ညောင်ဦး ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းခွင်နှင့် တွဲဖက်၍ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် နှစ်ရှည်သီးနှံဖြစ်သည့် မန်ကျည်းပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် မန်ကျည်းသီးများ အသီးအထွက်နှုန်းကောင်းမွန် ဈေးကောင်းရရှိ၍ သီးနှံအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ်က အညာကျေးလက်ဒေသတွေမှာ ဒေသခံတောင်သူတွေ သီးနှံအပိုဝင်ငွေရရှိစေဖို့ လယ်ယာလုပ်ငန်းခွင်နဲ့ တွဲဖက်ပြီးတော့ စိုက်ပျိုးထားရှိတဲ့ မန်ကျည်းပင်တွေက အသီးအထွက်နှုန်းများ ကောင်းမွန်ခဲ့ပြီးတော့ ဆွတ်ခူးရောင်းချရာတွင်လည်း ဈေးကောင်းရရှိတာကြောင့် မန်ကျည်းစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေကြပါတယ်။ မန်ကျည်းပင်က တစ်နှစ်မှာ တစ်ကြိမ်သာ ဆွတ်ခူးရောင်းချရတဲ့ နှစ်ရှည်သီးနှံဖြစ်ပေမယ့် ရာသီဥတုနဲ့ မိုးလေဝသကောင်းရင် ကောင်းသလို အသီးအထွက်နှုန်းကောင်းပြီး တောင်သူတွေအတွက် လယ်ယာစိုက်ပျိုးလုပ်ငန်းကရရှိတဲ့ သီးနှံဝင်ငွေအပြင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက သီးနှံဝင်ငွေရရှိလို့ စိုက်ပျိုးသင့်တဲ့ နှစ်ရှည်သီးနှံပဲဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် မန်ကျည်းသီး(အစေ့ပါ) တစ်ပိဿာကို ငွေကျပ် ၁၃၀၀ ဈေးနဲ့ ရောင်းချနေရပြီး (အစေ့လွတ်)တစ်ပိဿာကို ငွေကျပ် ၁၅၀၀ ဈေးနဲ့ ရောင်းချရလို့ စီးပွားရေးတွက်ခြေကိုက်တယ် ဆိုရာမှာပေါ့။ နောက်ပြီး မြို့ကိုသွား၍ ရောင်းချစရာမလိုဘဲ မန်ကျည်းပွဲစားများက အိမ်အရောက် လာရောက်ဝယ်ယူလို့ ခရီးစရိတ်လည်း အကုန်အကျ သက်သာပါတယ်။ ဒါ့အပြင် ယခုလို မန်ကျည်းသီးလှိုင်လှိုင်ပေါ်ချိန်မှာ မန်ကျည်းအသား(အစေ့လွတ်) သိုလှောင်ထားချင်တဲ့ မန်ကျည်းပွဲစားများက မန်ကျည်း(အစေ့)ထုတ်ခြင်းလုပ်ငန်းကို ဒေသခံနေပြည်သူများကို ငှားရမ်းလုပ်ကိုင်တာကြောင့် ဒေသခံပြည်သူတွေလဲ မန်ကျည်း(အစေ့)ထုတ်ခြင်းအတွက် တစ်ပိဿာကိုငွေကျပ် ၃၀၀ ရရှိလို့ တစ်ရက်ကို အနည်းဆုံး ငွေကျပ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ နေ့စဉ် ဝင်ငွေရရှိလို့ ကျေးရွာတွေက မန်ကျည်း(အစေ့ထုတ်) အငှားလိုက်သူများလည်း ဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ညောင်ဦးမြို့နယ် ဗြူကြီးကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

မန်ကျည်းပင်များကို မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြားတွင် တွေ့ရတတ်ပြီး မြန်မာပြည် အထက်ပိုင်းဒေသများတွင် အရိပ်ရသစ်ပင်ကြီးများအဖြစ် အများအပြား စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မန်ကျည်းပင်သည် မုတ်သုံကာလ မိုးရာသီတွင် အရွက်နုများထွက်ပြီး စိမ်းစိုနေကာ ပူပြင်းခြောက်သွေ့သော နွေဦးရာသီတွင် တစ်ပင်လုံး အရွက်များကြွေကျလေ့ရှိသည်။ မန်ကျည်းပင်သည် နှစ်ရှည်သီးနှံတစ်ဖြစ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာသီးသည့် အပင်တစ်မျိုးဖြစ်ပြီး ကြိုက်နှစ်သက်သော ရေမြေရာသီဥတုအနေဖြင့် အပူအအေးမျှတသော ဒေသများတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုရှိကာ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရွှံ့ဆေးဆန်သောမြေကို ပိုမိုကြိုက်နှစ်သက်ကြောင်း သိရသည်။

မန်ကျည်းပင်စိုက်ပျိုးရာတွင် အစေ့မှတစ်ဆင့် စိုက်ပျိုးနိုင်သလို ကိုင်းဖြတ်စိုက်ခြင်း၊ မြေထုပ်စည်းခြင်း၊ ကိုင်းကူးစိုက်ခြင်း စသဖြင့် အမျိုးမျိုးစိုက်ပျိုးနိုင်သည်။ အပင်ကြီးထွားစဉ်တစ်လျှောက် ရေနေ့စဉ် ပုံမှန်လောင်းပေးစရာမလိုအောင် ဂရုစိုက်စရာမလိုအပ်သည့် နှစ်ရှည်သီးနှံပင်တစ်မျိုးလည်းဖြစ်ကာ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် မြေဆွေး၊ နွားချေး၊ ကွန်ပေါင်း စသည့် မြေဩဇာကျွေးခြင်းကို တစ်နှစ်လျှင် အနည်းဆုံး(၃)ကြိမ်ခန့် ကျွေးပေးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းစေသည်။ 

မန်ကျည်းပင်မှ ထွက်ရှိသော အသီးနှင့် မန်ကျည်းရွက်နုများကို ဟင်းချက်ရာတွင် အမျိုးမျိုးသုံးစွဲချက်ပြုတ်ကြပြီး ဖျော်ရည်၊ ယို၊ မန်ကျည်းတော်ဖီ စသည့် စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် ပါဝင်ပစ္စည်းများအဖြစ် ရောနှောအသုံးပြုကြ၍ စိုက်ပျိုးတောင်သူတိုင်း သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိသဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)