ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၁၉) ရက်၊ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပြုလုပ်တဲ့ (၇၃)ကြိမ်မြောက် အာဇာနည်နေ့ အာဇာနည်ပုဂ္ဂိုလ်များကို ရည်စူးတဲ့ ကုသိုလ်ပွဲမှာ ဟောကြားတော်မူသည့် တရားတော်-
အာဇာနည်ဆိုတာ လောကအတွက် အထူးသိတတ်ပြီး လောကကြီးကို မှောင်ရာက လင်း၊ ယိုင်ရာက မတ်၊ ငုပ်ရာက ပေါ်၊ ဆူပူရာက ငြိမ်းချမ်း၊ ဆင်းရဲရာက ချမ်းသာလာအောင် သက်စွန့်ကြိုးပမ်းဆောင်ရွက်တတ်ကြတဲ့ ပုဂ္ဂိုလ်များပါပဲ။ မုချကတော့ သဗ္ဗညုအလောင်းတော်များနဲ့ သဗ္ဗညုဘုရားရှင်တို့ကို ခေါ်တာပါ။
အဲဒီထုံးကို နှလုံးမူပြီးတော့ လူ့လောကမှာလည်း မိမိနဲ့ဆက်စပ်နေထိုင်ရာ လောကအပေါ် အထူးသိတတ်ပြီး မကျေနပ်စရာ အကြောက်ဘေးတွေ ကင်းဝေးလွတ်မြောက်စေဖို့၊ ကျေနပ်စရာတွေ အမျှော်လွတ် ပြည့်စုံပြီး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်မှန်းချက်ထားပြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြသူတွေကို အာဇာနည် ပုဂ္ဂိုလ်တွေလို့ ခေါ်ကြပါတယ်။
ဒီလို တစ်လောကလုံးအတွက်ဖြစ်စေ၊ ဆက်စပ်ရာ နိုင်ငံနယ်ပယ်တစ်ခု အတွက်ဖြစ်စေ၊ တိုးတက်ပြောင်းလဲရေးကို ဦးတည်လုပ်ဆောင်ရာမှာ တစ်ဦး ကောင်း တစ်ယောက်ကောင်းနဲ့ မရနိုင်ပါဘူး။ သဗ္ဗညုဘုရားရှင်များလည်း နောက်လိုက်နောက်ပါ အခြံအရံအများကြီး စည်းရုံးစုဆောင်းပြီး ဝိုင်းဝန်း လုပ်ကိုင်ဆောင်ရွက်ရတာပါ။
အများနဲ့ စုပေါင်းလုပ်ဆောင်ရတဲ့ အပြောင်းအလဲ စီမံကိန်းကြီးတစ်ခု အောင်မြင်ဖို့နဲ့ အရှည်ခန့် တည်တံ့ဖို့အတွက် အရေးကြီးဆုံးကတော့ ချီးမြှောက် ထိုက်တဲ့ “စံ” လေးမျိုးနဲ့ ပြည့်စုံတဲ့ ဝန်းရံသူတွေရှိဖို့ လိုအပ်ပါတယ်။ ချီးမြှောက် ထိုက်တဲ့ “စံ” လေးမျိုးကို သင်္ဂဟတရားလေးပါးလို့ ခေါ်ပါတယ်။
(၁) ပေယျဝဇ္ဇ - ချစ်ဖွယ်စကားနဲ့ ပြောကြားချီးမြှောက်ခြင်း။
(၂) ဒါန - ပေးကမ်းချီးမြှောက်ခြင်း။
(၃) အတ္ထစရိယ - အကျိုးစီးပွားကို ဆောင်ပြီး ချီးမြှောက်ခြင်း။
(၄) သမာနတ္တတာ - ကိုယ်နဲ့ထပ်တူထား ချီးမြှောက်ခြင်းပါ။
“ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်၊ လေးဆင့် သင်္ဂဟ” လို့ အတိုကောက် မှတ်လို့ရပါတယ်။
(၁) “ချစ်ဖွယ်စကား”။ ဟုတ်ပါတယ်၊ ကိုယ်က “ချစ်ဖွယ်စကားနဲ့ ပြောကြားချီးမြှောက် အသိအမှတ်ပြုထိုက်တဲ့ ဝန်းရံသူတွေဟာ အပြောင်းအလဲ ကာလမှာ ဘယ်လောက်ထိ အရေးပါတယ်၊ ဒီလို ချီးမြှောက်ထိုက်သူတို့ အပေါ် တာဝန်ရှိသူများက “ချစ်ဖွယ်စကား”နဲ့ သိမှတ်လေးစား ချီးမြှောက်ပြောဆိုမှုဟာ ဘယ်လောက်ထိရောက်တယ် ဆိုတာ ကိုဗစ်(၁၉) ကာလမှာ သက်စွန့်ကြိုးပမ်းတာဝန်ထမ်းကြတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ သူတို့အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ “ချစ်ဖွယ်စကားနဲ့ ပြောကြား ချီးမြှောက်မှုများ”က အထင်ရှားဆုံး သာဓကပါပဲ။
ဒီလိုကာလမျိုးမှာ ဒီလိုချီးမြှောက်ထိုက်တဲ့ ဝန်ထမ်းများသာမရှိခဲ့ရင် ..၊ ဒီလိုဝန်ထမ်းများရှိပါလျက် နိုင်ငံ ခေါင်းဆောင်တစ်ဦးက ဒီလိုချီးမြှောက် အားပေးမှုမျိုးသာ မလုပ်ခဲ့ရင် ..၊ ကိုဗစ် (၁၉)နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဟာ ခုလို ကမ္ဘာက လေးစား သိမှတ်လောက်အောင် အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အပြောင်းအလဲတစ်ခုရဲ့ အောင်မြင်ရေးမှာ “ချစ်ဖွယ်စကား””နဲ့ ချီးမြှောက်ထိုက်တဲ့ ဝန်းရံသူ တွေနဲ့ ချီးမြှောက်မှုမျိုးကလည်း ရှိဖို့လိုပါတယ်။
(၂) “ပေးကမ်းငြား၍” ။ ဒါကတော့ ဝန်ထမ်းအားလုံးပါပဲ။ လစာရိက္ခာ ပေးကမ်းချီးမြှောက် ရတာချည်းပါပဲ။ ဒီလိုချီးမြှောက်လိုက်တဲ့ ဝန်ထမ်းကလည်း ပေးပျော်ယူပျော်ဆိုသလို အပြန်အလှန် ကျေနပ်ပျော်ရွှင်မှုဖြစ်အောင် ချီးမြှောက်ထိုက်တဲ့ ဝန်ထမ်းမျိုးတွေ ဖြစ်ဖို့လိုပါတယ်။
(၃) “စီးပွားဆောင်လင့်” ။ ဒါကတော့ မိတ်ဆွေသင်္ဂဟတို့နဲ့ ပိုပြီးဆိုင်မယ်ထင်ပါတယ်။ သူ့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှနဲ့ ကိုယ့်အပေါ်အကျိုးဆောင်သူ၊ ကိုယ့်အပေါ် ဝန်းရံသူကိုကျတော့ သူ့ဘဝအတွက်လည်း ချို့တဲ့မှု မရှိအောင် အကျိုးစီးပွားကိုဆောင်ပြီး ချီးမြှောက်သင့်တယ်လို့ ပြောတာပါ။ နိုင်ငံတစ်နိုင်ငံ အနေနဲ့တော့ ပင်စင်လစာထောက်ပံ့တဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့် အသက်ထက်ဆုံး စားဝတ်နေမှုပြည့်စုံအောင် ချီးမြှောက်နိုင်မှ ဒီသင်္ဂဟတရားနဲ့ ညီတယ်ဆိုရမှာပါ။
ဒီအထိ သင်္ဂဟသုံးမျိုးကတော့ အပြောင်းအလဲကြီးတစ်ခုအတွက် အခြံအရံဖြစ်တဲ့ ချီးမြှောက်မှုများလို့သာ ဆိုရမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသုံးမျိုးနဲ့ ချီးမြှောက်ထိုက်သူများဟာ အခြံအရံဝန်းရံသူများသာ ဖြစ်လို့ပါပဲ။
(၄) အပြောင်းအလဲကြီး တစ်ခုလုံးအတွက် အရေးအပါဆုံး ဝန်းရံသူဆိုတာ နံပါတ်(၄)ဖြစ်တဲ့ “သမာနတ္တတာ - ကိုယ်နဲ့ ထပ်တူထားပြီး ချီးမြှောက် ထိုက်သူ”ပါ။ အပြောင်းအလဲကို ဦးဆောင်ကြိုးပမ်းနေသူ တစ်ဦးအတွက် မရှိမဖြစ်လိုအပ်သူများဖြစ်သလို ရည်မှန်းချက် ပြည့်စုံပြီးမြောက်ရေးနဲ့ အရှည်ခန့်တည်တံ့ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ချီးမြှောက်ထိုက်သူနဲ့ ချီးမြှောက်မှုလည်း ဖြစ်ပါတယ်။
“သမာနတ္တတာသင်္ဂဟတရား”ဆိုတာ ခေါင်းဆောင်က ချီးမြှောက်ချင်တိုင်း ချီးမြှောက်လို့ရတဲ့ သင်္ဂဟတရား မဟုတ်ပါဘူး။ တကယ့်ကို ကိုယ်နဲ့တန်းတူထား ချီးမြှောက်ထိုက်အောင် တာဝန်ယူထမ်းဆောင်နိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသူ အခြံအရံကောင်းဖြစ်မှ ချီးမြှောက်ရတဲ့ သင်္ဂဟပါ။
အဖွဲ့အစည်းတစ်ခုရဲ့ ရည်မှန်းချက်များ အောင်မြင်မှုနဲ့ ရေရှည်တည်တံ့ ခိုင်မြဲမှုဟာ ဦးဆောင်သူရဲ့ “သမာနတ္တတာ သင်္ဂဟတရား” မှန်ကန်မှုအပေါ်မှာ လုံးလုံးလျားလျား တည်နေပါတယ်။
ဒီချီးမြှောက်မှုနဲ့ပတ်သက်လို့ အထင်ရှားဆုံး နမူနာယူစရာကတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးနဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံးဖြစ်တဲ့ သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်တော်မူခဲ့တဲ့ သဗ္ဗညုဘုရားရှင်ရဲ့ ပထမဝါကျွတ်အပြီး သာသနာပြုအမိန့်တော် ပြန်တမ်းကြီးကိုကြည့်ရင် တွေ့မြင်နိုင်ပါတယ်။
ဝါကျွတ်ပြီး ဒုတိယ ပဝါရဏာနေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ပထမဝါအတွင်းက သဘောတရား လက်တွေ့ပါ ဟောညွှန်သင်ကြား တတ်မြောက်ထားကြတဲ့ အရည်အချင်းပြည့် တပည့်ခြောက်ကျိပ်တို့ကို စုဝေးခေါ်ယူပြီး “ရဟန်းတို့ ... ငါဘုရားလဲ နတ်တို့ရဲ့ တဏှာကျော့ကွင်း၊ လူတို့ရဲ့ တဏှာ ကျော့ကွင်း နှစ်မျိုးလုံးက လွတ်ပြီ။ သင်ရဟန်းတို့လဲ ဒီကျော့ကွင်း နှစ်မျိုးလုံးက လွတ်ကြပါပြီ” ဆိုတဲ့ စကားနဲ့ သာသနာပြု အမိန့်တော်ပြန်တမ်းကို စတင်လိုက်ပါတယ်။
တကယ်တော့ ဘုရားရှင်နဲ့ တပည့်သာဝကတွေဆိုတာ ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်အရ မမှန်းဆနိုင်အောင် ကွာခြားလှပေမယ့် ကျော့ကွင်းနှစ်မျိုးလုံးက လွတ်ကြတာချင်းကတော့ တူပါတယ်။ ဒါကြောင့် ဘုရားရှင်က တူညီသမျှနဲ့ ထုတ်ဆောင်ပြီး ကိုယ်နဲ့ထပ်တူပြု ချီးမြှောက်လိုက်တာပါ။ သဗ္ဗညုဘုရားရှင်ကြီး ကိုယ်တိုင်က ကိုယ်နဲ့ထပ်တူထားပြီး ယုံစားချီးမြှောက်ခြင်းကိုခံရတဲ့ ရဟန်းတော်တို့ ရင်ထဲမှာ ဘယ်လောက်ထိ အားတက်ရွှင်လန်း ဖြစ်သွားမလဲ၊ ဘယ်လောက်ထိ ဂုဏ်ယူဝမ်းမြောက်ဖြစ်သွားမလဲဆိုတာ မှန်းဆပြီး သိနိုင်ပါတယ်။
ရဟန်းတွေ အားတက်ရွှင်လန်း ဖြစ်သွားပြီဆိုတော့မှ ဘုရားရှင်က -
“ရဟန်းတို့ ... လူအပေါင်းတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခကို ဆောင်ဖို့၊ လောကကို သနားစောင့်ရှောက် ချီးမြှောက်ဖို့၊ နတ်လူတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခအတွက် ခရီးလှည့်လည်ကြပါ။ ခရီးတစ်ကြောင်းကို နှစ်ပါးပေါင်း မသွားကြနဲ့၊ တစ်ပါးတစ်ကြောင်းစီ ထွက်ကြ”တဲ့။
ဒီစကားပိုဒ်မှာ သာသနာဝန်ထမ်း၊ သာသနာပြုပုဂ္ဂိုလ်တို့ရဲ့ ထားရမည့်စိတ်ဓာတ်နဲ့ ရည်မှန်းချက်ကို ဘုရားရှင်က တိတိကျကျ ပြဋ္ဌာန်းသတ်မှတ် ပေးထားပါတယ်၊ “လောကကို သနားစောင့်ရှောက် ချီးမြှောက်ဖို့၊ နတ်လူတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခကို ဆောင်ဖို့”တဲ့။
ဒီမှာတမ်းက “သာသနာကို လောကအကျိုး၊ နတ်လူတို့အကျိုးအတွက် အသုံးချကြ၊ လောကနဲ့ နတ်လူတို့ကို သာသနာအတွက် အသုံးချတာမျိုး မဖြစ် စေကြနဲ့”ဆိုတဲ့ သာသနာတော်ရဲ့ ရည်မှန်းချက်နဲ့ ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းပြုပြီး အခိုင်အမာခံယူစေလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ ဒါဟာ မဟာကရုဏာရှင်၊ မဟာပညာရှင် ဖြစ်တဲ့ ဘုရားရှင်ရဲ့ တပည့်သားသံဃာ အဖွဲ့ အစည်းကြီးအပေါ် အများက လေးစားယုံကြည်အားကိုးမှုခံရခြင်းနဲ့ သံဃာ့ အဖွဲ့အစည်းကြီး အရှည်ခန့် တည်တံ့ခြင်းရဲ့ အခြေခံအကြောင်းတရားလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့မှ ဒေသစာရီလှည့်လည်ကြမည့် သာသနာပြုရဟန်း တို့ ထမ်းဆောင်ရမည့် တာဝန်နဲ့ ပတ်သက်လို့ “ရဟန်းတို့ .. ရောက်လေရာ အရပ်တိုင်းမှာ သီလ,သမာဓိ,ပညာဆိုတဲ့ အစအလယ်အဆုံး ကောင်းခြင်း သုံးဖြာနဲ့လဲ ပြည့်စုံ၊ အနက်အဓိပ္ပာယ်ပုဒ်ပါဌ်အက္ခရာ ဖြည့်စရာ ဖျက်စရာမလိုအောင် ထက်ဝန်းကျင် မှန်ကန်ပြည့်စုံတဲ့ တရားတော်ကို လာဘသက္ကာရ မငဲ့ဘဲ စင်ကြယ်တဲ့ မေတ္တာစိတ်သန့်သန့်နဲ့ ဟောကြ။ သိက္ခာသုံးရပ် အကျင့်မြတ်ဖြစ်တဲ့ သာသနာတော်ကို ထင်ရှားပြုကြ။ လောကမှာ တရားကို သိနိုင်လောက်အောင် ကိလေသာမြူ နည်းပါးကြသူတွေ အများကြီးရှိတယ်။ သူတို့အတွက် တရားသိခွင့် မဆုံးရှုံးပါစေနဲ့။ ငါဘုရားလဲ ခရီးတစ်ကြောင်း တာဝန်ယူပြီး သေနနိဂုံး ဥရုဝေလတောဆီကို တရားဟောသွားပါမယ်”ဆိုပြီး အမိန့်တော်ကို အဆုံးသတ်လိုက်ပါတယ်။
နောက်ဆုံးဖြစ်တဲ့ “ငါဘုရားလဲ ခရီးတစ်ကြောင်း တာဝန်ယူပြီး သေနနိဂုံး၊ ဥရုဝေလတောဆီ တရားဟောဖို့ သွားပါမယ်” ဆိုတဲ့ နိဂုံးချုပ်စကားကတော့ ဒီအမိန့်တော်ပြန်တမ်းရဲ့ အထွတ်အထိပ်အကျဆုံး အသက်သွေးကြော ကြီးလို့ ဆိုရပါလိမ့်မယ်။ ဘုရားရှင်သာသနာတော်မှာ ခုလို ကိုယ်နဲ့ထပ်တူပြု ချီးမြှောက်ထိုက်တဲ့ ဝန်းရံသူ သာဝကများ မရှိခဲ့ရင်၊ ရှိခဲ့ပေမယ့် ဘုရားရှင်က ခုလို ကိုယ်တူပြု ချီးမြှောက်တဲ့ “သမာနတ္တတာသင်္ဂဟ” ကို မပြုခဲ့ရင်၊ ကိုယ်တော်တိုင်လည်း ခုလိုတာဝန်ခွဲဝေယူမှု မရှိခဲ့ရင် ဘုရားရှင်သာသနာတော်ဟာ ခုလောက် အလျင်အမြန် အောင်မြင်တိုးတက်လာမှာ မဟုတ်ပါဘူး။
ဒီနိဂုံးစကားပိုဒ်က “သြဇာတိက္ကမ ကြီးမားသက်ရောက်ပြီး ရေရှည်လမ်းပြ ဖြစ်နိုင်မည့် အမိန့်ဆိုတာ နှုတ်နဲ့ချည်းပေးရတာ မဟုတ်ဘဲ အလုပ်နဲ့ပါ တွဲပေး ရတာမျိုး ဖြစ်တယ်”ဆိုတာကိုလည်း ဘုရားရှင်ကိုယ်တိုင် လက်တွေ့ပြသ လိုက်တာ ဖြစ်ပါတယ်။ နောက်ဆက်ပြီးတော့လည်း တပည့်ရဟန်းတော်များကို ဘုရားရှင်နည်းတူ ရှင်ရဟန်းပြုပေးခွင့်အထိ ထပ်တူပြု ချီးမြှောက်ခဲ့တာကြောင့် လည်း သာသနာတော်ဟာ ခုချိန်ထိ အရှိန်အဟုန်မပျက် တိုးတက်ပြီး အဓွန့်ရှည် နေနိုင်တာပါ။
လောကအပြောင်းအလဲတွေ အလျင်အမြန် အောင်မြင်ရေးနဲ့ အဓွန့်ရှည် တည်တံ့ရေးမှာလည်း ဒီ “သမာနတ္တ တာသင်္ဂဟ”တရားပြည့်စုံမှန်ကန်ရေးဟာ အဓိကအရေးကြီးဆုံးပဲ ဖြစ်ပါလိမ့်မယ်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဘုန်းတော်ကြီး ကျောင်းမှာ နေခဲ့ဖူးတော့ ဒီအကြောင်းတွေ သိပုံရပါတယ်။ သူ့ရဲ့ ဖက်ဆစ်တော်လှန်ရေး အမိန့်ပေးရာမှာလည်း ဒီနည်းအတိုင်းပဲ “ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး၊ အခု စစ်မြေပြင်ကို ထွက်ရမယ်၊ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်”လို့ အမိန့်ပေးတာကို ဖတ်ရဖူးပါတယ်။
ဘုရားရှင်ရဲ့ ပထမဆုံး သာသနာပြု အစီအစဉ်မှာ အထူးသတိပြုသင့်တာကတော့ အောင်မြင်တဲ့ အပြောင်းအလဲမှာ ထပ်တူပြု ချီးမြှောက်ထိုက်အောင် အရည်အချင်းပြည့်ဝတဲ့ ဝန်းရံသူတွေ ရှိဖို့နဲ့ အရည်အချင်းပြည့် ဝန်းရံသူများကို မဖြစ်မနေ သိမှတ်ချီးမြှောက်ပေးဖို့ရယ်၊ သြဇာတိက္ကမကြီးမား သက်ရောက်တဲ့ အမိန့်ဆိုတာ နှုတ်နဲ့ချည်း ထုတ်ရမှာ မဟုတ်ဘဲ အလုပ်နဲ့ပါတွဲပြီး ထုတ်နိုင်ရမယ် ဆိုတာရယ်ပါပဲ။
ဒီလို တာဝန်ကျေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများက လွတ်လပ်ရေး ကြီးကို သက်စွန့်ကြိုးပမ်း ရယူပေးခဲ့ကြပါပြီ။ မျိုးဆက်သစ်များက တရားမျှတ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှ ဝါဒဖြူစင်ခြင်း၊ အေးချမ်းသာယာ ဝပြောခြင်းတို့နဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုကြီးအဖြစ် အဓွန့်ရှည်တည်တံ့အောင် သင်္ဂဟတရား လေးပါးနဲ့အညီ တာဝန်ကိုယ်စီ ကျေပွန်ကြပြီး တည်ဆောက် ထိန်းသိမ်းနိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း အာဇာနည်ခေါင်းဆောင်ကြီးများ နှစ်ဝနတ်များ ကြားသိ ဝမ်းမြောက်စေဖို့ ရေစက်သွန်းချ အမျှပေးဝေကြပါစို့ ..... ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) [၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်]


