ညောင်ဦး ၂၈ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများနှင့် ပတ်သက်ပြီး ထိရောက်သော ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ပြုစုကုသခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီက ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မန္တလေးမြို့ ခုတင် ၁၅၀ဝ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦး က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦး ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများအဖွဲ့က ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ဆေးရုံရှိ ဆရာဝန်နှင့် ဆရာ၊ ဆရာမ သင်တန်းသား ၅၀ ဦး ကျော်အား အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာရှင်များကို ပြုစုကုသရာတွင် ထိရောက်သော ကျန်းမာရေး ပြုစုကုသမှုများ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အစာအိမ်၊ အူလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါရှာဖွေ ပြုစုကုသနည်းစနစ်များကို မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ သည်။
အဆိုပါ အစာအိမ်၊ အူလမ်းကြောင်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦးနှင့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာရှင် လူနာ ၂၀ ဦး အား အခမဲ့ ဆေးဝါးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


