ညောင်ဦး ၁ မတ်   
   


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ပြည်သူ့ပါတီဗဟိုမှ ကြီးမှူးကျင်းပပြုလုပ်သည့် ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲနှင့် ပြည်သူ့ပါတီဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့ အမှတ်(၂)နယ်မြေ တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အခမ်းအနားသို့ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ညောင်ဦးမြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ပါတီအလုပ်အမှုဆောင်ကော်မတီဝင်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရပြီး၊ ရှေးဦးစွာ ပြည်သူ့ပါတီရုံးခန်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် ပါတီဆိုင်းဘုတ်အား ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးက သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ 

 

1.00

 

ဆက်လက်၍ ယာယီမဏ္ဍပ်တွင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဒုတိယပါတီဥက္ကဋ္ဌ ဦးမင်းဇေယျတို့က ပါတီ၏ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်သူများ၏ အခက်အခဲများကို ပြည်သူ့ပါတီဝင်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် အကြံပြု တိုက်တွန်းပြောကြားခဲ့သည်။ 

 

အဆိုပါ ပြည်သူ့ပါတီအနေဖြင့် နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား/မ ဆင်းရဲချမ်းသာ၊ အဆင့်အတန်း ခွဲခြားမှု မရှိစေရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ရေရှည်တည်တံ့၍ မျှတသော ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင်ရေး၊ လွတ်လပ်၍ မျှတသော ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းရေး၊ တောင်သူ လယ် သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်ရေး၊ အလုပ်သမားများ၏ အခွင့်အရေးများ တရားမျှတစွာ ခံစားရရှိရေး၊ လူငယ်များအား ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ကျန်းမာဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်စေရေး၊ ကလေးသူငယ်များ စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး၊ တစ်နိုင်ငံလုံး၏ အနာဂတ်ကို ခြိမ်းခြောက်ဖျက်ဆီးနေသော မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ငြိမ်းချမ်းစွ အကျိုးတူ ပူးပေါင်းဆက်ဆံရေးစသည့် ရည်ရွယ်ချက် ၁၁ ချက်ဖြင့် ပါတီလုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

0.012