ညောင်ဦး ၁၈ ဧပြီ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၉၅၃၅ ဦးအား ဧပြီ ၁၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၁၆ ဦးအား လွှတ်ပေးရာတွင် ညောင်ဦးမြို့နယ်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက နိုင်ငံတော်အစိုးရ၏ စေတနာကို သိရှိနားလည်ပြီး နိုင်ငံအတွက် ကောင်းရာကောင်းကျိုး သယ်ပိုးထမ်းရွက်နိုင်သူများအဖြစ် ဘဝကိုတန်ဖိုးရှိရှိ နေထိုင် သွားကြရန် အားပေးစကားများ ပြောကြား၍ အကျဉ်းသားများ နေရပ်ပြန်ရန်အတွက် ခရီးစရိတ်နှင့် စားစရိတ်များ အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်းနှင့် အဆိုပါ လွတ်မြောက်လာသော အကျဉ်းသားများကို မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


