နန်းယွန်း ဖေဖော်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇွန်လ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

နန်းယွန်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာခုနစ်ရွာတွင် ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ငါးခု၊ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း တစ်ခု၊ ကျေးရွာအဝင် ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း တစ်ခု စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းခုနစ်ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၇၀၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေး ပြောပြချက်အရ သိရသည်။

 

“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို LIFT Fund နည်းပညာ အကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ မြို့နယ်ဦးစီးမှူး ဦးရာဌေးက ဆက်လက်ပြောပြသည်။ 

 

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကားရော်ကုန်ရွှေ၊ မီကူးနောက်ကုန်း၊ ဟချွန်နုတ်ညို၊ ဆန်းကိုင်၊ ငိုင်မောင်း၊ တဖူး၊ ပွန်းရှိန် စသည့် ကျေးရွာခုနှစ်ရွာဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 

နီလာ(ကျေးလက်)