ညောင်ဦး ၂၈ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်နှင့်ပတ်သက်သော ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်း ကျဆင်း စေရန် ရည်ရွယ်၍ အခြေခံတိရစ္ဆာန်ကျန်းမာရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်းတန်းတွင် ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်လတ် ဦးဆောင်၍ သင်တန်းနည်းပြများက တိရစ္ဆာန်မွေးမြူရေးအကြောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများ၊ နွား၊ ဝက် တိရစ္ဆာန် မေထုံမဲ့သားစပ်ခြင်းအကြောင်းနှင့် အာဟာရဗေဒအကြောင်း သိကောင်းစရာများ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် ဒေသကြက်မွေးမြူရေးဆိုင်ရာ နည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ အခြေခံတိရစ္ဆာန်ကျန်းမာရေးသင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ သင်တန်းသား ၃၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအား မတ် ၂၈ မှ ၃၀ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


