နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝဏ္ဏမောင်လွင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ကိုကူးပြောင်းတဲ့ နေ့ရက်အခါသမယမှာ တိုင်းရင်းသား၊ မိဘပြည်သူလူထု၊ ရဟန်းရှင်လူအားလုံးတို့ကို နှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ မြန်မာ့သမိုင်းအစဉ်အလာ၊ ဗုဒ္ဓသာသနာရဲ့ သမိုင်းအစဉ်အလာအရ နှစ်သစ်ကူးအခါသမယဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ အထူးအရေးကြီးတဲ့အခါသမယ၊ အထူးအလေးထားရတဲ့ အခါသမယလည်းဖြစ်ပါတယ်။

နှစ်သစ်ကူး အတာသင်္ကြန်ဆိုတာ ဗုဒ္ဓဘာသာဝင်များဟာ နှစ်ဟောင်းကပြုခဲ့တဲ့ အပြစ်တွေကို သန့်စင်သော သီတာရေစင်နဲ့ စင်ကြယ်အောင် ဆေးကြောကြပြီးတဲ့အခါမှာ နှစ်သစ်ကို ကြိုဆိုကြတဲ့ အစဉ်အလာတစ်ရပ်ဖြစ်ပါတယ်။ နှစ်ဟောင်းမှာ အနန္တော အနန္တငါးပါးအပါအဝင် ပြစ်မှားကျူးလွန်ခဲ့မိတဲ့ မိဘ၊ ဆရာသမားများ၊ ကျေးဇူးရှင်များအပေါ်မှာ ရှိခဲ့တဲ့အပြစ်တွေကို ဆေးကြောသုတ်သင်တယ်။ မိမိတို့ လူသားအချင်းချင်း တစ်ဦးနဲ့တစ်ဦးအပေါ်မှာ ပြုမူကျင့်ကြံခဲ့တဲ့ မှားယွင်းသောလုပ်ရပ်များ၊ ကျူးလွန်မိတဲ့လုပ်ရပ်များကို တောင်းပန်ဝန်ချအပြစ်တွေကို ဆေးကြောတဲ့အခါသမယလည်း ဖြစ်ပါတယ်။

ဒီလိုကောင်းမြတ်တဲ့ အစဉ်အလာတွေနဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အခါမှာ၊ နှစ်သစ်ကို ရင်ဆိုင်ကြတဲ့အခါမှာ ကောင်းမြတ်သော စိတ်ရင်းစေတနာ၊ ကောင်းမြတ်သော စိတ်ထားတွေနဲ့ အပြုသဘောဆောင်သော ကိုယ်ကျင့်တရားများနဲ့ ကျင့်ကြံအားထုတ်မှုများနဲ့ နှစ်သစ်မှာ ရှင်သန်သွားကြဖို့ကို ရည်သန်တဲ့ အခါသမယ သင်္ကြန်ပွဲတော်လည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး၊ ရဟန်းရှင်လူ၊ ပြည်သူလူထုအားလုံးကနေပြီးတော့ ဒီအစဉ်အလာကို လိုက်နာပြီးတော့ နှစ်သစ်ကို ကြိုဆိုကြတာဖြစ်ပါတယ်။

ဒီနေရာမှာ မြန်မာပြည်သူလူထု တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့ မိမိတို့ နှစ်ဟောင်းက ပြုမူခဲ့တဲ့ အပြုအမူအကျင့်အကြံတွေကို ပြန်လည်ဆင်ခြင်သုံးသပ်သင်ခန်းစာတွေကို ဖော်ထုတ်ပြီး ရှေ့နှစ်မှာ ဒီထက်ဒီထက် ပိုမိုကောင်းမွန်အောင် ပြုမူကျင့်ကြံ ကြိုးစားအားထုတ်သွားကြဖို့ဖြစ်ပါတယ်။ မနှစ်က မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်သုံးသပ်တဲ့အခါမှာ တွေ့ရှိခဲ့ရတဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ မှားယွင်းခဲ့တဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ဘယ်လိုပြုပြင်ခဲ့သလဲ၊ ဒီလိုပြုပြင်တဲ့အခါမှာ မိမိရည်မှန်းတဲ့အတိုင်းပဲ ပြည့်မီခဲ့သလား၊ မပြည့်မီသေးရင် အခုလာမယ့် နှစ်သစ်မှာ ဆက်လက်ပြီးတော့ ပြည့်မီအောင် ကြိုးစားသွားကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်တွေ ချမှတ်သွားဖို့ပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုး မြန်မာနိုင်ငံသားအားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်း မိမိကိုယ်ကို ဆန်းစစ်ခြင်း၊ မိမိရဲ့မိသားစုကို ဆန်းစစ်ခြင်းနဲ့ မိမိရဲ့အဖွဲ့အစည်းကို ဆန်းစစ်ပြီးတော့ ရှေ့လာမယ့်နှစ်မှာ ဒီထက် ဒီထက်ပိုမိုတိုးတက်ကောင်းမွန် အောင်မြင်အောင် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ မိမိတိုင်းပြည် နိုင်ငံ အတွက် မိမိတို့လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် ဒီထက်ဒီထက်ပိုပြီး ဘယ်လိုအားသွန်ခွန်စိုက်ဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို သုံးသပ်ဆင်ခြင်ချမှတ်ရမယ့် အချိန်အခါသမယဖြစ်ပါတယ်။ နှစ်သစ်ကူးတဲ့ နှစ်ဆန်းတစ်ရက်နေ့ကစပြီးတော့ ရှေ့လျှောက်မယ့် တစ်နှစ်တာကာလပတ်လုံးအတွက် မိမိတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အားသွန်ခွန်စိုက် အားမာန်အပြည့်နဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်နိုင်ကြဖို့ အရေးကြီးပါတယ်။ မိမိတို့ နိုင်ငံသားတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ မိမိတစ်ယောက်တည်း၊ မိမိ မိသားစုတစ်ခုတည်းအတွက် မဟုတ်ဘဲနဲ့ မိမိတိုင်းနိုင်ငံကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ပြီးတော့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင် အောင်မြင်သည်အထိ ဖော်ညွှန်းဆောင်ရွက်သွားနိုင်ရမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်တွေ၊ နိုင်ငံရေးရည်မှန်းချက်တွေ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ်တို့ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်ရေးတို့ကို နိုင်ငံသားအားလုံးက တစ်ယောက်ချင်း တစ်ယောက်ချင်း အားကြိုးမာန်တက် ကြိုးစားအကောင်အထည်ဖော်သွားကြရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့လုပ်ငန်းစဉ်တွေ၊ ရည်မှန်းချက်တွေကို ပိုမိုတိကျခိုင်မြဲစွာ ချမှတ်ပြီးတဲ့အခါမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းကနေ တာဝန်ကျေပွန်စွာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ဒီနှစ်သစ် အချိန်အခါသမယ နှစ်သစ်ကူးပွဲတော်ကာလအတွင်းမှာ အားလုံးက အားသစ်မာန်သစ်များနဲ့ ကြိုးစား အားထုတ်မွေးမြူပြီး ဆန်းစစ်ချက်တွေ၊ သုံးသပ်ချက်တွေ၊ ရည်မှန်းချက်တွေ ချမှတ်ပြီးတော့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ၊ ဘာသာသာသနာအကျိုး အပြည့်အဝထမ်းဆောင်နိုင်ကြပါစေ၊ နိုင်ငံတော်ကြီးကိုလည်း ရည်မှန်းထားတဲ့အတိုင်း ကမ္ဘာ့အဆင့်မီ၊ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်သော ဂုဏ်ကျက်သရေရှိသည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။