နိုင်ငံတော်၏ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့

နေပြည်တော် ၂၆ ဒီဇင်ဘာ

 

 

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

 

 

၂၀၁၈ ခုနှစ် ဇန်နဝါရလီ ရက်နေ့၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည် ရပ်တည်နိုင်မှုသည် နှစ်(၇၀)ပြည့်မည် ဖြစ်ပါသည်။ ကိုလိုနီဘဝမှ ရုန်းကန်လွတ်မြောက်လာသော နိုင်ငံတော်၏ လွတ်လပ်ရေး ဖြတ်သန်းမှု ဘဝကို ပြန်သုံးသပ်ကြည့်မိပါသည်။ လွတ်လပ်ရေးမရမီ အကြိုကာလ၌ပင် နိုင်ငံတော်သည် ဝါဒရေးရာ ယှဉ်ပြိုင်မှုတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

 

 

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားရေးတပ်ပေါင်းစု ဖြစ်သည့် ဖဆပလ အဖွဲ့ချုပ်ကြီးသည် စစ်ဘေးစစ်ဒဏ်တို့ကြောင့် ထောင်းထောင်းကြေခဲ့သော နိုင်ငံတော်ကို အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ရန် တိုင်းပြည်လွတ်လပ်ရေးကို နယ်ချဲ့ဗြိတိသျှတို့နှင့် ဆွေးနွေးညှိနှိုင်းရယူရန် ဆုံးဖြတ်ခဲ့ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် နယ်ချဲ့တို့နှင့် ညှိနှိုင်းရယူသော လွတ်လပ်ရေးသည် မစစ်မှန်ဟု ခံယူကြေညာရပ်တည်ခဲ့ပါသည်။ တိုင်းပြည်၏ ပကတိအခြေအနေကို အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်မည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားရေး အင်အားစုတို့နှင့် သဘောတရား အခြေခံအင်အားစုတို့ သဘောထားကွဲလွဲခြင်း ဖြစ်ပါသည်။

 

ဤသဘောထားကွဲလွဲမှုသည် လွတ်လပ်ပြီးစနိုင်ငံတော်၌ ပြည်တွင်းစစ်ကို တောက်လောင်စေခဲ့ပါသည်။ နှစ်ပေါင်း(၇၀) ရှိပြီဖြစ်သော်လည်း ပြည်တွင်းစစ်မီးသည် အပြီးတိုင် ချုပ်ငြိမ်းသည်ဟု မဆိုနိုင်။ ပြည်တွင်းစစ်၏ ဒဏ်ရာ၊ ဒဏ်ချက်တို့ကို ရင်ဆိုင်နေရဆဲဖြစ်ပါသည်။

 

လွပ်လပ်ရေးသက်တမ်း နှစ် (၇၀) ပြည့်တော့မည်ဖြစ်သော ပစ္စုပ္ပန်ကာလကို သုံးသပ်ပါက လွတ်လပ်ရေးအကြိုကာလ၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော နိုင်ငံထူထောင်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုမျိုးတို့ကို မတွေ့ရှိရတော့သည်မှာ အပေါင်းလက္ခဏာ ဆောင်သော သမိုင်းရေး တိုးတက်မှုဟု ခံယူရပါသည်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ထူထောင်ရေးတို့ကို နိုင်ငံရေးအင်အားစုတိုင်းက ဆုပ်ကိုင်ခံယူထားကြပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစုတိုင်းက သဘောတူလက်ခံကြပြီး ဖြစ်ပါသည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအား မည်သို့မည်ပုံ ထူထောင်မည်ကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးရအုံးမည် ဖြစ်သော်လည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရမည်ဟုသော နိုင်ငံရေးဦးတည်ချက်ကိုမူ အခိုင်အမာ ချမှတ်ထားပြီးဖြစ်ပါသည်။

 

 

နိုင်ငံတော်၏ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် ရွေးချယ်တင်မြှောက်လိုက်သည့် လူထုအစိုးရသစ်က ဒုတိယအကြိမ်တာဝန်ယူ ကျင်းပရမည် ဖြစ်ပါသည်။ (၅၆)နှစ်ဟူသော အချိန်ကာလအတွင်း ပြည်သူလူထု၏ အချုပ်အခြာအာဏာ လွှဲအပ်ပေးခြင်းခံရသည့် လူထုအစိုးရသစ်က လွတ်လပ်ရေးနေ့ ကျင်းပရေးကို ဒုတိယအကြိမ် တာဝန်ယူကျင်းပရခြင်းဖြစ်ပါသည်။ ဤအချက်က တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ကြိုးပမ်းခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားရုန်းကန်မှုကို ဖော်ပြနေသည်သာမက တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီရေး သန္နိဋ္ဌာန်ကိုလည်း မီးမောင်းထိုး ပြသနေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ နှစ် (၇၀) ပြည့်မြောက် လွတ်လပ်ရေးနေ့သည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ မဆုတ်မနစ်သော ဒီမိုကရေစီရေး သန္နိဋ္ဌာန်ကို ဖော်ကျူးဂုဏ်ပြုခြင်းဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။