နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကန်ကြီးထောင့်မြို့၌ ကျင်းပသည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား တက်ရောက်

ပုသိမ် မတ် ၂

(၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တောင်သူလယ်သမားနေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ပညာအလင်္ကာ တေးဂီတအဖွဲ့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် မိုးစပါး၊ နွေစပါး၊ နေကြာ၊ မြေပဲသီးနှံစိုက် ထူးချွန်တောင်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ မိုးနှမ်း၊ မတ်ပဲ၊ ပဲတီစိမ်းစိုက် ထူးချွန်တောင်သူများနှင့် နေကြာ ၁၀ ဧက မြို့နယ် ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ပီလောပီနံ၊ ရော်ဘာ၊ စပါးမျိုးစေ့ထုတ် ထူးချွန်တောင်သူများနှင့် အသားတိုးဝက်မွေးမြူ ထုတ်လုပ်မှုဆုရရှိသူများအား တိုင်းမှူးကလည်းကောင်း၊ ပျားလိမ္မော်၊ သီဟိုဠ်သီးနှံစိုက် ထူးချွန်တောင်သူများနှင့် ဥစားဘဲ မွေးမြူထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများအား ဒုတိယဝန်ကြီးကလည်းကောင်း၊ နေကြာသီးညှပ်၊ ကျွဲကောသီးနှံ၊ ဒေသနွားမွေးမြူ ထုတ်လုပ်မှု၊ ကော်ဖီ၊ ငှက်ပျော၊ မင်းဂွတ်၊ ဆေးရွက်ကြီး၊ စပါးသီးနှံ (ပေါ်ဆန်းဘေကြား-သဘာဝမြေဩဇာသုံး)၊ ငရုတ်ကောင်း၊ နာနတ်၊ နို့စားနွား မွေးမြူထုတ်လုပ်မှု၊ ကွမ်းသီး၊ ဟင်းသီးဟင်းရွက်၊ ကဏန်းပျော့ မွေးမြူထုတ်လုပ်မှုနှင့် အုန်းချိုမွှေးသီးနှံစိုက်ထူးချွန်တောင်သူများအား တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်သူများထံ လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် တောင်သူများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး ပညာအလင်္ကာ တေးဂီတအဖွဲ့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် (၆၂) နှစ်မြောက် တောင်သူလယ်သမား နေ့အခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား ကောက်စိုက်စက်နှင့် ဆယ်တန်းသွား မျိုးစေ့ချစက်တို့ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းများ စိုက်ပျိုးပြသထားရှိပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ ပြခန်းများတွင် ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်အလိုက်ပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြခန်းများ၊ သွင်းအားစုလုပ်ငန်း ပြခန်းများ၊ မျိုးစေ့ထုတ်ကုန်ပြခန်းများ၊ ငါးထုတ်ကုန်ပြခန်းများ၊ အုန်းအခြေခံထုတ်ကုန်ပြခန်းများ၊ အစာတောင့်ထုတ်ကုန်ပြခန်းများဖြင့် ပြခန်းပေါင်း ၃၉ ခန်း ဖွင့်လှစ်ပြသထားရှိကာ ပြခန်းများနှင့် ဆွေးနွေးပွဲများကို မတ် ၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆုရတောင်သူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးပွဲ Real Live Show ပြသမှုများကို တက်ရောက်အားပေးကြပြီး စပါးစိုက်ပျိုး ထုတ်လုပ်သူတောင်သူ ဦးတင်အောင်သန်းက စပါးစိုက်ပျိုးရေးအတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် မြေပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူ၊ မွေးမြူရေးတောင်သူ၊ စပါး-ပဲ-နေကြာ/ စပါး-ပဲ-နှမ်း သုံးသီး စိုက်ပျိုးသည့် တောင်သူနှင့် နေကြာစံပြစိုက်ခင်း ၁၀ ဧက အကောင်းဆုံးဆုရရှိသည့် သာပေါင်းမြို့နယ်တို့မှ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံ ရှင်းလင်းဆွေးနွေးမှုများအပေါ် တက်ရောက်လာသည့် ဧည့်သည်တော်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပုသိမ်ခရိုင် သာပေါင်းမြို့နယ် သဲဖြူကျေးရွာအုပ်စု သန်လျက်စွန်းကျေးရွာရှိ လယ်မြေ ၁၀ ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ (SuperSun-41) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုအားပေးပြီးနေကြာစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်ပါဆောင်ရွက်စေရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ နေကြာ ပွင့်အရွယ်အစားများ စနစ်တကျ မှတ်တမ်းထားရှိ ဆောင်ရွက်စေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်