နမ့်စန် ၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲ သွား ကားလမ်းမဘေးရှိ (ဟိုမိန်း) ဌာနေပြည်သူ့စစ်အဖွဲ့ပိုင် ခြံဝန်းအတွင်းတွင် ဖေဖော်ဝါရီလ ၆ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကားပစ္စည်းအဟောင်းများထားသည့် ဂိုထောင် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမြလင်းဌေးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူများက မီးသတ်ယာဉ် ၅ စီး၊ ထော်လာဂျီ ရေသယ်ယာဉ် ၅ စီးဖြင့် မီးဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုမှာ ခြံဝန်းအတွင်းရှိ သစ်တိုသစ်စများစုပုံထားသည့်နေရာမှ မီးစတင်လောင်ကျွမ်းကာ ကပ်လျက်ရှိ ကားပစ္စည်းအဟောင်းများထားသည့် ၂၇ ပေ ပတ်လည် သွပ်မိုး အုတ်ညှပ် တစ်ထပ် ဂိုထောင် ၁ လုံးနှင့် ၁၀ ပေ ပတ်လည် သွပ်မိုးထရံကာ ဂိုထောင် ၁ လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဂိုထောင် ၂ လုံး၊ ကားငယ် အပျက် ၂ စီးနှင့် မီးစက်အင်ဂျင်ဟောင်း ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါမီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


