ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာ ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏အာဏာကို မတရားသောနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတော်၏ တာဝန်ကို မလွှဲမရှောင်သာရယူခဲ့ရသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမပိုင်းအား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ကျန်ရှိသည့် မြို့နယ်များ၌ ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) ကို ဆက်လက်ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် ဖိလစ်ပိုင်နိုင်ငံကလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကောင်းမွန်သည့် သုံးသပ်မှုများရရှိခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံသားများအားလုံး၏ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


