ညောင်ဦး ၁၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ JICA (WSAT) စီမံကိန်း၏ (Post Project strategy)အရ တောင်သူများ ပဲတီစိမ်းသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် တောင်သူလယ်သမား သင်တန်းကျောင်း အမှတ်စဉ်(၂) ပဲတီစိမ်းသီးနှံ တောင်သူပညာပေး ကွင်းလက်တွေ့ ဆောင်ရွက်ခြင်း သင်တန်းကို ဧပြီ ၉ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတွင် ပါဝင်သည့် ကန်တောကျေးရွာနှင့် တောင်ဖက်တန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သူလယ်သမားသင်တန်းကျောင်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်မှ စိုက်ပျိုးပညာပေး ဝန်ထမ်း ၁၄ ဦး တက်ရောက်၍ နံနက် ၈ နာရီတွင် ညောင်ဦးမြို့နယ် ကန်တောကျေးရွာ တောင်သူ ဦးဌေးဝင်း၏ ရေဆင်း(၁၄) ပဲတီစိမ်းစိုက်ခင်းတွင် တောင်သူ ၃၀ ဦးအား ပဲတီစိမ်းသီးနှံ အထွက်နှုန်းတိုးပွားလာရေးအတွက် စိုက်ခင်းအတွင်း တစ်ဧကဝင်ဆံ့ အပင်ဦးရေ ကောက်ယူခြင်း၊ ကွင်းနင်းလေ့လာခြင်း၊ သီးနှံသက်တမ်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့ကွင်းဆင်း၍ တောင်သူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများဖြင့် စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။
ဆက်လက်၍ နံနက် ၁၀ နာရီတွင် ညောင်ဦးမြို့နယ် တောင်ဖက်တန်းကျေးရွာ တောင်သူ ဦးရဲမောင်၏ ရေဆင်း(၁၄) ပဲတီစိမ်းစိုက်ခင်းတွင် ပဲတီစိမ်းသီးနှံ တောင်သူပညာပေး ကွင်းလက်တွေ့ ဆောင်ရွက်ခြင်း သင်တန်းကို ဖွင့်လှစ်ကာ တောင်သူ ၃၁ ဦးအား ပဲတီစိမ်း အထွက်တိုးရေးနှင့် စပ်လျဉ်းသည့် စိုက်ခင်းအတွင်း တစ်ဧကဝင်ဆံ့ အပင်ဦးရေ ကောက်ယူခြင်း၊ ကွင်းနင်းလေ့လာခြင်း၊ သီးနှံ သက်တမ်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့ကွင်းဆင်း၍ တောင်သူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားခြင်းနှင့် သီးနှံအရည်အသွေး ကောင်းမွန်ရေး လိုက်နာရန် နည်းစနစ်များ အကြောင်းကို စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


