နိုင်ငံတော်ဩဝါဒါစရိယ  မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ  ထိုင်းနိုင်ငံမှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ

မန္တလေး၊ စက်တင်ဘာ ၆

 

နိုင်ငံတော်ဩဝါဒါစရိယ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ သည် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ လိုက်ပါ၍ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် ကျန်းမာရေးအရ ဆေးကုသမှုခံယူခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက် လာရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးဦးကြိုဆိုဖူးမြော်ကြသည်။

 

ယင်းနောက် ဆရာတော်ကြီးအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အနီးကပ်ကြီးကြပ်၍ အပြည့်အဝဆောင်ရွက်ပေးနိုင်ရန် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးရှိ အထူးသီးသန့်ခန်းသို့ပင့်ဆောင်ပြီး တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးကြသည်။

 

ထို့နောက် သီတဂူဆရာတော်ကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ဩဝါဒခံယူကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်ကြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူ သီတင်းသုံးနေစဉ် အတွင်း အထူးဂရုစိုက်ကြပ်မတ် ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေညီ တင်ပြသွားရေးတို့ကို တာဝန်ရှိသူများကို မှာကြားခဲ့သည်။

(သတင်းစဉ်)