နေပြည်တော် ၂၂ မတ် 


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား - ဝိုင်းမော် ကားလမ်းပေါ်ရှိ နန့်မြစ်ခတံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

1


နိုင်ငံတော်သမ္မတအား တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 


တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ နိုင်ငံ့ဘဏ္ဍာငွေ အလေအလွင့်မဖြစ်စေရေး၊ တံတားခံနိုင်ဝန်နှင့် ပတ်သက်ပြီး ယာဉ်ဖြတ်သန်းမှုများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။


ထို့နောက် နိုင်ငံတော်သမ္မတသည် နန့်မြစ်ခလေးလမ်းသွားတံတားအနက် ကျန်ရှိနေသည့် နှစ်လမ်းသွားတံတား တည်ဆောက်နေမှု၊ တည်ဆောက်ပြီးစီးသည့် နှစ်လမ်းသွား တံတားနှင့် တံတားအောက်ခြေတွင် ချောင်းရေတိုက်စားမှုကာကွယ်ရန် ကွန်ကရစ် မြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုသည်။


အဆိုပါ နန့်မြစ်ခတံတားမှာ မန္တလေး- လားရှိုး- ဗန်းမော်- မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်၊ သံမဏိသံဘောင် အမျိုးအစားဖြစ်ကာ ယာဉ်တစ်စီးခြင်း ခွင့်ပြုခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။ ယင်းနန့်မြစ်ခတံတားမှာ လေးလမ်းသွားတံတားဖြစ်ပြီး လက်ရှိတွင် နှစ်လမ်းသွား တည်ဆောက်ပြီးစီးပြီဖြစ်ကာ ယခုအခါ လေးလမ်းသွားတံတားဖြစ်ရန် ထပ်မံတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

1


ယင်းနောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။ 

1

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှု၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာများ သင်ကြားပေးနေမှု၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် တိုင်းရင်းသားလူငယ်များအား လေ့ကျင့်မွေးထုတ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ပါဝင်ပြီး တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားများအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုသားသမီးတို့အနေဖြင့် ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားပြသပေးမှုများသည် သားတို့သမီးတို့၏ အနာဂတ်အတွက်များစွာ အရေးပါပါကြောင်း၊ ယခုသင်တန်းကျောင်းများတွင် ပညာရေး၊ သက်မွေးပညာနှင့် ပြည်ထောင်စုစိတ်ဓာတ် တည်တံ့ခိုင်မြဲရေးအတွက် အလေးထားသင်ကြားပေးနေသည်ကို တွေ့ရပါကြောင်း၊  ပြည်ထောင်စုစိတ်ဓာတ်ကို သားတို့ သမီးတို့အနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိတိုင်းရင်းသားများအကြား သိရှိပြန့်ပွားအောင် ပြောကြားပေးရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု သားသမီးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ ပညာရေးရင်းနှီးမြုပ်နှံမှုအပေါ် မူတည်ပါကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် စာကြည့်တိုက်များ ထားရှိပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သားတို့သမီးတို့အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်သို့ သွားရောက်လေ့လာ ဖတ်ရှုမှုများမှတ်ဖွယ် မှတ်ရာများကို မှတ်သားကြစေလိုကြောင်း၊ နိုင်ငံတော်ကို ခေါင်းဆောင်မည့်သူများ သားတို့သမီးတို့ထဲမှ ပေါ်ထွက်လာမည်ဟု ထင်မြင်ယူဆပါကြောင်း၊ သားတို့သမီးတို့သည် ပညာအင်အား၊ စိတ်ဓာတ်ခွန်အားပြည့်ဝပြီး နိုင်ငံတော်အား ပြန်လည်အလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို သားတို့သမီးတို့ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်းပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

1


ယင်းနောက် နိုင်ငံတော်သမ္မတက ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်၊ စားရိပ်သာနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

1


ထို့နောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး စီတာပူမနောကွင်း၌ ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။ 

1


ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့မှ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။


(သတင်းစဉ်)