ညောင်ဦး ၁၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် ကျင်းပပြုလုပ်မည့် ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှုဖြင့် မြို့မိမြို့ဖများမှ ဦးဆောင်ကာ ဧပြီ ၁၃ ရက် ညနေ ၄ နာရီတွင် အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
အတာသင်္ကြန် ဗဟိုမဏ္ဍပ်အား ပုဂံမြို့ဟောင်းသွားလမ်း၊ ရွှေစည်းခုံဘုရား တောင်ဘက်ကွင်းပြင်၊ သတ်မှတ်နေရာတွင် ဆောက်လုပ်ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ခရိုင်တရားရုံး အနောက်ဘက် သင်္ကြန်မုခ်ဦးမှ ရွှေစည်းခုံဘုရားကြီး တောင်ဘက် စောင်းတန်းသင်္ကြန်မုခ်ဦးအထိ ရေကစားမဏ္ဍပ်၊ စတုဒိတာမဏ္ဍပ်များဖြင့် အဖွဲ့ ၂၅ ဖွဲ့ပါဝင်၍ စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ညောင်ဦးမြို့နယ်မှာ ယခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနဲ့ မတူအောင် ပိုမိုစည်ကားသိုက်မြိုက်စေရေးအတွက် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ် ကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုတော့ ဌာနဆိုင်ရာများရဲ့ ပံ့ပိုးကူညီမှုနဲ့ မြို့မိမြို့ဖများမှ ဦးဆောင်ကာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ အတာသင်္ကြန် ဗဟိုမဏ္ဍပ် အကြမ်းထည် ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ပထမအကြိမ် ထည့်သွင်းကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုတော့ အထူးခြားဆုံးနဲ့ အလှပဆုံးဖြစ်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အလှဆင်ပစ္စည်းများကို တပ်ဆင်ပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ အတာသင်္ကြန်ရေသဘင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ မြို့မိမြို့ဖတွေ ဦးဆောင်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် အရုပ်အလှဆင်ခြင်များ ပြုလုပ်နေကြပါတယ်။ ဒါ့အပြင် သင်္ကြန်ပွဲတော်ရက်အတွင်း နေ့အလိုက် ယိမ်းအကပြိုင်ပွဲများ အပါအဝင် ဖျော်ဖြေရေးယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု အစီအစဉ်များ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု အစီအစဉ်များ၊ စတုဒိတာမဏ္ဍပ်များမှ သင်္ကြန်ပွဲတော်ရက်အတွင်း ကုသိုလ်ပြု ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်များ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ပြုလုပ်မည့် ကျွန်တော်တို့ ညောင်ဦးမြို့၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ မြို့မိမြို့ဖများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုဖြင့် ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပသွားမှာဖြစ်လို့ အရမ်းကို စည်ကားသိုက်မြိုက်စေမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ် အတာသင်္ကြန် ရေသဘင်ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်လင်းမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


