ပြည်ပ ထွက်ခွာသူတွေအတွက် မှန်ကန်တဲ့ သတင်းအချက်အလက် တွေရရှိဖို့၊ ပွဲစားရန်က ကင်းလွတ်ဖို့၊ တရားဝင်လမ်းကြောင်း ကနေ ထွက်ခွာဖို့ ပညာပေးလုပ်ဆောင်နေပါတယ် ။

ပုံမှန်လွှဲပို့ငွေတွေ

အရေးကြီးတဲ့အချက်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပုံမှန်လွှဲပို့ငွေတွေကို တရားဝင် လမ်းကြောင်းကနေ ပို့ဆောင်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ဒါမှ မိသားစု အဆင်ပြေမှာဖြစ်သလို နိုင်ငံအတွက် GDP  တိုးတက်စေပါတယ်။ ဟွန်ဒီစနစ်နဲ့ လွှဲပို့မယ့်အစား ဘဏ်ကနေ တရားဝင် လွှဲအပ်တာဟာ များစွာလုံခြုံအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေကိုလည်း ခေတ်နဲ့အညီ ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များ ရေးဆွဲလျက်ရှိပါတယ်။ ဂျပန်နိုင်ငံကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အလုပ်သမားများ စေလွှတ်နိုင်ဖို့၊ ထိုင်းနိုင်ငံမှာ တရားဝင် ရေလုပ်သားများ စေလွှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

ဝန်ကြီး ဦီးဇော်အေးမောင်။ ။ အလုပုပ်သ်သမားတွေကွက ကျွန်တော့ကို မေးကြတာရှိတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဂျပန်အိုလံပစ်အတွက် အလုပ်သမားတွေ ခေါ်ယူနေတယ်။ ဝန်ကြီးဌာနတွေ အချင်းချင်းလည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကြားပါတယ်။ လူငယ်တွေကလည်း စိတ်ဝင်စားတဲ့အတွက် ရှင်းပြစေလိုပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်။ ။ ကျွန်တော်တို့အနေနဲ့ ဂျပန်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတာတော့ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ လိုအပ်တဲ့ လုပ်သားတွေကို တရားဝင် ပို့ဆောင်ပေးနိုင်ဖို့အတွက်ပါ။ ဒါပေမယ့် ဂျပန်နိုင်ငံကို သွားမယ်ဆိုရင် လုပ်သားက ကျွမ်းကျင်မှု အဆင့်တွေနဲ့ ဂျပန်ဘာသာစကားကို တတ်ကျွမ်းဖို့ဆိုတာတွေကိုတော့ ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ်။ ။

ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး