သတင်းဆောင်းပါး - ဒေါက်တာအောင်မြင့်ဦး

(ယမန်နေ့မှ အဆက်)

ရန်ကုန်တက္ကသိုလ်မှာ      လာရောက်လေ့လာကြတဲ့၊ လာရောက်ပညာဆည်းပူးကြတဲ့ ပထမခြေလှမ်းတွေအောင်မြင်ပြီးတဲ့နောက်မှာ မြန်မာစာ၊ မြန်မာမှု လေ့လာ သင်ယူမှုကို  အကြောင်းပြုပြီး   နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့  တက္ကသိုလ်တွေ   တိုးပွားလာခဲ့ပါ တယ်။ ဂျပန်နိုင်ငံ  တိုကျိုမြို့အခြေစိုက်  ကိုကူရှီကန် တက္ကသိုလ် (Kokushikan Universty) နဲ့    ရန်ကုန် တက္ကသိုလ်တို့ဟာ ၂၇-၂-၂ဝ၁၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ကြပါတယ်။   လက်မှတ်ရေးထိုးပြီးနောက် ကိုကူရှီကန်တက္ကသိုလ်က မြန်မာဘာသာသင် ကျောင်းသား ကျောင်းသူ ငါးဦးဟာ  ၂ဝ၁၅ ခုနှစ် ဩဂုတ်လအတွင်းမှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ သုံးပတ်ကြာ မြန်မာ ဘာသာ အနီးကပ်ကြီးကြပ်သင်တန်း  တက်ရောက်ဖို့ ရောက်ရှိလာပါတယ်။  သူတို့နဲ့အတူ   တိုကျိုနိုင်ငံခြား ပညာရပ်များလေ့လာမှုတက္ကသိုလ် ဂျပန်ကျောင်းသား ကျောင်းသူ ၁ဝ ဦးကလည်း ဒုတိယအကြိမ် ရောက်ရှိ လာပါတယ်။

မြန်မာဘာသာ အနီးကပ် ကြီးကြပ်သင်တန်းတက်ရောက်

ထိုင်းနိုင်ငံ   ချင်းမိုင်မြို့အခြေစိုက်     ချင်းမိုင် တက္ကသိုလ် (Chiang Mai University) ကတော့ ၄-၄-၂ဝ၁၅ မှာ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာပဲ နားလည်မှု စာချွန်လွှာ   လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီးနောက်        ချင်းမိုင် တက္ကသိုလ်က   မြန်မာဘာသာသင်   ကျောင်းသား ကျောင်းသူ ကိုးဦးဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန မှာ နှစ်လကြာ   မြန်မာဘာသာ  အနီးကပ်ကြီးကြပ် သင်တန်း   တက်ရောက်ဖို့   လာရောက်ခဲ့ကြပါတယ်။ ဒီအစီအစဉ်နဲ့ နှစ်စဉ် လာရောက်ခဲ့ကြပါတယ်။ 

ကိုရီးယားကျောင်းသား ကျောင်းသူ ၁၅ ဦး သင်တန်းတက်ရောက်

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့အခြေစိုက် ဘူဆန် နိုင်ငံခြားပညာရပ်များ လေ့လာမှုတက္ကသိုလ် (Busan University of Foreign Studies) နဲ့ ရန်ကုန်တက္ကသိုလ် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း ၂ဝ၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုရီးယား ကျောင်းသားကျောင်းသူ ၁၅ ဦးတို့ဟာ ဂျပန်ကျောင်းသား တွေလိုပဲ မြန်မာစာဌာနမှာ သုံးပတ်ကြာအနီးကပ်ကြီးကြပ် သင်တန်း တက်ရောက်ဖို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ ကြပါတယ်။ ၂၇-၅-၂ဝ၁၅ ရက်နေ့မှာ ပါမောက္ခချုပ် ဒေါက်တာ အောင်သူ ခေါင်းဆောင်တဲ့အဖွဲ့ဟာ  ဘူဆန်နိုင်ငံ ခြားပညာရပ်များလေ့လာမှု တက္ကသိုလ်ကို သွားရောက်ပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက် မှတ်ရေးထိုးပြီးနောက် ဘူဆန်ဘာသာရပ်များ လေ့လာရေး တက္ကသိုလ်က မြန်မာဘာသာသင် ကျောင်းသား ကျောင်းသူ တွေဟာ မြန်မာစာဌာနမှာ   မြန်မာဘာသာ အနီးကပ် ကြီးကြပ်သင်တန်းနဲ့     ၃ + ၁  တစ်နှစ်သင်တန်း တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်ကို  နှစ်စဉ်ရောက် ရှိလို့လာခဲ့ပါတယ်။ 

ဂျပန်ကျောင်းသား ကျောင်းသူ ၁၅ ဦး သင်တန်းတက်ရောက်

ဂျပန်နိုင်ငံ   အိုဆာကာမြို့အခြေစိုက်  အိုဆာကာ တက္ကသိုလ် (Osaka University) ကလည်း   ရန်ကုန် တက္ကသိုလ်ကို လာရောက်ပြီး ၁၈-၆-၂ဝ၁၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးပြီးနောက် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှာ အိုဆာကာတက္ကသိုလ်က မြန်မာဘာသာသင် ဂျပန်ကျောင်းသား ကျောင်းသူ ၁၅ ဦးဟာ     ရန်ကုန်တက္ကသိုလ်   မြန်မာစာဌာနမှာ သုံးပတ်ကြာ မြန်မာဘာသာအနီးကပ်ကြီးကြပ်သင်တန်း ကို တက်ရောက်ခဲ့ကြပါတယ်။    အဲဒီနောက်မှာတော့ မြန်မာဘာသာ    အနီးကပ်ကြီးကြပ်သင်တန်းနဲ့ ၃+၁ တစ်နှစ်သင်တန်း တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်ကို နှစ်စဉ်လာရောက်ခဲ့ကြပါတယ်။  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ       ကူမင်းမြို့အခြေစိုက် ယူနန်မင်ဇုတက္ကသိုလ် (Yunnan Minzu University) နဲ့ ရန်ကုန်တက္ကသိုလ်တို့ဟာ ၃-၇-၂ဝ၁၅ ရက်နေ့ ရန်ကုန် တက္ကသိုလ်ဝိဇ္ဇာခန်းမမှာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။    အဲဒီနောက်မှာ     ယူနန်မင်ဇု တက္ကသိုလ်က မြန်မာဘာသာသင် တရုတ်ကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ၃+၁  အစီအစဉ်နဲ့    နှစ်စဉ်လာရောက်သင်ယူလျက် ရှိပါတယ်။  ပေကျင်းမြို့အခြေစိုက်   ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် (Beijing Foreign Studies University) ကလည်း       ၂ဝ၁၅ ခုနှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ်နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု    စတင်ခဲ့ပါတယ်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့   အစီအစဉ်ကတော့  ၃၁/၂+၁/၂ အစီအစဉ်နဲ့ နှစ်နှစ်တစ်ကြိမ် စေလွှတ်တာဖြစ်ပါတယ်။ ၃၁/၂+၁/၂ အစီအစဉ်ဟာ   သူတို့ တက္ကသိုလ်မှာ   ပညာသင်နှစ် သုံးနှစ်ခွဲသင်ယူပြီး    နိုင်ငံရပ်ခြားမှာ ပညာသင်နှစ် တစ်ဝက်သွားရောက်သင်ယူတဲ့ အစီအစဉ် ဖြစ်ပါတယ်။  

မြန်မာစာဌာနနဲ့ ပူးပေါင်းဆောင်ရွက်

ရန်ကုန်တက္ကသိုလ်   ပါမောက္ခချုပ်  ဒေါက်တာ ဖိုးကောင်း   ခေါင်းဆောင်တဲ့အဖွဲ့ဟာ  ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ကွမ်ကျိုး မြို့ကိုသွားရောက်ပြီး     ၂ဝ-၁-၂ဝ၁၆ ရက်နေ့မှာ ကွမ်ကျိုးမြို့အခြေစိုက် ကွမ်တုံးနိုင်ငံရပ်ခြားလေ့လာမှု တက္ကသိုလ် (Guangdong University of Foreign Studies)နဲ့ ရန်ကုန်တက္ကသိုလ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။   အလားတူပဲ    ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ မေလ အတွင်း ယူနန်ပြည်နယ်      ပေါင်ရှန်းမြို့အခြေစိုက် ပေါင်ရှန်းတက္ကသိုလ်      (Baoshan University) ကို သွားရောက်ခဲ့ပြီး   ၁၆-၅-၂ဝ၁၆    ရက်နေ့မှာ     အဲဒီ တက္ကသိုလ်နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။  အဲဒီတက္ကသိုလ်တွေနဲ့      နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက  အခြားတက္ကသိုလ်တွေလိုပဲ    မြန်မာစာဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေစတင်ပြီး       ကျောင်းသား ကျောင်းသူတွေ နှစ်စဉ် ရောက်ရှိလာခဲ့ပါတယ်။ 
ဖော်ပြခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့      နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားတဲ့    တက္ကသိုလ်တွေ သာမက  ရန်ကုန်တက္ကသိုလ်နဲ့   နားလည်မှုစာချွန်လွှာ   လက်မှတ် မရေးထိုးရသေးပေမယ့် ပူးပေါင်းဆောင်ရွက်လိုတဲ့     အခြားတက္ကသိုလ်တွေနဲ့လည်း     ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။  အဲဒီတက္ကသိုလ်တွေကတော့   အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း   အီလီနွိုက်တက္ကသိုလ်၊  ပေကျင်း တက္ကသိုလ်၊  တဲဟုန်တက္ကသိုလ်၊   ယူနန်ဥပဒေဆိုင်ရာ ရဲတက္ကသိုလ် အစရှိတဲ့ တက္ကသိုလ်တွေပဲ ဖြစ်ပါတယ်။
နိုင်ငံတကာတက္ကသိုလ်က      ကျောင်းတော်သား ကျောင်းတော်သူတွေဟာ    ရန်ကုန်တက္ကသိုလ်    မြန်မာစာ ဌာနမှာ    လေ့လာသင်ယူမှု    အစီအစဉ်အမျိုးမျိုးနဲ့  နှစ်စဉ် လာရောက်လေ့လာဆည်းပူးနေခဲ့ကြတာ   ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်     မြန်မာစာဌာနအနေနဲ့   ပူးပေါင်း ဆောင်ရွက်တဲ့   တက္ကသိုလ်တွေရဲ့    ပညာရပ်ဆိုင်ရာ လိုအပ်ချက်၊ လာရောက်နိုင်မယ့်အချိန် ကာလအပိုင်းအခြား၊ လေ့လာလိုတဲ့နယ်ပယ်တွေအပေါ်မူတည်ပြီး   လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းတွေ၊ လေ့လာမှု အစီအစဉ်တွေကို ရေးဆွဲ ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ မြန်မာဘာသာစကား၊ မြန်မာစာသာမက မြန်မာ့ယဉ်ကျေးမှုတွေဖြစ်တဲ့ မြန်မာ့ ဂီတ၊ မြန်မာ့အက၊ မြန်မာ့အစားအစာ စတဲ့လက်တွေ့ကျတဲ့ မြန်မာမှုသင်ရိုးတွေပါ ပေါင်းစပ်ပြီး မြန်မာစာဌာနက ဆရာ ဆရာမတွေက      စနစ်တကျလေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင်  အချို့သင်ကြားရေးအစီအစဉ်တွေမှာ မြန်မာ့ရေးရာနဲ့ပတ်သက်ပြီး  ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနပညာဌာန၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မနုဿဗေဒဌာနက ဆရာဆရာမ တွေကလည်း ဝိုင်းဝန်းအားဖြည့် ကူညီသင်ကြားပေးကြ ပါတယ်။

ပူးပေါင်းပါဝင်မှုကို မြင်တွေ့ရ

နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေဟာ သူတို့ ရောက်ရှိနေချိန်မှာ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အဆောင်တွေမှာပဲ မြန်မာကျောင်းသား ကျောင်းသူတွေနဲ့အတူ  ရင်းနှီးချစ်ခင်စွာ  နေထိုင်ကြပါ တယ်။   အစောပိုင်းကာလတွေမှာ   သူတို့နေထိုင်ကြတဲ့ အဆောင်တွေကတော့ ကျောင်းသူတွေက အင်းလျားဆောင်၊ သီရိဆောင်တွေမှာဖြစ်ပြီး    ကျောင်းသားတွေကတော့ ပင်းယဆောင်၊ ပဲခူးဆောင်တွေမှာ ဖြစ်ပါတယ်။ 

နောက်ပိုင်း ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းသားဆောင် အသစ် ဆောက်လုပ်ပြီးစီးချိန်မှာတော့ ကေတုမတီဆောင်မှာ နေထိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာ ကျောင်းသား ကျောင်းသူ တွေဟာ သူတို့ရောက်ရှိစဉ်ကာလမှာ  ပညာသင်ယူတာ တစ်မျိုးတည်း မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်ရဲ့ လှုပ်ရှား မှုအမျိုးမျိုးမှာ   တက်တက်ကြွကြွ   ပါဝင်ခဲ့ကြပါတယ်။ အားကစားပြိုင်ပွဲတွေ၊ အဆောင်လှုပ်ရှားမှုတွေ၊ ဟောပြော ဆွေးနွေးပွဲတွေ၊ ယဉ်ကျေးမှုဖလှယ်ပွဲတွေ စတာတွေမှာ ဒီကျောင်းသားကျောင်းသူတွေရဲ့  ပူးပေါင်းပါဝင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

ရင်းနှီးချစ်ကြည်မှုတွေ ပိုမိုရရှိလာစေမှာဖြစ်

နိုင်ငံတကာက ကျောင်းသား ကျောင်းသူတွေ ရန်ကုန် တက္ကသိုလ်ကို  ပညာသင်လာရောက်ခြင်းဟာ   ရန်ကုန် တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို  ပိုမိုမြင့်မား လာစေပါတယ်။ ဒီကျောင်းသားတွေဟာ မြန်မာကျောင်းသား တွေနဲ့ လက်ပွန်းတတီး  အတူတကွနေထိုင်ပြီး  ပညာရှာမှီး ကြတာဖြစ်လို့  နှစ်ဦးနှစ်ဖက် ကျောင်းသားတွေအတွက် အတွေ့အကြုံသစ်တွေ တိုးပွားစေပါတယ်။ နိုင်ငံခြားပညာ သင်တွေကို   မြင်တွေ့ရတဲ့အတွက်   ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအနေနဲ့ သင်ကြားသင်ယူ လိုစိတ်ကို နိုးကြားတက်ကြွလာစေပါတယ်။ နိုင်ငံရပ်ခြား ကျောင်းသား ကျောင်းသူတွေဟာ   သတ်မှတ်ထားတဲ့ ကျောင်းလခ၊ အဆောင်လခတွေကို ပေးသွင်းရတာဖြစ်လို့ နိုင်ငံတော်အတွက် ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက    တိုးပွားစေပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊    လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊  တက္ကသိုလ်တစ်ခုနဲ့တစ်ခုတို့ အကြား အပြန်အလှန် နားလည်မှုတွေ၊ ရင်းနှီးချစ်ကြည်မှု တွေ ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။

အခြားအခြားသော ဘာသာရပ်ဌာနအသီးသီးမှာ လည်း နိုင်ငံခြားပညာသင်တွေ ရှိပါသေးတယ်။ ရာပြည့် ကာလမှာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်း တွေ တဖြည်းဖြည်း အရှိန်အဟုန်မြင့်မားအောင်မြင်လာ တာနဲ့အတူ ပညာရပ်တွေပိုမိုဖွံ့ဖြိုးလာပြီး တက္ကသိုလ်ရဲ့ အဆင့် ပိုမိုမြင့်မားလာတာနဲ့အမျှ  ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာ   ကျောင်းတော်သားတွေ မျက်စိကျတဲ့ တက္ကသိုလ်တစ်ခုဖြစ်လာမှာ   မလွဲဧကန်ဖြစ်ပါတယ်။  မကြာမီကာလမှာ ရန်ကုန်တက္ကသိုလ်ကြီးဟာ  သားရွှေအိုး ထမ်းမယ့်တက္ကသိုလ်တစ်ခုအဖြစ်   ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ လတ်တလောကျရောက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ချုပ်ငြိမ်းသွားမယ့် ရန်ကုန်တက္ကသိုလ် ရာပြည့် အလွန်ကာလမှာ နိုင်ငံရပ်ခြားက ပညာလာရောက်ဆည်း ပူးကြတဲ့   ကျောင်းတော်သားတွေနဲ့    ပိုမိုစည်ကား သိုက်မြိုက်နေမယ့် အမိတက္ကသိုလ်ကြီးကို မြင်ယောင်ရင်း ကြည်နူးပီတိဖြစ်နေမိပါတော့တယ်။        ။