နေပြည်တော် ၁၈ မတ်
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ် မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်ရန်အတွက် ကာကွယ်ရေးစွမ်းရည် ထက်မြက် မြင့်မားစေရန် တပ်မတော်(ကြည်း၊ရေ၊လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့် ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြန်မာ့ရေပိုင်နက်(ကိုကိုးကျွန်းဒေသ)၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု (Combined Fleet Exercise-Sea Shield 2019) လေ့ကျင့်ပြုလုပ်ခြင်းအား ဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ အကဲကြည့်စစ်ရေယာဉ်- အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှုအားပေးသည်။
စစ်ရေယာဉ်-အောင်ဇေယျပေါ်တွင် တာဝန်(ရေ)တပ်ဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုပြီးလေ့ကျင့်ခန်းကိုဦးဆောင်မည့် တာဝန်ရေ တပ်မမှူးက လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ဖြစ်စဉ်အကြောင်းအရာကို ရှင်းလင်း တင်ပြပြီး တိုက်စစ် နှုတ်မိန့်ပေးသည်။ ယင်းနောက် တာဝန်(ရေ) တပ်မမှူးနှင့် စစ်ရေယာဉ်မှူးများသည် သက်ဆိုင်ရာစစ်ရေယာဉ်များသို့ ပြန်လည်ထွက်ခွာပြီး စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ် ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ကြသည်။
ရှေးဦးစွာ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက ရန်သူစီးနင်း သိမ်းပိုက်ထားသည့် ကုန်သွယ်ရေယာဉ်တစ်စီးအား မြန်နှုန်းမြင့်တိုက်ခိုက်ရေး ရေယာဉ်လေးစီး၊ ရဟတ်ယာဉ်သုံးစီးဖြင့် ဝင်ရောက်စီးနင်း၍ ဖမ်ဆီးခံဓားစာခံ များ အားကယ်ဆယ်ခြင်း လေ့ကျင့်ခန်းအားဆောင်ရွက်ကြသည်။
ထို့နောက်လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့သည့် ရဟတ်ယာဉ်များ၊ မြန်နှုန်းမြင့် တိုက်ခိုက်ရေး ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အားချီတက် အလေးပြုကြသည်။
ယင်းနောက် စစ်ရေယာဉ်အောင်ဇေယျပေါ်တွင် ရဟတ်ယာဉ် ဆင်း/ တက်ခြင်း လေ့ကျင့်ခန်း ကိုပြု လုပ်ပြီး ကုန်သွယ်ရေယာဉ်မှ ဓားစာခံများအား ကယ်တင်ခြင်း လေ့ကျင့် ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ဖွဲ့မှူးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကိုယ်တိုင်လာရောက်သတင်းပို့ တင်ပြသည်။
စစ်ရေယာဉ်များသည် သတ်မှတ်ပုံပြုချီတက်ခြင်းအမျိုးအစားများဖြင့် ချီတက် နေစဉ် ရန်သူ့ရေငုပ်သင်္ဘောရန်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး၊ ရန်သူ့ လေကြောင်းရန် ကာကွယ်ရေး၊ ရန်သူ့မြန်နှုန်းမြင့်တိုက်ရေယာဉ်များ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် ခြင်းများမှ ကာကွယ်ရေးအတွက် ရေငုပ်သင်္ဘောဖျက်မိုင်းများ၊ ရေမြှုပ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မခံရစေရေး ပြောင်းလဲပုံပြုချီတက်ခြင်း၊ မိမိအမြန် သွားကင်းလှည့်တိုက်ရေယာဉ်များဖြင့် ရန်သူ့ မြန်နှုန်းမြင့်တိုက်ရေယာဉ်များအား ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခြင်း၊ ရန်သူ၏ တာဝေးပစ်ပဲ့ထိန်းဒုံးလက်နက်များအား မိမိရေယာဉ် များမှ လက်နက်စနစ်များဖြင့် တန်ပြန်ပစ်ခတ်ချေမှုန်းမှုလေ့ကျင့်ခြင်း၊ ပြောင်းအချင်း အရွယ်အစားမတူသော (Mix Calibre) အမြောက်များစုစည်းပစ်ခတ်မှုလေ့ကျင့်ခြင်း၊ အီလက်ထရွန်း နစ်စစ်ဆင်မှု လေ့ကျင့်ခြင်း၊ ဒုံးပျံပစ်ခတ်မှုလေ့ကျင့်ခြင်းနှင့် အမြောက်ကြီးများ ပစ်ခတ်မှုလေ့ ကျင့်ခြင်း များဆောင်ရွက်ကြသည်။
တိုက်ပွဲလေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် စစ်ရေယာဉ်များအချင်းချင်း ဆီ၊ ရေ၊ ရိက္ခာနှင့် ခဲယမ်းများပြန်လည်ထောက်ပံ့ဖြည့်တင်းနိုင်ရန်အတွက် စစ်ရေယာဉ်များ မောင်းနှင်လျက် ပင်လယ်ပြင်ထောက်ပံ့ ဖြည့်ဆည်းခြင်း လေ့ကျင့်ခန်းအား စစ်ရေယာဉ်နှစ်စီးဖြင့် ဆက်လက် ဆောင်ရွက်ကြသည်။
ယနေ့ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ပြုလုပ်နေမှုကို ပြည်တွင်းသတင်း မီဒီယာများမှ သတင်းထောက်များလည်း စစ်ရေယာဉ်-အောင်ဇေယျနှင့်အတူ လိုက်ပါပြီး သတင်းရယူခဲ့ကြသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုကိုးကျွန်း မြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ ပါရဂူများက ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်တပ် ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း သို့တက်ရောက် သတင်း ရယူခဲ့သည့် ပြည်တွင်း သတင်းထောက် များအား တွေ့ဆုံပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့် မားစေရေးအတွက် တပ်မတော်မှ လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)


