နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုတွင် အရင်းအနှီးဈေးကွက်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၃ အောက်တိုဘာ

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရင်းအနှီးဈေးကွက်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်က်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ ဝင်များ ဖြစ်ကြသည့် ဦးဌေးချွန်နှင့် ဒေါ်တင်မေဦး၊ ရန်ကုန် စတော့အိပ်ချိန်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းနိုင်ဦး၊ ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်ဝယ်ရေး ကုမ္ပဏီ လီမိတက် (Myanmar Securities Exchange Centre Co., Ltd.- MSEC) မှ       အမှုဆောင်ဒါရိုက်တာ ဒေါ်ယဉ်မြတ်မင်းနှင့်  TMH Telecom Public Co., Ltd.  မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နန်းလဲ့ရည်စိုးတို့က ပါဝင်ဆွေးနွေးကြသည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

အစီအစဉ်မှူး။ ။ ပထမဦးစွာ ဒုတိယဝန်ကြီးအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမှာ အရင်းအနှီး ဈေးကွက်ရဲ့ အခန်းကဏ္ဍကို ရှင်းပြပေးပါ။

ဦးမောင်မောင်ဝင်း။ ။နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍအသီးသီး တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ကြိုးပမ်းဖို့လိုပါတယ်။ ဒီလို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းတဲ့နေရာမှာ ဝန်ဆောင်မှု ကဏ္ဍတစ်ခုဖြစ်တဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍတွေဟာ မရှိမဖြစ်အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေရေးကြေးရေး ကဏ္ဍထဲမှာ ငွေကြေးလည်ပတ်တဲ့စနစ်တွေ မှန်ကန်ပြီး စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်တဲ့ သင့်လျော်တဲ့စနစ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးပမ်းပြီး တည်ဆောက်ကြရပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထားကို ပွင့်ပွင့်လင်းလင်းပြောရရင် ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးစနစ်တွေဟာ နိုင်ငံတကာနဲ့ယှဉ်ရင်တော့ နောက်ကျနေတယ်ဆိုတဲ့ အနေအထားမှာရှိနေပါတယ်။ အရင်းအနှီးဈေးကွက်ကလည်း ဒီနေ့အချိန်မှာ နောက်ကျနေတယ်။ နောက်ကျ နေတဲ့အတွက် အရင်းအနှီးဈေးကွက်ကနေ နိုင်ငံတော်ရဲ့ စီးပွားရေးကို အထောက်အကူပြုနိုင်တဲ့အပိုင်းမှာ အားနည်းနေပါသေးတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို အထောက်အကူပြုနိုင်လဲဆိုရင် အရင်းအနှီးဈေးကွက် (Capital Market) တွေဟာ အရင်းအနှီးလိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးပိုလျှံလို့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုတဲ့ ငွေပိုငွေလျှံရှိတဲ့ သူတွေအတွက် ပေါင်းကူးသဖွယ်အဖြစ် ဒီဈေးကွက်မှာ လာပြီးတော့ ရောင်းနိုင် ဝယ်နိုင်အောင် လုပ်ပေးတာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ငွေပိုငွေလျှံရှိပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အများအပြားရှိနိုင်ပါတယ်။ အဲဒီလို အများအပြားရှိနိုင်တဲ့အတွက် အရင်းအနှီးဈေးကွက် မရှိတဲ့အခါမှာ ဘဏ်မှာပဲ သွားအပ်ကြရပါတယ်။ ဘဏ်က ပေးတဲ့အတိုးကိုပဲ ယူပြီးနေတဲ့အခါကျတော့ သူတို့ရဲ့ ငွေတွေကလည်း ဘဏ်မှာပဲ မြုပ်နေတဲ့အခြေအနေ ရှိပါတယ်။ နောက်သူတို့အနေနဲ့ ဒီအတိုးအပေါ်မှာ ပုံမှန်ရနေတဲ့ငွေကိုပဲ ကျေနပ်နေရတဲ့ အနေအထားမျိုးရှိပါတယ်။

အရင်းအနှီးဈေးကွက်မှာသွားပြီး ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အစုရှယ်ယာတစ်ခုကို ဝယ်ထားမယ်ဆိုရင် ဒီအစု ရှယ်ယာအတွက် ကုမ္ပဏီက နှစ်စဉ်ခွဲဝေပေးတဲ့ အမြတ် ဝေစုကိုလည်း ပုံမှန်ရနေနိုင်မယ်။ နောက်ပြီး ဒီကုမ္ပဏီရဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေ ကောင်းမွန်ရင်ကောင်းမွန်သလို သူတို့ရဲ့ အစုရှယ်ယာတန်ဖိုးတွေ မြင့်တက်လာတဲ့အခါ အမြတ်ဝင်ငွေကိုလည်း ရတဲ့အတွက် ရင်းနှီးမြှုပ်နှံတဲ့သူများကို ပိုမိုပြီးအကျိုးရှိစေမယ့် ဈေးကွက်ဖြစ်ပါတယ်။  တစ်ဖက်ကလည်း အရင်းအနှီးကို စုဆောင်းလို့ရသွားတဲ့ ကုမ္ပဏီအနေနဲ့လည်း ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုတို့လို ကဏ္ဍတွေမှာ လုပ်ငန်းကိုတိုးချဲ့ပြီး လုပ်နိုင်တဲ့အတွက် တိုင်းပြည်ရဲ့ GDP (စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး)ကို တိုးတက်စေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အရင်းအနှီးဈေးကွက်ဟာ တိုင်းပြည်အတွက် အရေးကြီးပါတယ်။

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် တည်ထောင်ခဲ့မှု အခြေအနေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဒေါ်တင်မေဦး ။ ။ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ပြောင်းလဲ အကောင်အထည်ဖော်ကတည်းက စီးပွားရေးလုပ်ငန်းကြီးတွေအတွက် လိုအပ်တဲ့ငွေကို ဘဏ်ချေးငွေ တစ်ခုတည်းအပေါ်မှာ မမှီခိုဘဲ အရင်းအနှီးဈေးကွက်ကနေတစ်ဆင့် ပမာဏ ကြီးမားတဲ့ငွေကြေး အရင်းအနှီးများကို ရှာဖွေရယူနိုင်ရန်အတွက် အရင်းအနှီး ဈေးကွက် တည်ထောင်ဖို့ လိုအပ်တယ်လို့ အားလုံးက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ မြန်မာ နိုင်ငံရဲ့ကိုယ်စား မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျပန်က Daiwa Securities Group တို့က ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းစီ ထည့်ဝင်ကြပြီး Myanmar Securities Exchange  Centre Co., Ltd.(MSEC) ကို ဖက်စပ်ကုမ္ပဏီအနေနဲ့ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုအဖြစ် စတင် တည်ထောင်ခဲ့ပါတယ်။  

အရင်းအနှီးဈေးကွက် တစ်ခုလုံးအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေရဲ့ ပထမဆုံးမူကြမ်းကို စတင်ရေးဆွဲခဲ့ပါတယ်။ အဲဒီဥပဒေမူကြမ်းရေးဆွဲနေတဲ့ ကာလတစ်လျှောက်မှာလည်း ဒီဈေးကွက်ရဲ့ အခြေခံဖြစ်တဲ့ ကောင်တာဈေးကွက် (Over the Counter Market-OTC) တစ်ခုကို စတင်တည်ထောင်ခဲ့ပြီး အဲဒီဈေးကွက်မှာ လာရောက် အရောင်းအဝယ်လုပ်ဖို့ ဖိတ်ခေါ်တဲ့အခါမှာ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက်နဲ့ မြန်မာနိုင်ငံသားများဘဏ်တို့က သူတို့ရဲ့ရှယ်ယာများကို ကျွန်မတို့ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ OTC  မှာ လာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြပါတယ်။

အရင်းအနှီးဈေးကွက်ဆိုတာ အစုရှယ်ယာ ရောင်းဝယ်တဲ့ဈေးကွက် (Equity Market) သာမက ငွေချေးစာချုပ်ဈေးကွက် (Bond Market) လည်း ပါဝင် ပါတယ်။ အဲဒီတော့ ၁၉၉၈ ခုနှစ်ကတည်းက မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နဲ့ MSEC တို့ သဘောတူစာချုပ် တစ်ရပ်ချုပ်ဆိုပြီးတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေတိုက်စာချုပ်(Treasury Bond)တွေကို MSEC မှာ အရောင်းအဝယ်ပြုလုပ်ဖို့ အစိုးရငွေချေးစာချုပ် ရောင်းဝယ်ရေးဈေးကွက်ကိုလည်း စတင်တည်ထောင်ပေးခဲ့ပါတယ်။ ဒါ့ပြင် အစုရှယ်ယာလက်မှတ်တွေနဲ့ ငွေချေး စာချုပ်လက်မှတ်တွေကို လုံခြုံစွာထိန်းသိမ်းပေးတဲ့ Safe Custody လုပ်ငန်းကိုလည်း အစပျိုးဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ အရင်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရင်းအနှီး ဈေးကွက်သည် အဓိက လိုအပ်ချက်ဖြစ်တယ်ဆိုတဲ့ ယူဆချက်နဲ့ နှစ်ဖက်စလုံး ထပ်မံကြိုးပမ်းဆောင်ရွက်ချက်အရ ၂၀၁၃ ခုနှစ်မှာ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအပေါ်မှာ အခြေခံပြီးတော့ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်က Yangon Stock Exchange တည်ထောင်ဖို့အတွက် ခွင့်ပြုချက်ထုတ်ပေးခဲ့ပါတယ်။ Stock Exchange မှာ အစုရှယ်ယာတွေ အရောင်းအဝယ် လုပ်နိုင်ဖို့အတွက် ကြားခံအဖြစ် မရှိမဖြစ်လိုအပ်တဲ့ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီတွေကို ကော်မရှင်က လိုင်စင်ထုတ်ပေးခဲ့ပါတယ်။

ဈေးကွက်လည်းတည်ထောင်ပြီး အရောင်းအဝယ် လုပ်ပေးမယ့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတွေလည်း ရှိပြီဖြစ်လို့ အရောင်းအဝယ်ဖြစ်မြောက်ပြီး ငွေပေး ချေဖို့ ဆောင်ရွက်ပေးမယ့် စာရင်းရှင်းလင်းရေးဘဏ် (Settlement Bank)ကိုလည်း ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ ဒီလို တစ်ဆင့်ပြီးတစ်ဆင့် အရင်းအနှီးဈေးကွက် တည်ထောင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ(Securities Company)ခြောက်ခုရှိပြီး စတော့ အိပ်ချိန်း(Stock Exchange) မှာလည်း စာရင်းဝင် ကုမ္ပဏီ ငါးခုရဲ့ အစုရှယ်ယာတွေကို အရောင်းအဝယ်ပြုလုပ်နေပါပြီ။ ဒါကြောင့် အရင်းအနှီးဈေးကွက်ရဲ့ ကနဦးအဆင့်ကို အောင်မြင်စွာ ထူထောင်ပြီးဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အစီအစဉ်မှူး ။ ။ အချို့သော ပုဂ္ဂိုလ်တွေက စတော့အိတ်ချိန်း တည်ထောင်တာ စောလွန်းတယ်လို့ ဝေဖန်နေကြပါတယ်။ အချို့ကလည်း စတော့အိတ်ချိန်းဟာ ငွေဖြုန်းတီးတဲ့နေရာဖြစ်တယ်လို့ ဝေဖန်သံများလည်း ကြားရပါတယ်။ စတော့ရှယ်ယာဈေးကွက် တိုးတက်အောင်မြင်ရေးအတွက် အလားအလာကောင်းများနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သုံးသပ်ပေးပါ။

ဦးဌေးချွန်။ ။ စောတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ပြောရရင် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက်နဲ့ ပတ်သက်ပြီး တော်တော် အလှမ်းဝေးခဲ့တာရယ်၊ စတော့ရှယ်ယာဈေးကွက် တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှု မရှိသေးတဲ့အတွက် စတော့ရှယ်ယာဈေးကွက် တည်ထောင်လို့ ဖြစ်ပါ့မလားဆိုတဲ့ တွေးခေါ်ချက်တွေနဲ့ ဒီလိုဝေဖန်ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ အားလုံးပြည့်စုံမှ ထူထောင်မယ်ဆိုရင်တော့ အားလုံးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် မဖြစ်မနေ စတင်တည်ထောင်ပြီး လိုအပ်ချက်တွေကို ကြိုးပမ်းဖြည့်ဆည်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်တယ်ဆိုတဲ့ အမြင်နဲ့ကြည့်ရင်တော့ စတော့အိပ်ချိန်းတည်ထောင်တာ မစောပါဘူး။  စတင်တည်ထောင်တာ မှန်တယ်လို့ ယူဆပါတယ်။ စတော့အိပ်ချိန်းဆိုတာလည်း နိုင်ငံရဲ့စီးပွားတိုးတက်မှုမှာ မဖြစ်မနေလိုအပ်တဲ့ ယန္တရားတစ်ရပ်ဖြစ်တဲ့အတွက် တည်ထောင်ဖို့ လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီး လေး၊ ငါးနှစ် လောက်မှာ တည်ထောင်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်းက ချမ်းသာတဲ့နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း အများစုဟာ စတော့အိပ်ချိန်းရှိတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါကြောင့် စောပါတယ်လို့ပြောတဲ့ ကိစ္စအပေါ်သုံးသပ်ရရင် မစောပါဘူး၊ နောက်တောင်ကျနေတယ်လို့ ပြောချင်ပါတယ်။ ငွေဖြုန်းတီးတယ်ဆိုတဲ့ အမြင်အပေါ်မှာပြောရရင် ကျွန်တော့်အမြင်ကတော့ ဖြုန်းတီးတယ်ဆိုတာက ရည်မှန်းချက်တစ်ခုမရှိဘဲနဲ့ ကာယအား၊ ဉာဏအား၊ ငွေအားတွေကို သုံးတယ်ဆိုရင်တော့ ဖြုန်းတယ်လို့ဆိုရမှာပါ။

စတော့အိပ်ချိန်း တည်ထောင်တယ်ဆိုတဲ့ကိစ္စမှာတော့ ရည်မှန်းချက် တိတိကျကျရှိပါတယ်။ နိုင်ငံအတွက် လိုအပ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယန္တရားတစ်ခု တည်ထောင်ဖို့ ရည်မှန်းချက်တစ်ခုနဲ့ လုပ်တဲ့အတွက် ဖြုန်းတယ်လို့ မယူဆပါဘူး။ ရင်းနှီးမြှုပ်နှံမှုလုပ်တယ်လို့ပဲ ယူဆပါတယ်ခင်ဗျ။ စတော့ရှယ်ယာဈေးကွက် အောင်မြင်ဖို့အတွက် အလားအလာကောင်းတွေ ရှိသလို စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ အလားအလာကောင်းဘက်က ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေ များစွာရှိပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတည်ထောင်ထားတာလည်း ၃၀ဝ ကျော် ရှိပါတယ်။

အဲဒီကုမ္ပဏီ ၃၀ဝ ကျော်ထဲမှာ စတော့ရှယ်ယာ ဈေးကွက်ဝင်ဖို့ အလားအလာကောင်းတဲ့ ကုမ္ပဏီက ကျွန်တော်တို့လေ့လာမှုအရ ၄၀ လောက်ရှိပါတယ်။ ဒီ ၄၀ ထဲမှာ ၂၀ လောက်က စာရင်းဝင်ဖို့ စိတ်ဝင်တစားလုပ်နေကြပါတယ်။ အဲဒီထဲက ၁၀ ခုလောက်က စတော့အိပ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီဖြစ်ဖို့ တော်တော်လေး ခရီးရောက်နေတာတွေ့ရပါတယ်။ အခုလောလောဆယ်မှာ နှစ်ခုလောက်က စာရင်းဝင်ကုမ္ပဏီဖြစ်ဖို့အတွက် ဆောင်ရွက်ဆဲ (under the process) အနေနဲ့ ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စာရင်းဝင်ကုမ္ပဏီ ၁၀ ခုလောက်ရှိမယ်လို့ မှန်းထား ပါတယ်။

စိန်ခေါ်မှုပိုင်းဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် ဗဟုသုတဟာ အများပြည်သူနဲ့ အလှမ်းဝေးခဲ့ပါတယ်။ အစုရှယ်ယာထုတ်တဲ့ ကုမ္ပဏီတွေဘက်က ကြည့်မယ်ဆိုရင်လည်း အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေမှာ ကော်ပိုရိတ်စီမံခန့်ခွဲမှု (Corporate Governance) က အားနည်းပါတယ်။ အဲဒီအတွက် ကော်ပိုရိတ်စီမံခန့်ခွဲမှု အားကောင်းစေရေးအတွက် ပညာပေးအစီအစဉ်များ အထူးလိုအပ်လျက်ရှိပါတယ်။

ရင်းနှီးမြှုပ်နှံသူ(အများပြည်သူ)ဘက်က ကြည့်မယ် ဆိုရင်လည်း ဒီဈေးကွက်မှာ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ၊ ဘယ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံရမလဲ၊ ဘယ်အချိန်မှာ အစုရှယ်ယာတွေကို ဝယ်ရမလဲ၊ ရောင်းရမလဲ၊ ဝယ်မယ် ရောင်းမယ်ဆိုရင် ဘယ်အချက်အလက်တွေပေါ် အခြေပြုပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချရမလဲဆိုတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံ၊ ဗဟုသုတ အလှမ်းဝေးခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ပညာပေး အစီအစဉ်တွေ လိုအပ်ပါတယ်။ အဲဒါကြောင့် နှစ်ဖက်စလုံးအတွက် ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ဒါက စိန်ခေါ်မှုတွေကို ကျော်လွှား ဖို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဦးမောင်မောင်ဝင်း ။ ။ ခုနက စောနေတယ်ဆိုတဲ့ အပိုင်းနဲ့ပတ်သက်လို့ ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရင်းအနှီးဈေးကွက်ကို စတင်တည်ထောင်ဖို့ ကြိုးစားတာ ၁၉၉၆ ခုနှစ်လောက်ကတည်းကကြိုးစားခဲ့တာပါ။ ၁၉၉၆ ခုနှစ် လောက်တုန်းက မြန်မာနိုင်ငံမှာစီးပွားရေးကလည်း အထိုက်အလျောက်ကောင်းမွန်ခဲ့တဲ့ အချိန်ဖြစ်ပြီး စတော့အိတ်ချိန်း တည်ထောင်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာသွားခဲ့ရတဲ့ အခြေအနေများနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါ့အပြင်၂၀ဝ၃ ခုနှစ်မှာ ဘဏ်အကျပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အရင်းအနှီးဈေးကွက်ဖွံ့ ဖြိုးရေးအတွက် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကြိုးပမ်းခဲ့တဲ့ လုပ်ငန်းတွေကျမှ ရန်ကုန်စတော့အိတ်ချိန်း ပီပီပြင်ပြင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် နောက်တောင်ကျနေတယ်လို့ ပြောချင်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာလည်း တည်ထောင်ဖို့ မလိုတဲ့ ဘရူနိုင်းနိုင်ငံကလွဲရင် ကျွန်တော်တို့ကနောက်ဆုံး ဖြစ်နေပါတယ်။

ဦးဌေးချွန်။ ။ ကျွန်တော်တို့နိုင်ငံမှာ စတော့အိတ်ချိန်း တည်ထောင်ဖို့အတွက် ၁၉၉၆ ခုနှစ်လောက်ကတည်းက စတင်ကြိုးစားခဲ့တာပါ။ ဗီယက်နမ်ဆိုရင်၂၀ဝဝ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ ဥပဒေတောင်မရှိသေးဘဲနဲ့ သမ္မတရုံးရဲ့ အမိန့်ဒီကရီနဲ့ မဖြစ်ဖြစ်အောင် စတင်ဆောင်ရွက်ခဲ့တာ အခုဆိုရင်အောင်မြင်တဲ့ အစုရှယ်ယာဈေးကွက်တစ်ခု ဖြစ်နေတာကို မြင်ရပါတယ်။

အစီအစဉ်မှူး ။ ။ ရန်ကုန် စတော့အိတ်ချိန်းရဲ့ လက်ရှိအခြေအနေကို ရှင်းပြပေးပါ။ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီများ တိုးတက်လာမှုအနေအထားကိုလည်း ပြောပြပေးပါ။

ဦးဝင်းနိုင်ဦး ။ ။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် ကာလရှည်ငွေကြေးအရင်းအမြစ်တွေကို စုဆောင်းပေးတဲ့ အရင်း အနှီးဈေးကွက်ဆိုတာ အင်မတန် အရေးကြီးပါတယ်။ဒီလိုအရေးကြီးတဲ့ အရင်းအနှီးဈေးကွက်ကို ဖော်ဆောင်ပေးဖို့ဆိုရင် စတော့အိပ်ချိန်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အရင်းအနှီးဈေးကွက် ဖြစ်ထွန်း ပေါ်ပေါက်လာဖို့အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် မှာရန်ကုန်စတော့အိပ်ချိန်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မတ်လမှာ စာရင်းဝင်ကုမ္ပဏီတွေကို လက်ခံပြီးတော့ စတော့ရှယ်ယာ အရောင်းအဝယ်တွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံးကျွန်တော်တို့က စာရင်းဝင်ကုမ္ပဏီတစ်ခုနဲ့ စတင်လုပ်ဆောင်ပါတယ်။ အခုဆိုရင် စာရင်းဝင်ကုမ္ပဏီ ငါးခုရှိပြီးတော့ စာရင်းဝင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို စတော့အိပ်ချိန်းမှာ အရောင်းအဝယ် ပြုလုပ်ပေးနေပါပြီ။ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ စာရင်းဝင်ကုမ္ပဏီ ငါးခုရဲ့ဈေးကွက်တန်ဖိုး (MarketCapitalization)) ဟာဆိုရင် ငွေကျပ် ၅၈၅ ဘီလီယံ ရှိပါ တယ်။ စတင်ဖွင့်လှစ်တဲ့ ကာလကစပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာပေါင်းက ၈ ဒသမ ၇ သန်းရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၁၂ ဘီလီယံ လောက်ရှိပါတယ်။ တစ်နေ့ကို ပျမ်းမျှ ကျပ်သန်း ၅၀ လောက် အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီပမာဏကို ကြည့်မယ်ဆိုရင် ပုံမှန်အနေအထားရှိနေပြီးတော့ ထွန်းသစ်စဖြစ်တဲ့ ဈေးကွက်တစ်ခုအနေနဲ့ဆိုရင် တိုးတက်မှုရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့က ကျေနပ်နေလို့ မရပါဘူး။ ဆက်ပြီး အောင်မြင်အောင် ကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုကလည်း မြန်မာနိုင်ငံမှာ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ ၃၃၀ ခန့်ရှိပါတယ်။ ဒီ ၃၃၀ ခန့်က အခုဆိုရင် စာရင်းဝင်ကုမ္ပဏီတွေဖြစ်ဖို့ ကြိုးစားနေကြတာတွေရှိတယ်။ တချို့ဆိုရင် ဆက်သွယ်ပြီးတော့ စာရင်းဝင်ကုမ္ပဏီဖြစ်ဖို့ လိုအပ်ချက်တွေကို ဆောင်ရွက်နေတာတွေတွေ့ရတော့ ဈေးကွက်ရဲ့ အလားအလာက ကောင်းမွန်တယ်လို့ သုံးသပ်တင်ပြလိုပါတယ်။

အစီအစဉ်မှူး ။ ။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတွေရဲ့အခန်းကဏ္ဍနဲ့ ဈေးကွက်ဖွံ့ ဖြိုးတိုးတက်စေဖို့ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ပြည်သူတွေသိအောင် ရှင်းပြပေးစေလိုပါတယ်။

ဒေါ်ယဉ်မြတ်မင်း ။ ။ မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက်ပေါ်ပေါက်ဖို့အတွက် ၁၉၉၆ ခုနှစ် ကတည်းက MSEC  ကို ဖွင့်လှစ်ခဲ့ပါတယ်။ အရင်းအနှီးဈေးကွက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင် ကတော့ ဘဏ္ဍာရေးဝန်ကြီးဌာန( ယခု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဈေးကွက်ကြီးတစ်ခုလုံးကို ကြီးကြပ်တဲ့ အဖွဲ့အစည်း (Regulator) ဖြစ်တဲ့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar- SECM )ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ရန်ကုန် စတော့အိပ်ချိန်း (Yangon Stock Exchange-YSX) ကို ဖွဲ့စည်းခဲ့ပါတယ်။  ကျွန်မတို့ MSEC ကတော့ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ (Securities Company) တစ်ခုအနေနဲ့ ဆက်လက် ရပ်တည်လျက် ရှိပါတယ်။ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ (Securities Company) တစ်ခုဟာ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း (Securities Business)ကို လုပ်ကိုင်ဖို့ဆိုရင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှာ လိုင်စင် လျှောက်ထားဖို့ လိုပါတယ်။ နောက်တစ်ခုက ရန်ကုန် စတော့အိပ်ချိန်းမှာ စတော့ရှယ်ယာတွေရောင်းဝယ်ဖို့ဆို ရင် ရန်ကုန်စတော့အိပ်ချိန်းရဲ့ Trading Participants  (ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ)အဖြစ် လျှောက်ထား ရယူဖို့လိုပါတယ်။

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company)ရဲ့ အခန်းကဏ္ဍကို နှစ်ပိုင်းပြောချင်ပါတယ်။  စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူတွေ (Investors) ကို ဆောင်ရွက်ပေးတဲ့ အပိုင်းနဲ့ နောက်တစ်ပိုင်းက စတော့ ရှယ်ယာထုတ်ဝေရောင်းချတဲ့ကုမ္ပဏီ (Issuer) တွေ အတွက် ဆောင်ရွက်ပေးတဲ့အပိုင်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူ တွေက စတော့ရှယ်ယာတွေကို ရောင်းချင်ဝယ်ချင်တယ် ဆိုရင် သူကိုယ်တိုင် စတော့အိပ်ချိန်းကိုသွားပြီး ရောင်းလို့ ဝယ်လို့ မရပါဘူး။ စတော့အိပ်ချိန်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကြားမှာ ကြားခံအဖွဲ့အစည်းအနေနဲ့ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီက စတော့ရှယ်ယာတွေကို ရောင်းဝယ် ဆောင်ရွက်ပေးပါတယ်။ ရောင်းသူတွေကိုလည်း ရောင်းရတဲ့ငွေတွေကို သူတို့ဘဏ်စာရင်းထဲ ရောက်တဲ့အထိ ဆောင်ရွက်ပေးပါတယ်။ ဝယ်တဲ့သူတွေကိုလည်း သူတို့ ရှယ်ယာတွေကို သူတို့ငွေချေး သက်သေခံလက်မှတ်စာရင်း (Securities Account) ထဲကို ရောက်အောင် ဆောင်ရွက် ပေးပါတယ်။

စတော့ရှယ်ယာ ထုတ်ဝေရောင်းချတဲ့ကုမ္ပဏီ (Issuer)တွေအပိုင်းကျတော့ ကုမ္ပဏီတွေက စာရင်း ဝင်ဖို့လုပ်မယ်ဆိုရင် ပထမအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ အများနဲ့သက်ဆိုင်သော ကုမ္ပဏီ           (PublicCompany)တွေ ဖြစ်ရပါမယ်။ စာရင်းဝင်ဖို့ဆိုရင် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါတယ်။ စာရင်းဝင်တဲ့ အခါမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ ဆောင်ရွက်ရမှာတွေကို ငွေချေးသက်သေခ ံလက်မှတ်ကုမ္ပဏီက ဝန်ဆောင်မှု ပေးပါတယ်။  ဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စတော့ရှယ်ယာ တွေကို ရောင်းချမယ့်ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အများကြီး ဈေးကွက်ကိုပါဝင်လာဖို့ လိုပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေ ဘယ်လိုပါဝင်လာအောင် လုပ်မလဲဆိုရင် ကျွန်မတို့က အရင်းအနှီးဈေးကွက်နဲ့ပတ်သက်တဲ့ အသိ ပညာပေးလုပ်ငန်း အစီအစဉ်(Awareness)တွေ ဆောင်ရွက်ပေးရမယ်။ စတော့ရှယ်ယာဆိုတာဘာလဲ။ စတော့ရှယ်ယာကို ရင်းနှီးမြှုပ်နှံရင် ဘယ်လိုမျိုးတွေ ဆောင်ရွက်ရမယ်ဆိုတာတွေ ဖြစ်ပါတယ်။ Online Trading တွေကိုလည်း ခွင့်ပြုပြီးပြီဆိုတော့ Online Trading ကို ဘယ်လို ဆောင်ရွက်ရမလဲဆိုတာတွေကို ဆွေးနွေးပွဲတွေကျင်းပပြီး ရှင်းလင်းပြသပေးဖို့လိုပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကို အသိပညာပေးအစီအစဉ် ((Investor Education)အနေနဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ မြို့ကြီးတွေကိုလည်း ဆွေးနွေးပွဲတွေ သွားရောက်လုပ်ဆောင်ပါတယ်။ သူတို့သိရှိဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ဝေငှပေးတယ်။ ဒီလိုနည်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ တိုးပွားလာအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ကုမ္ပဏီတွေ အနေနဲ့လည်း စတော့အိပ်ချိန်းမှာ စာရင်းဝင်ပြီး စတော့ ရှယ်ယာတွေရောင်းချဖို့ စိတ်ဝင်စားတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ (Private Company) လည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ် ဆိုတာမသိကြဘူး။ ပုဂ္ဂလိကကုမ္ပဏီတွေ (Private Company)အနေနဲ့ ပထမဆုံး အများနှင့် သက်ဆိုင်သောကုမ္ပဏီ (Public Company) အဖြစ်ကို ပြောင်းရပါတယ်။ အဲဒါက မဖြစ်မနေဆောင်ရွက်ရမယ့် အချက်ဖြစ်ပါတယ်။ လက်ရှိစာရင်းဝင် ကုမ္ပဏီငါးခုမှာဆိုရင် လေးခုက စတော့အိပ်ချိန်း မပေါ်ခင်ကတည်းက စတော့ရှယ်ယာတွေကို ရောင်းပြီးသား ကုမ္ပဏီတွေဖြစ်ပါတယ်။ စတော့အိပ်ချိန်း ပေါ်လာတဲ့အခါမှာ သူတို့ရဲ့ ရှယ်ယာတွေကို ထပ်ပြီးမရောင်းတော့ဘဲ ရောင်းပြီးသား ရှယ်ယာတွေနဲ့ ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင်လိုက်တာဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ဝေငှပေးတယ်။ ဒီလိုနည်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ တိုးပွားလာအောင် ဆောင်ရွက်လျက်ရှိပါတယ်။

ကုမ္ပဏီတွေအနေနဲ့ စတော့အိပ်ချိန်းမှာ စာရင်းဝင်ပြီး စတော့ရှယ်ယာတွေ ရောင်းချဖို့စိတ်ဝင်စားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ(Private Company)လည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာမသိကြဘူး၊ ပုဂ္ဂလိက ကုမ္ပဏီတွေ(Private Company) အနေနဲ့ ပထမဆုံး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Public Company) အဖြစ်ကို ပြောင်းရပါတယ်။ အဲဒါက မဖြစ်မနေဆောင်ရွက် ရမယ့်အချက်ဖြစ်ပါတယ်။ လက်ရှိစာရင်းဝင် ကုမ္ပဏီ ငါးခုမှာဆိုရင် လေးခုက စတော့အိပ်ချိန်းမပေါ်ခင် ကတည်းက စတော့ရှယ်ယာတွေကို ရောင်းပြီးသားကုမ္ပဏီ တွေ ဖြစ်ပါတယ်။ စတော့အိပ်ချိန်း ပေါ်လာတဲ့အခါမှာ သူတို့ရဲ့ရှယ်ယာတွေကို ထပ်ပြီးမရောင်းတော့ဘဲ ရောင်းပြီးသား ရှယ်ယာတွေနဲ့ ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင် လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးစာရင်းဝင်ခဲ့တဲ့ TMH က ရန်ကုန်စတော့ အိပ်ချိန်းမပေါ်ခင်မှာ ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး စာရင်းဝင်ချင်တဲ့ ဆန္ဒရှိတဲ့အတွက် ပုဂ္ဂလိကကုမ္ပဏီ (Private Company)ကနေ အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Public Company) အဖြစ် ပြောင်းလဲခဲ့ပါတယ်၊ လိုအပ်တဲ့ စာရင်းဝင်လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့လို ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီတွေက ကုမ္ပဏီတွေ စာရင်းဝင်ကုမ္ပဏီဖြစ်လာဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေနဲ့ အထောက်အကူတွေကို ဝန်ဆောင်မှု ပေးပါတယ်။ (ဆက်လက်ဖော်ပြပါမည်)

ရှင်မင်း၊ မွှေးကြူ၊ ဓာတ်ပုံ-အေးသန်း(သတင်းစဉ်)