ရန်ကုန် ဩဂုတ် ၂၇

 

စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၁၄)၏ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။

 

ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုပြီး နိုင်ငံတော်အလံအား အလေးပြု ကြသည်။

 

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆု၊ သင်တန်းသူစံပြဆု၊ စာပေထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် သင်တန်းသား သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများကို သိရှိနားလည်ကြပြီး နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို တက်တက်ကြွကြွ ညီညီညာညာနှင့် အခက်အခဲ မှန်သမျှကျော်ဖြတ်ပြီး ရည်မှန်းချက်ရောက်အောင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း လူ့စွမ်းအားအရင်းအမြစ်များအနေဖြင့် ဘက်စုံကျွမ်းကျင်မှု ရှိသည့် ဝန်ထမ်းများအဖြစ် တာဝန်ကျေပွန်စွာ ရပ်တည်နိုင်စေရေးနှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၁၁၆ ဦး၊ သင်တန်းသူ ၂၅၀၊ စုစုပေါင်း ၃၆၆ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန် ၁၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်