ညောင်ဦး ၂၀ ဧပြီ
မြို့နယ်အတွင်း ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် အန္တရာယ်ကင်းစွာ စီးနင်းသွားလာနိုင်ရန်နှင့် ရထားနှင့် ပတ်သက်၍ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုဖြစ်စဉ်များ လျော့နည်းကျင်ဆင်းစေရန်၊ ရထားခဲပေါက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၈)တပ်ခွဲ၊ တပ်စု(၃)ပုဂံမှ တပ်စုမှူး ရဲအုပ် ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပုဂံဘူတာရုံအတွင်းရှိ ခရီးသွားပြည်သူများ အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ခရီးသွားပြည်သူများနှင့် တွေ့ဆုံ၍ မီးရထားဆိုင်ရာ မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန်အတွက် ပညာပေး ဟောပြောရာတွင် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၈)တပ်ခွဲ၊ တပ်စု(၃)ပုဂံမှ တပ်စုမှူး ရဲအုပ် ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက မြန်မာ့မီးရထား တိုင်းအမှတ်(၁၁) ပုဂံဘူတာမှ ရုံပိုင်ကြီး ဦးဉာဏ်တင့် ဦးဆောင်သော ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ပုဂံဘူတာရုံအတွင်းရှိ ရထားစီးနင်းရန် စောင့်ဆိုင်းနေသော ခရီးသွားပြည်သူများနှင့် ဘူတာရုံအနီးနေထိုင်၍ ကား၊ ဆိုင်ကယ် ၊ သုံးဘီး ဆိုင်ကယ် အငှားယာဉ်မောင်းနှင်သူများကို ရထားများ ဖြတ်သန်းမောင်းနှင်ရာတွင် လူနှင့် တိရစ္ဆာန်များ ရထားကြိတ်ခံရ၍ ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုဖြစ်ပွားရသည့်ဖြစ်စဉ်များ၊ ရထားနှင့် ပတ်သက်ပြီး အသက် အန္တရာယ် မဖြစ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ရထားအားခဲဖြင့် ပစ်ပေါက်ပါက အရေးယူခံရမည့် ရထားပို့ဆောင်ရေးဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ခိုးဆိုးလုယက်မှုများ ကျူးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု ပြစ်ဒဏ်များ၊ ရထားစီးနင်းရာတွင် အန္တရာယ်ကင်းဝေးစေရန် စနစ်တကျ စီးနင်းသွားလာရမည့်နည်းစနစ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဆက်လက်၍ မြန်မာ့မီးရထား တိုင်းအမှတ်(၁၁) ပုဂံဘူတာမှ ရုံပိုင်ကြီး ဦးဉာဏ်တင့် က ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် ယာဉ်အန္တရာယ်မဖြစ်အောင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် ရထားခဲပေါက်မှုဖြစ်စဉ်များနှင့် ရထားပေါ်တွင် ခိုးဆိုးလုယက်မှုများ ဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံသွားရန် ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၈)တပ်ခွဲ၊ တပ်စု(၃)ပုဂံမှ တပ်စုမှူး ရဲအုပ် ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက ရထားစီးခရီးသည်များနှင့် ဘူတာရုံအနီးနေထိုင်၍ ကား၊ ဆိုင်ကယ် ၊ သုံးဘီး ဆိုင်ကယ် အငှားယာဉ် မောင်းနှင်သူများကို မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


