နေပြည်တော်    ဧပြီ    ၂၀

 

ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင်   ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် “ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူသော   မှတ်တမ်းအရ  သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ ထူးခြားသောဖြစ်တော် စဉ် ၄ ရပ်ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့ နှင့်   ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့တို့ဖြစ်သည့် အတွက် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏  အမြတ်ဆုံးနေ့အဖြစ်  မှတ်ယူ ကြကြောင်း။

 

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့ တွင် မဟာဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတရွှေဉာဏ် တော်ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်း အာရုံပြု၍ ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီ ပွဲတော်များအနက် “ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေ သွန်းပွဲတော်” ကို အစဉ်အလာအရ ကျင်းပ သည့် ရိုးရာပွဲတော်အဖြစ် သတ်မှတ်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း။

 

မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူတကွ   ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့်  ဖွားဖက်တော်  ခုနစ်ပါးတွင်  တစ်ပါးအပါအဝင်ဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်  များစွာအထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီ ထိုက်သော စေတီတော်တစ်ဆူလည်း ဖြစ်ကြောင်း၊  မြေဓာတ်တွင် ရေခန်းသည့်  ကဆုန်လကဲ့သို့သော နွေကာလတွင်    မဟာဗောဓိပင်များကို   ကဆုန်ညောင်ရေသွန်းလောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော် ထင်ရှားရှိသော ဘုရားရှင်အား  ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြော သော နိုင်ငံအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုလည်း နှလုံးစိတ်ဝမ်း အေးချမ်းစေလျက် တူညီသော  အကျိုးတရားများကို   ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ မည့် ကဆုန်လပြည့်နေ့သည်  ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က  ၁၉၉၉  ခုနှစ်၊  ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာဝိသာခါ အခါတော်နေ့  (International   Vesak   day  or Viskha day)ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း။

 

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ   အခမ်းအနားကျင်းပခြင်းကို ယခင်က နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီ တော်ဂေါပကအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်   (၁၃)  ကြိမ်မြောက်မှစ၍  နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့သည် မှာ ၃ နှစ်မြောက်ရှိပြီဖြစ်ကြောင်း။ 

 

ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊   ဥပ္ပါတသန္တိစေတီတော်   ပရိဝုဏ် အတွင်း၌     ဗုဒ္ဓနေ့ဆိုင်ရာ  အခမ်းအနားဖြစ်သည့်  “ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်  သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပခြင်း၊   ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပ ခြင်း”စသည့်အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပ သွားမည်ဖြစ်ကြောင်း။

 

မဟာဗောဓိပင်တော်များကို  ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့်အတူ ဗုဒ္ဓနေ့ဆိုင်ရာ အခမ်း အနားများကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲ့နှင့်   ဦးစီးကော်မတီဖွဲ့စည်းမိန့်ကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဧပြီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၈၉/၂၀၂၃ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ ဦးစီးကော်မတီဖြစ်သည့် သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်  လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၈  ရက်က လုပ်ငန်းကော်မတီနှင့်အတူ ဆပ်ကော်မတီ ၁၃ ခုဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ  ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။

 

ဗုဒ္ဓနေ့အထိမ်းအမှတ်   စာတမ်းဖတ်ပွဲအခမ်းအနားတွင်    မြတ်စွာဘုရားရှင်၏   ထူးခြားသည့် ဖြစ်တော်စဉ် ၄ ရပ်ကို စာတမ်းများပြုစုဖတ်ကြားမည့် စာတမ်းရှင်ဆရာတော်  ၄ ပါး ရွေးချယ်ပေးနိုင်ရေး အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်   သီတဂူဆရာတော်ကြီးနှင့် ဗုဒ္ဓတက္ကသိုလ် ၃ ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီးများကို   လျှောက်ထားပြီးဖြစ်ကြောင်း၊  ထို့အတူ ပါမောက္ခချုပ် ဆရာတော် ၃ ပါးက သဘာပတိအဖွဲ့အဖြစ် ဆောင်ရွက်ပေးနိုင်ရေးကိုလည်း လျှောက်ထားပြီးဖြစ်သည်ကို သိရကြောင်း။

 

ဆီမီးတိုင်များ  ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲကိုလည်း နိုင်ငံတော်အဆင့်နှင့်အညီ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက် လိုအပ်သည့် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀ဝ၀  ရရှိရေးကိုလည်း   စီစဉ်လျာထားပြီးဖြစ်ကြောင်း၊ လိုအပ်သည့် မော်တော်ယာဉ်အရေအတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပြီး   ဖြစ်သည့်အတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

သတ်မှတ်ထားသည့် စစ်ကြောင်းအလိုက် လှည့်လည်ပူဇော်မည့် သရုပ်ပြမော်တော်ယာဉ်များကို တာဝန်ယူ ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်အဆင့်နှင့်အညီ သပ္ပာယ်ကြည်ညို ဖွယ်ဖြစ်အောင် ပြင်ဆင်ကြရန်လိုအပ်ပြီး နိုင်ငံပိုင် Media  များမှ   တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည့်အတွက်   ပိဋကတ်စာပေနှင့်  ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း။

 

ယခုကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားများကို အပိုင်း ၅ ပိုင်းခွဲ ကျင်းပသွားမည်ဖြစ်သည့်အတွက်  ကျင်းပမည့်နေရာများနှင့်   ဆက်စပ်နေရာများကို လုံခြုံရေးအရ အခမ်းအနားကျင်းပပြီးဆုံးသည်အထိ လွှမ်းခြုံနိုင်အောင် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် ကိုဗစ်- ၁၉   ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ   ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊    ဆွေးနွေးအကြံပြု တင်ပြလိုသည်များကို    ပွင့်လင်းစွာ ရှင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့်  ဗုဒ္ဓနေ့ဆိုင်ရာ  အခမ်းအနားများ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်း က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့်အတူ    ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားများ  ကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဆီမီးတိုင်များ  ကိုင်ဆောင်လှည့်လည် ပူဇော်ရေးဆပ်ကော်မတီ၊ ဓမ္မသဘင် ဆင်ယင် ကျင်းပရေးဆပ်ကော်မတီ၊   ဘဏ္ဍာရေးဆပ်ကော်မတီ၊ စာတမ်းဖတ်ပွဲကျင်းပရေး ဆပ်ကော်မတီ၊  ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ      အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ၊  ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သရုပ်ပြ မော်တော်ယာဉ်များပြုလုပ်ရေး ဆပ်ကော်မတီ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ    ကျင်းပရေးနှင့် မဏ္ဍပ်များ ဆောက်လုပ်ရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာ ရေးဆပ်ကော်မတီနှင့်   လုံခြုံရေးဆပ်ကော်မတီ တာဝန်ရှိသူများက ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့်   ဆက်လက်ဆောင်ရွက်မည့်  အစီအမံများကို သက်ဆိုင်ရာ   ကဏ္ဍများအလိုက်    ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက  ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကျင်းပရေး နာယက အဖွဲ့ဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို  ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်