ညောင်ဦး စက်တင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင် အေဒီ (၁၁)ရာစုက မနူဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနူဟာဘုရားကြီး၏ အာရုံခံတိုက်မပေါ်ရှိ စေတီတော် ၃၇ ဆူအား ရွှေသင်္ကန်းများ ပြန်လည်ကပ်လှူနိုင်ရေး မျက်ပါးရွှေဆိုင်းတင်ဒါဝယ်ယူနိုင်ရေး တင်ဒါဖွင့်ပွဲ အခမ်းအနားကို ဘုရားကြီးဂေါပကအဖွဲ့ရုံး၌ ယမန်နေ့က ကျင်းပသည်။

 

တင်ဒါဖွင့်ပွဲတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက မနူဟာဘုရားကြီး မျက်ပါးရွှေသင်္ကန်း ကပ်လှူနိုင်ရေး တင်ဒါစည်းကမ်းချက်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

 

ထို့နောက် မျက်ပါးရွှေသင်္ကန်းကပ်လှူနိုင်ရေး မျက်ပါးရွှေဆိုင်း တင်ဒါတင်သွင်းမည့် လုပ်ငန်းရှင်များအား ရွှေအရည်အသွေး ကောင်းမွန်စွာ အပ်နှံနိုင်ရေးအတွက် တင်ဒါဖွင့်ပွဲကျင်းပရာ တင်ဒါအောင်မြင်သော လုပ်ငန်းရှင် ၂၁ ဦးအား စာချုပ်ချုပ်ဆိုခဲ့သည်။

 

မနူဟာဘုရားကြီး၏ အရုံခံတိုက်မပေါ်ရှိ စေတီတော် ၃၇ ဆူအား ရွှေသင်္ကန်းများ ပြန်လည် ကပ်လှူမည်ဖြစ်ရာ စေတနာရှင်ပြည်သူများအနေဖြင့် မျက်ပါးရွှေဆိုင်း တစ်ဆိုင်းလျှင် ငွေကျပ်သုံးသိန်းဖြင့် မနူဟာဘုရားကြီး ဂေါပကအဖွဲ့ ဖုန်း ၀၉၄၀၂၇၈၆၉၁၃ သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)