ညောင်ဦး ၂၇ မတ်
အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ပြုစုကုသခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မန္တလေးမြို့ ခုတင် ၁၅၀ဝ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အခမ်းအနားတွင် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦး ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများအဖွဲ့က ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ဆေးရုံရှိ ဆရာဝန်နှင့် ဆရာ၊ ဆရာမ သင်တန်းသား ၅၀ ဦး ကျော်အား အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာရှင်များကို ပြုစုကုသရာတွင် ထိရောက်သော ကျန်းမာရေး ပြုစုကုသမှုများ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အစာအိမ်၊ အူလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါရှာဖွေ ပြုစုကုသနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစာအိမ်၊ အူလမ်းကြောင်းရောဂါ ရှာဖွေကုသပေးသည့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် မတ် ၂၈ ရက်တွင် ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာရှင် လူနာ ၂၀ ဦးကို အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းထံမှ သိရသည်။
အဆိုပါသင်တန်းကို ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်စေရန်နှင့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများနှင့် ပတ်သက်ပြီး ထိရောက်သော ကျန်းမာရေးပြုစုကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


