နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ တစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်၊ မေ ၅

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက မည်သို့သောအခြေအနေကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ်  အလေးအနက် တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့  အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံမှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရမှုနှင့် စပ်လျဉ်း၍ မခင်မျိုးမျိုးဦး က “သမီးကဒလမြို့နယ်ကပါ။ မြန်မာအေးဂျင့်နဲ့ ဆက်သွယ်ပြီး ဒူဘိုင်းကိုရောက်သွားတယ်။ ဒူဘိုင်း မှာရက် ၂၀ လောက်နေပြီး ဆော်ဒီအာရေဗျမှာ အလုပ်ရှိတယ်ဆိုပြီး ရောက်သွားတာပါ။ အလုပ်ရှင်ရဲ့အိမ်မှာ တစ်နေ့ကိုငါးနာရီနီးပါးပဲ အိပ်ပြီးအလုပ်လုပ်ရတယ်။ အခက်အခဲဆုံး အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဓာတ်လိုက်ပြီး လဲကျသွားတယ်။ လက်ကိုကွေးလို့ မရတော့ဘူး၊ မြန်မာသံရုံးက ကုသပေးလို့ကောင်းသွားတာပါ။ လုပ်ခလစာတော့ပေးတယ်။ အခက်အခဲကြုံရချိန်မှာ မြန်မာသံရုံးမှာ မြန်မာတစ်ဦးတော့ရှိမှာပဲဆိုပြီး အားကိုးတဲ့စိတ်နဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သံမှူးကြီးကထွက်ခေါ်တော့ အတိုင်းမသိဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တယ်။ အစစအရာရာအားလုံးကို သံရုံးကမိဘသဖွယ် ကူညီတဲ့အတွက် ဘယ်လို ကျေးဇူးဆပ်ရမှန်းမသိပါဘူး။ ပြီးတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခုနဲ့ ကျေးဇူးမကျေဘူးဆိုတာ သမီးနားလည်ပါတယ်။ သံရုံးကို ဝင်လိုက်တာနဲ့အမိနိုင်ငံကို ရောက်သလို ခံစားခဲ့ရပါတယ်။ အခုလိုသားသမီးတစ်ယောက်လို ကူညီကယ်တင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ များ၊ သံမှူးကြီးနဲ့ဝန်ထမ်းအားလုံးကို လက်ဆယ်ဖြာမိုးပြီးဦးခိုက်ပါတယ်။ ကျေးဇူးအထူး တင်ပါတယ်” ဟု ကြုံခဲ့ရမှုတို့ကို ပြောကြားသည်။

ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ နိုင်ငံသူတစ်ဦး ဒုက္ခကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှုများအတွက် အလုပ်သမားများနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက် ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး