ညိုညိုယဉ်(ဒိုက်ဦး)

 

မြို့ပြအမွေအနှစ်

 

(၃၂)ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်အား အပြာရောင်ကမ္ပည်းပြား တပ်ဆင်ကြောင်း ၇- ၉ -၂၀၁၉ ရက် (စနေနေ့) ထုတ် ဂျာနယ်များတွင် ဖတ်ရ၏။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ခွင့် ရရှိခဲ့သူအနေဖြင့် ဝမ်းသာဂုဏ်ယူမိပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် သည် နှစ် (၁၀၀) သက်တမ်းရောက်တော့မည် ဖြစ်ပါ သည်။ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲများကို ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံးကျင်းပမည်ဟု သိထားပါသည်။ ထို့အတူ မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် သစ်ပုပ်ပင်ကြီးသည်လည်း ရန်ကုန်တက္ကသိုလ်၏ တန်ဖိုး မဖြတ်နိုင်သည့် အမှတ်တရအမွေအနှစ်လည်း ဖြစ်နေပါသည်။

 

အမှတ်တရများစွာ

 

၁၉၆၇−၆၈ မှ ၁၉၇၀−၇၁ ခုနှစ် ပညာသင်ခဲ့သည့် ကာလဖြစ်၏။ ထိုအချိန် ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်မတို့အတွက် အမှတ်တရများစွာ ရှိပါသည်။ တက္ကသိုလ်စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ ဂျပ်ဆင် ခန်းမ၊ ဝိဇ္ဇာခန်းမ၊ သိပ္ပံခန်းမတို့သည် ကျွန်မတို့ဘဝတွင် အမြဲတမ်းအမှတ်ရစရာ နေရာများဖြစ်ပါသည်။

 

အပန်းဖြေရိပ်သာတွင် အဆောင်လိုက် အားကစား ပွဲများ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲများ ကျင်းပကြ၏။ ထို့အတူ အနုပညာသင်တန်းများဖြစ်သည့် စောင်း၊ ပတ္တလား သင်တန်းများ ဖွင့်လှစ်ခဲ့၏။ ပန်းချီ သင်တန်းကို စနေ၊ တနင်္ဂနွေနေ့များတွင် သင်ကြားပေး၏။ ဆရာကြီး ဦးမြတ်ကျော် ၊ ဆရာကြီး ဦးလွန်းကြွယ်တို့က သင်ကြားပေး၏။ ဆရာကြီး ဦးလွန်းကြွယ်ကို ယခုအထိ ကျန်းမာရွှင်လန်းစွာ တွေ့မြင်နေရ၍ ဝမ်းသာမိပါသည်။

 

ပြဇာတ်သင်တန်းများကို ဝိဇ္ဇာခန်းမတွင် ပိတ်ရက် တိုင်း သင်ကြားပေး၏။ ဆရာကြီး ဦးသိန်းဖေမြင့်နှင့် (အစ်ကိုလေး) ဗိုလ်ကလေးတင့်အောင်တို့က လာရောက် သင်ပြ၏။ သင်တန်းဆင်း သူငယ်ချင်းက ဖိတ်ကြားသဖြင့် “အိုဘယ့်တဏှာဒေါနပြဇာတ်” ကို ကြည့်ခွင့်ရခဲ့၏။


အပန်းဖြေရိပ်သာတွင် အတန်းဖော်သူငယ်ချင်း အောင်စိုး(ဦး)၏ “ချစ်စွာသော အိုမိခင်” ပြဇာတ်နှင့် ဆရာကြီး ဦးအောင်သင်း၏ “မြန်မာ့မြေ” ပြဇာတ်များ တွင် ပါဝင်တင်ဆက်ခွင့်ရခဲ့သည်မှာလည်း အမှတ်တရ ဖြစ်၏။

 

“အ”သုံးလုံး

 

၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်များကို နိုင်ငံအနှံ့ကျင်းပသည့် သတင်း များကိုဖတ်ရ၏။ ထိုအခါ ကျွန်မတို့ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင် လုပ်အားပေးခဲ့သည်ကို သတိရမိ၏။ ၁၉၇၀ ပြည့်နှစ် ကျောင်းပိတ်ရက်တွင် မြင်းခြံခရိုင် ဆီမီးခုံအပိုင် ကုလားရွာသို့ သွားရောက်၍ လုပ်အားပေးခဲ့ရ၏။ ရန်ကုန်မှ ညနေဘက်ထွက်သည့် ရထားကြီးတစ်စင်းလုံး လုပ်အားပေး ကျောင်းသား ကျောင်းသူများနှင့် ပြည့်နေ၏။ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ မိတ်ဆွေဖွဲ့ကာ ပျော်စရာ ခရီးတစ်ခုဖြစ်၏။ ကိုယ်တာဝန်ကျရာဒေသတွင် ဆင်းကြ ရ၏။ သူငယ်ချင်း ပျဉ်းမနားမောင်နီသင်းနှင့် ကိုမောင်ဟန် က ပုဂံညောင်ဦးက မင်္ဂလာ သာစည်ရွာတွင် တာဝန်ကျ၏။ တစ်ယောက်က စာသင်ပေး၏။ တစ်ယောက်က စစ်ပညာ သင်ပေး၏။ သူတို့ နှစ်စဉ် လုပ်အားပေးသွား၏။ ထိုစဉ်က စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဆရာကြီး ဦးသန်းဦးက ဦးဆောင်ခဲ့ခြင်းဖြစ်၏။ ယခုအချိန်တွင် ကျန်းမာသက်ရှည်နေသည့် ဆရာကြီးအတွက် ဝမ်းသာမိပါသည်။

 

နှစ်(၅၀)ပွဲတော်

 

၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၏ နှစ်(၅၀)ပြည့် အခမ်းအနားများကျင်းပပါသည်။ ၁၆-၁၂-၂၀၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာတွင် ဆရာအောင်မြင့်ဦး (မဟာဝိဇ္ဇာ)၏ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနှင့် တို့ဗမာ အစည်းအရုံးဟူသော ဆောင်းပါးကို ဖတ်ရ၏။


ထိုအခါ ၁၃၀၀ ပြည့်အရေးတော်ပုံ ကဇာတ်ကို စင်တင်ပြခဲ့သည့် နှစ် (၅၀)ပြည့် ရန်ကုန်တက္ကသိုလ် အခမ်း အနားများကို သတိရမိ၏။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကဇာတ်ကို ဝိဇ္ဇာခန်းမရှေ့ရှိ ဇာတ်စင်ကြီးတွင် တင်ဆက် ၏။ စိတ်ပညာမှ ဆရာ ဒေါက်တာဦးကျော်စိန်က ဒါရိုက်တာ လုပ်၏။ ကျွန်မတို့ သီရိဆောင်မှ သူငယ်ချင်းများ၊ မြို့ထဲမှ သူငယ်ချင်းများအတွက် ပင်နီတိုက်ပုံ၊ ပင်နီအင်္ကျီများ ရှာဖွေပေးရ၏။ ဆံထုံးထုံးဖို့ ဆံစုများ ရှာဖွေရ၏။ ယခု ခေတ်လို အလှပြင်ဆိုင် များများစားစားမရှိ၍ ဝိုင်းဝန်း ထုံးကြရ၏။ အခြားတက္ကသိုလ်များကလည်း ပြဇာတ်များ၊ အဆိုအကများဖြင့် တင်ဆက်ကြ၏။ ပျော်ရွှင်ဖွယ် ကောင်းသည့်ကာလဖြစ်၏။

 

ကျွန်မက ဘွဲ့နှင်းသဘင်ခန်းမတွင် ဖွင့်လှစ်ထားသည့် စာအုပ်ပြခန်းတွင် တာဝန်ကျ၏။ ညဘက်တွင် ပြဇာတ်ကဇာတ်များ ပြုလုပ်၏။ နေ့ဘက်တွင် တက္ကသိုလ်ရိပ်သာလမ်း၌ ဖွင့်လှစ်ထားသည်။

 

နှစ် (၅၀) ပြည့်ပွဲတော်တွင် မြို့နယ်အလိုက် စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရာ ဈေးတန်းများသို့ ဝယ်ယူစားသောက်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းလှ သည်။ ကျွန်မက သူငယ်ချင်း စောမဉ္ဇူ ဖျာပုံမုန့်ဟင်းခါးဆိုင်တွင် ဝိုင်းဝန်းရောင်းချရင်း မုန့်စားခဲ့ကြ၏။ လွတ်လပ်ပျော်ရွှင်ဖွယ်ကောင်းသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူဘဝများ ဖြစ်၏။

 

ထူးထူးခြားခြား

 

ရန်ကုန်တက္ကသိုလ် နှစ်(၅၀) ပြည့် ကျင်းပသည့်နေ့ များတွင် ထူးထူးခြားခြား နှင်းလို၊ မိုးလို တဖွဲဖွဲကျနေ၏။ ချမ်းအေးသည့် အရသာကို ခံစားကြရ၏။ ကျွန်မတို့က ချမ်းအေးသည့်ရာသီဥတုကို အမှုမထားဘဲ ပျော်ရွှင် ဖွယ်ရာ ငယ်ဘဝကို ဖြတ်သန်းခဲ့ကြပါသည်။


နှစ်(၅၀) ပွဲသည် နှစ်ရက်မျှသာကျင်းပခွင့်ရခဲ့၏။ ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့်ပွဲက တစ်နှစ်ပတ်လုံး ကျင်းပခွင့်ရသည်မှာလည်း ထူးခြားမှုတစ်ခုဖြစ်၏။

 

လွမ်းရတဲ့သူတွေ

 

နှစ် (၅၀)ကာလ စာသင်နှစ်များတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်မှာ ဆရာကြီး ဒေါက်တာ မောင်မောင်ခ ဖြစ်၏။ မော်ကွန်းထိန်းမှာ ဆရာကြီး ဦးစံအုန်းနှင့် ဆရာမ ဒေါ်စိန်စိန် ဖြစ်၏။ ကျွန်မတို့ သီရိ ဆောင် အဆောင်မှူးမှာ မမသီ၊ အဆောင်နည်းပြ ဆရာမ ဒေါ်သန်းနွဲ့နှင့် ဆရာမဒေါ်ကြင်ဦးဖြစ်၏။ မြန်မာစာ ပါမောက္ခမှာ ဆရာကြီး ဦးမောင်မောင်ကြီး ဖြစ်၏။ ဥပဒေ ဌာနက ဆရာဦးကိုယု၊ မြန်မာစာဌာနက ဆရာဦးဖိုးကျော် မြင့်တို့ကလည်း ကျောင်းသားများကြားတွင် ထင်ပေါ်၏။

 

ဥပဒေဌာနမှ ဆရာမ ဒေါ်သန်းနွဲ့၊ ဆရာမ ဒေါ်ကြင်ဦး၊ မြန်မာစာဌာနမှ ဆရာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာ ဦးစောထွန်း၊ ဆရာမ ဒေါ်မာလေး၊ ဒေါ်ပို၊ ဒေါ်သီသီ ထွဋ်စသဖြင့် ယနေ့အထိ ကျန်းကျန်းမာမာ ရှိနေကြသေး၏။

 

ဖော်ပြ၍ မကုန်နိုင်သည့် ဆရာ ဆရာမများ ရှိပါသေးသည်။ ကွယ်လွန်သွားသည့်သူများ၊ သက်ရှိ ထင်ရှားရှိသူများအားလုံးကို လွမ်းဆွတ်သတိရမိပါသည်။

 

ဒီဇင်ဘာလတိုင်း

 

တက္ကသိုလ်ဓမ္မာရုံကြီးတွင် နှစ်စဉ်နှစ်တိုင်း မြန်မာစာ ဆရာ ဆရာမများကန်တော့ပွဲ ကျင်းပ၏။ ကျွန်မတို့ သူငယ်ချင်းများ နှစ်တိုင်းလို ထိုပွဲကို တက်ရောက်ခဲ့ကြ၏။ ကန်တော့ပွဲအပြီးတွင် ရန်ကုန် တက္ကသိုလ်ဝင်းထဲ ဝင်ကြ၏။ အဓိပတိလမ်းအတိုင်း လျှောက်ကာ သစ်ပုပ်ပင်ကြီးကို အလွမ်းပြေကြည့်ကြ၏။ ငယ်ဘဝများကို သတိရ၏။ သီရိဆောင်ဘက်သို့လည်း သွားကြ၏။ သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ်သည် ကျွန်မတို့နှင့် အဝေးကြီးတွင် ရှိမနေပါ။

 

နှစ် ၁၀၀

 

ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀၀)ပြည့်ပွဲကို တစ်နှစ်ပတ်လုံး ကျင်းပမည်ဟု သိရပါသည်။ ရန်ကုန်တက္ကသိုလ် ကြီးမှ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့၏။ ပညာရည် မြင့်မားသူများလည်း မွေးထုတ်ပေးခဲ့၏။ အစဉ်အလာကြီးမားသည့်အလျောက် ဂုဏ်သိက္ခာလည်း မြင့်မား၏။

 

ကျွန်မတို့က ထိုသို့ အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာသင်ခွင့်ရခဲ့သည်ကို ဝမ်းသာဂုဏ်ယူမိပါသည်။

 

နှလုံးသားထဲကရန်ကုန်တက္ကသိုလ်၏ နှစ် (၁၀၀) ပြည့်ပွဲသို့ ပါဝင် ဆင်နွှဲကြရန် သူငယ်ချင်းများနှင့် ချိန်းဆိုရဦးမည်။ သို့သော် နှစ် (၅၀) ကို ဖြတ်သန်းခဲ့ကြပြီးဖြစ်၍ အသက်တွေလည်း ရလာပြီ၊ အနယ်နယ်အရပ်ရပ် ရောက်နေကြပြီ။ တွေ့ဖို့ လွယ်ပါ့မလား။

 

နှစ် (၅၀) ကို ပြန်လွမ်းရင်း နှစ် (၁၀၀) ပြည့်ကို ကြိုဆိုရပါသည်။

 

တကယ်တော့ ရန်ကုန်တက္ကသိုလ်ကြီးသည် ကျွန်မ တို့အတွက် အမှတ်တရများစွာရှိခဲ့၏။ အသိပညာ အလိမ္မာများစွာ ရရှိခဲ့၏။ အတူတကွ ပေါင်းသင်း ဆက်ဆံတတ်ရန် လူမှုဆက်ဆံရေး အတတ်များရရှိခဲ့ရာ နေရာဖြစ်၏။ လွတ်လပ်ပျော်ရွှင်သော ငယ်ဘဝများကို ဖြတ်သန်းခဲ့သည့်နေရာဌာနလည်း ဖြစ်၏။ ထို့အတွက် ရန်ကုန်တက္ကသိုလ်သည် ကျွန်မတို့ အမြဲတမ်းသတိတရ ရှိနေမည်သာ။

 

နှလုံးသားထဲက တက္ကသိုလ် -----------။