နေပြည်တော် ဇန်နဝါရီ ၁၉

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးပြီး တပ်နယ် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊  တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း  အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ပပျောက်ရေး ဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် အပိုင်း (၃) ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရမိမှု၊ တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီးရမိမှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါးနှင့်ဥများကို အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

တင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တြိဂံဒေသ တိုင်းစစ်ဌာနချုပ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက် သွားရန်၊ ဒေသအတွင်း ပညာသင်ကြားရေးအတွက် အခြေခံပညာကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး အတွက် စနစ်တကျ ဆောင်ရွက်သွားရန်၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တပ်နယ်မှအရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မကြာမီကျင်းပမည့် အပိုင်း (၃) ကိုလည်း အောင်အောင် မြင်မြင်ဖြင့် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီး ချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနေရသည်ကို သမိုင်းကြောင်း အထောက်အထားများအရ သိရှိနိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန် ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည်နှင့် စွမ်းပကားများရှိရန်လိုကြောင်း‌၊ အရည်အချင်းပြည့်ဝသည့် တပ်မတော် တိုက်စွမ်းအား ရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ ထိုသို့ အရည်အချင်း ပြည့်ဝရန်အတွက်  လေ့ကျင့်သား ပြည့်ဝနေရန်လိုကြောင်း၊ တပ်မတော်သား တစ်ဦးချင်းအနေဖြင့် တိုက်ရည်ခိုက်ရည်ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိရမည် ဖြစ်ကြောင်း။

 

တပ်မတော်သား တစ်ဦး၏ ခံစားခွင့်များနှင့်ပတ်သက်၍လည်း ထိုက်တန်စွာဖြင့် ပေးအပ်ထားကြောင်း၊

တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြသူများသည် မိမိတို့၏သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိတို့နိုင်ငံတော်ကို ကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာကြသည့် တပ်မတော်သားများ အားလုံးကို မိမိအနေဖြင့် အသိအမှတ်ပြုကြောင်း၊ တပ်မတော်သားများ၏ ဝတ်စားဆင်ယင်မှုမှအစ စားသောက်နေထိုင်ရေးအထိ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် အတွက် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာသည့် စိတ်ဓာတ်ကို အသိအမှတ် ပြုသည့်အနေဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

 

တပ်မတော်သားများ အားလုံးသည် မိမိတို့ အသက်အရွယ်နှင့် လျော်ညီသည့် ကျန်းမာကြံ့ခိုင်မှုများ ရှိရန်လိုကြောင်း၊ အမျိုးသားများအပြင် အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်အတွင်းသို့ ဝင်ရောက်၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများ အနေဖြင့် အမြဲတိုက်ပွဲဝင် အသင့်ဖြစ်စေရေး ကိုယ်ခန္ဓာကြံ့ခိုင်မှုများရှိရန် လိုသကဲ့သို့ ရဲစွမ်းသတ္တိ ရှိရန်လည်း မွေးမြူလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိ မွေးမြူနိုင်ရန်အတွက် စစ်အတတ်ပညာများကို အမြဲလေ့ကျင့်နေရန် လိုသကဲ့သို့ ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေသော ယှဉ်ပြိုင်သည့်  အားကစားနည်းများကို လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ စစ်မြေပြင်တွင် မိမိတို့ သင်ကြားထားသည့် စစ်အတတ်ပညာများကို အပြည့်အဝ အသုံးချနိုင်ရန်လိုကြောင်း။

 

တပ်မတော်သားများ၏ အားကစားကဏ္ဍမြင့်မားလာစေရေး တပ်မတော်အနေဖြင့် အမြဲမပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပြုလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုများ ရှိလာပြီး စိတ်ဓာတ်များ ကြံ့ခိုင်လာမည်ဖြစ်ကြောင်း၊ အားကစားကို အခြေခံ၍ ကာကွယ်ရေးစိတ်ဓာတ်များကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်း ဆောင်ရွက်၍ရသည့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကိုလည်း အမြဲမပြတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ကြံ့ခိုင်မှုများ ကျဆင်းလာပါက ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သဖြင့် အားကစားကို အမြဲမပြတ် ပြုလုပ်သွားကြရန်လိုကြောင်း။

 

အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေကြောင်း၊ ဘာသာရပ်များ အလိုက် ကျွမ်းကျင်ပညာရှင်များသည် လူတော်များဖြစ်ကြကြောင်း၊ အတန်းပညာများရှိမှသာ အတတ်ပညာကို ရရှိမည်ဖြစ်ကြောင်း၊ အတန်းပညာမြင့်မားမှသာ မြင့်မားသည့်အတတ်ပညာများကို ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သားသမီးများ အတန်းပညာမြင့်မားရေးအတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျိုင်းတုံမြို့တွင် တက္ကသိုလ်၊ ကောလိပ်များရှိသဖြင့် ပညာရေး မြှင့်တင်နိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း၊ မိမိတို့၏ သားသမီးများ ဘဝရပ်တည်နိုင်စေရေး ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားပေးကြရန်လိုကြောင်း၊ ဒေသတစ်ခုတိုးတက်ရေးသည်လည်း ဒေသတွင်နေထိုင်ကြသူများ၏ ပညာရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံ၏ အနာဂတ် ကောင်းမွန်ရေးအတွက် လူတော်နှင့် လူကောင်းများစွာ လိုအပ်ကြောင်း၊ အဆိုပါလူတော်နှင့် လူကောင်းများတွင် မိမိတို့၏ သားသမီးများ ပါဝင်စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း။

 

ပညာရေးဆုံးခန်းတိုင်ပါက လိမ္မာရေးခြားရှိသည့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော လူငယ်၊ လူရွယ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ဘဝ ထူးချွန်စေရေးအတွက် ဆောင်ရွက်ပြီး တိုင်းပြည်အတွက် ကောင်းကျိုးဆောင်ရွက်နိုင်သည့်သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြ စေလိုကြောင်း၊ အလားတူဗဟုသုတများ ပြည့်ဝနေစေရေးအတွက် စာအုပ်စာစောင်များကို အမြဲမပြတ် ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်စေရေး တပ်/ဌာနချုပ်များအလိုက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထားပြီး စာအုပ် စာစောင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း။

 

သက်သာချောင်ချိရေးနှင့် ပတ်သက်၍ စားသောက်နေထိုင်ရေးသည် အရေးကြီးကြောင်း၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးထားကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်း နိုင်ငံများထက် လျော့နည်းလျက် ရှိကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုကို အထောက်အကူပြုနိုင်သကဲ့သို့ ပိုလျှံသည့် ထုတ်ကုန်များကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိ လာပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုသည် နိုင်ငံအတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းသည်လည်း ကုန်ထုတ်လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်းပင် ဖြစ်ကြောင်း။

 

နိုင်ငံတော်ပိုင်းအနေဖြင့် တပ်မတော်သားများ၏ ရိက္ခာ၊ လစာနှင့် ရပိုင်ခွင့်များအားလုံးကို တတ်နိုင်သရွေ့ အကောင်းဆုံး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး အနေဖြင့်လည်း မိမိတို့ကို ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် တာဝန်ကျေပွန်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း နေထိုင်၍ အသောက်အစား၊ အပျော်အပါးများကို ရှောင်ကြဉ်ကာ ဘဝရည်မှန်းချက်များ ပြည့်မီအောင် နေထိုင်ကျင့်ကြံသွားကြရန်လိုကြောင်း၊ မိမိဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင် သုံးစွဲသွားကြရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းဖြင့် စစ်သည်တော်ကောင်းတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ကြရန်လိုကြောင်း၊ မိမိတို့လုပ်ဆောင် ရမည့်တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခြင်းအားဖြင့် တပ်မတော်၏ အရည်အသွေး၊ တပ်မတော်၏ အဆင့်အတန်းကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်များ၏ လိုအပ်ချက်များကို မေးမြန်းသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

 

mdn

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းရုံးခန်းမ၌ ကျောင်းအုပ်ကြီးက တပ်သမိုင်းအကျဉ်း၊ ရည်မှန်းချက်တာဝန်နှင့် စွမ်းဆောင်ရည်များ၊ စစ်သည်များအား အဆင့်အလိုက် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးနိုင်မှုများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိမှုနှင့် လက်ရှိ ဖွင့်လှစ်ဆဲ သင်တန်းများ၏ အခြေအနေများ၊ လေ့ကျင့်ရေးကွင်းများ ဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ပေးနိုင်မှု အခြေအနေများ၊ သင်တန်းသားများအား အာဟာရပြည့်ဝမှုရှိစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် ကျွေးမွေးပေးလျက်ရှိမှု အခြေအနေများ၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းများ၏ တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်လာအောင် လေ့ကျင့် ပေးခြင်းပင် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ လုံးဝလျှော့ပေါ့၍ ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ်လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝမှ သာလျှင် တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိများ ကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန်သည့် ရလဒ်ကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လက်တွေ့ စစ်မြေပြင်သဖွယ် ဖန်တီး၍ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည်” ဟူသည့်အတိုင်း သင်တန်းကျောင်းများမှ စနစ်တကျလေ့ကျင့် မွေးထုတ်ပေးလိုက်နိုင်မှသာလျှင် စစ်သည်တော်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် စစ်သည်တော်များသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သန်စွမ်း သူများဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်သည်ဖြစ်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထား ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။

 

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည့် စစ်ဘက် အသုံးအဆောင်ပစ္စည်းများအပေါ် မူတည်၍ စစ်နည်းဗျူဟာများကိုလည်း ပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြု ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သမားရိုးကျစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ မွမ်းမံနိုင်ရေးနှင့် အထူးစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုကြောင်း၊ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေးတို့ကိုလည်း အဆင်ပြေချောမွေ့မှုရှိအောင် စီမံဆောင်ရွက်ပေးသွားရန်လိုပြီး ရပိုင်ခွင့်များအားလုံး ရရှိအောင် ကြပ်မတ်ဆောင်ရွက် ပေးသွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေးကျောင်း သင်တန်းသား စားရိပ်သာသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေးကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်