နေပြည်တော်  ဇူလိုင်  ၃၁

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစား သမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့်  ဝါသနာရှင်ပြည်သူများ  တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ယနေ့တွင် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်  ရှမ်းပြည်နယ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် အမျိုးသမီး  အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရှမ်း ပြည်နယ်အသင်းက မမေကြူအောင်နှင့် အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရရှိသည့် မဇွန်သဲဦးတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ အောင်ကျော်မင်းက အမျိုး သမီးပြိုင်ပွဲ တွင် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်က အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်းကို တံခွန်စိုက်ဆုဖလား  ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားအကောင်းဆုံး ဂိုးသမားဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းက မောင်စိုးမြတ်ထွေးနှင့် အမျိုးသားအကောင်းဆုံး အားကစားသမား ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်စည်သူ အောင်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရွှေကြိမ်းက အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် တတိယ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒေါက်တာ မှုထန်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဦးမောင်ကိုက အမျိုးသားဖူဆယ် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးဝဏ္ဏမောင်လွင်က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့်သည်။

 

၂၀၂၃  ခုနှစ် ပြည်နယ်နှင့်  တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း အားကစားသမား စုစုပေါင်း ၃၅၀ ဖြင့် ဇူလိုင် ၂၄ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။             

သတင်းစဉ်