ဝါရှင်တန် ဇန်နဝါရီ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အကျိုးစီးပွားနှင့် မကိုက်ညီသော နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုမှ အမေရိကန်နုတ်ထွက်ရန် ညွှန်ကြားခဲ့သည့် သမ္မတအမိန့်ကို ဇန်နဝါရီ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင်ကွန်ဗင်းရှင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂယဉ်ကျေးမှုမဟာမိတ်အဖွဲ့၊ တိုကျိုအခြေစိုက် ကုလသမဂ္ဂ တက္ကသိုလ်နှင့် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်၊ လက်တင်အမေရိက နှင့် ကာရေဘီယံကုလသမဂ္ဂစီးပွားရေးကော်မရှင် စသည့် ကုလသမဂ္ဂအဖွဲ့အစည်း ၃၁ ခုနှင့် ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်း ၃၅ ခု ပါဝင်ကြောင်း သိရသည်။
သတ်မှတ်ဖော်ပြထားသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ အမြန်ဆုံးထွက်ရန်လည်း သက်ဆိုင်ရာဌာနများနှင့်အေဂျင်စီများကို မစ္စတာထရမ့်က တိုက်တွန်းထားသည်။ ဤအဖွဲ့အစည်းများနှင့် လက်တွေ့လုပ်ဆောင်လည်ပတ်မှုများသည် အမေရိကန်အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေး၊ စီးပွားရေးသာယာဝပြောမှု သို့မဟုတ် နိုင်ငံအချုပ်အခြာ အာဏာနှင့် ဆန့်ကျင်ကြောင်း ထရမ့်က သမ္မတအမိန့်တွင် ဖော်ပြခဲ့သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ


