ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ယာဉ်တိုက် မှုပေါင်း ၁၇၄၅၁ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၆၀၀၀ ကျော်၊ သေဆုံးသူ ၅၁၈၄ ဦးရှိကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းတွင် ယာဉ်တိုက်မှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၂၂၀၀ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှာ၂၀၃၃ မှု ရှိခဲ့ပါသည်။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ပြီး ၁၀၄ ဦး သေဆုံးခဲ့ကာ လူ ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတစ်ခုအရ သိရပါသည်။

 

ယာဉ်မတော်တဆဖြစ်မှုများကို မကြာခဏ တွေ့မြင်နေရပါသည်။ မကြာမီကပင် ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုတွင် ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် အပြစ်မဲ့သူ သုံးဦး သေဆုံးခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ် ခံစားမိပါသည်။ ကိုဗစ်-၁၉ က မမြင်ရသော ရန်သူဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ရပ်ဆိုးတို့က ရန်သူမဲ့စစ်မြေပြင်မှာ အပြစ်မဲ့သူတို့ အပြစ်မဲ့စွာ အသက်ဆုံးနေရခြင်း ဖြစ်သည်။ မော်တော်ယာဉ်တို့သည် လူသားတို့အတွက် မရှိမဖြစ်သော သယ်ယူပို့ဆောင်ရေး ယာဉ်များဖြစ်သည်။ မော်တော်ယာဉ်ကို ကောင်းစွာ ထိန်းသိမ်းအသုံးပြုပါက လိုရာခရီးသို့ ရောက်ရှိနိုင်ပါသည်။ သို့သော်ယင်းကို ကောင်းစွာ မထိန်းသိမ်းဘဲ မောင်းနှင်ခြင်း၊ ဆင်ခြင်မှု ကင်းမဲ့စွာ အသုံးပြုခြင်းစသည်တို့က လက်နက်တစ်ခုကို ကိုင်တွယ်အသုံးပြုနေသည်နှင့်တူသည်။ ယင်းကို ဂရုပြု ကိုင်တွယ်ထိန်းသိမ်းတတ်ရန် အထူးလိုအပ်ပါသည်။ ။

 

ကြမ်းတမ်းညံ့ဖျင်းသော ယာဉ်မောင်းခြင်းသည် အန္တရာယ်များသော အတတ်ပညာ ဖြစ်သွားတတ်ပါသည်။ ထိုသို့စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်းနှင့် အခြားသူတို့၏ လုံခြုံဘေးကင်းမှုကို အရေးမထား မောင်းနှင်ခြင်းတို့ကို အထူးဂရုပြု ကာကွယ်ထိန်းသိမ်းသင့်ပါသည်။ အန္တရာယ် ဖြစ်စေသော ယာဉ်မောင်းတို့သည် ကိုယ်ချင်းစာတရား နည်းပါးပြီး သနားညှာတာတတ်သည့်စိတ်လည်း နည်းပါးကြသည်။ အပြစ်ဖြစ်နိုင်သော နည်းလမ်းများကို အလွယ်တကူ အသုံးပြုကြခြင်း၊ အဆင်အခြင် ကင်းမဲ့ခြင်း၊ ဂရုမစိုက်ခြင်း၊ မသိကျိုးကျွံပြုခြင်း၊ မကောင်းသော အလေ့အထများကို မွေးမြူခြင်း စသည်တို့ ပါဝင်လေ့ရှိသည်။ အမှန်တကယ် ကောင်းစွာမောင်းနှင်နိုင်ပါက ယာဉ်မောင်းခြင်းသည် အနုပညာတစ်ရပ်လို ဖြစ်နေတတ်ပါသည်။ စီးနင်းသူတို့၏စိတ်ကို အေးချမ်းစေပြီး လိုရာခရီးကိုလည်း ပို့ဆောင်ပေးနိုင်သည့် အလုပ်ဖြစ်သဖြင့် အများအကျိုးပြု ကုသိုလ်ရသည့် အလုပ်ကောင်းတစ်ခုလည်း ဖြစ်ပါသည်။

 

သတိပြုသင့်သည်မှာ ယာဉ်မောင်းခြင်းသည် အချိန်ပြည့် အန္တရာယ်များ ဝန်းရံနေလေ့ရှိသည်ဆိုခြင်း ဖြစ်သည်။ မတော်တဆဖြစ်မှုက မလွဲမသွေပေါ်လာနိုင်သည်။ ထို့ကြောင့် ယာဉ်မောင်းနှင်ရာတွင် ယာဉ်မောင်း အဖို့ ခန္ဓာကိုယ်ရော စိတ်ခံစားမှု၊ သတိရှိမှုများမှာ အကောင်းဆုံး အခြေအနေရှိနေသင့်သည်။ ယာဉ်မောင်း၏ စိတ်စွမ်းရည်၊ ကျွမ်းကျင်မှုတို့အပြင် ယာဉ်ထိန်းသိမ်းမှု ညံ့ခြင်း၊ နေရာယူမှားခြင်း၊ အန္တရာယ်၏ သဘာဝကို မသိခြင်း၊ မလေ့လာခြင်း၊ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ ရန်လိုတတ်ခြင်း၊ ပေါ့ဆခြင်း၊ ဂရုမစိုက်တတ်ခြင်းတို့ကြောင့်လည်း ယာဉ်အန္တရာယ်များ ကြုံရတတ်ပါသည်။ ယာဉ်မောင်းသည် မိမိကိုယ်ကို အမြဲလေ့လာဖြည့်ဆည်း ပေးနေရမည်ကို မမေ့သင့်ပါ။ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေးအတွက် အောက်ပါအချက်တို့ကို သတိပြုသင့်ပါသည်။

 

၁။ မိမိမောင်းသင့်သောစွမ်းရည် အတိုင်းအတာ အတွင်းသာမောင်းနှင်ခြင်း (မကျွမ်းကျင်ဘဲ မြန်နှုန်းမြှင့် မောင်းနှင်ခြင်း၊ အရှိန်ဖြင့် ချိုးကွေ့ခြင်းစသည်များ)၊

 

၂။ ရရှိသော အတွေ့အကြုံအမှားများကို ပြုပြင်ခြင်း (အတွေ့အကြုံမှ သင်ခန်းစာယူတတ်စိတ်ရှိခြင်း)၊

 

၃။ မိမိအရည်အချင်းကို သိနားလည်ခြင်း၊ ဆန်းစစ်နိုင်ခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိခြင်း စသည်တို့ဖြစ်သည်။

 

ယာဉ်မောင်းနှင့် ဉာဏ်ရည်

 

ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်သော ယာဉ်မောင်း တစ်ယောက်အဖို့ စဉ်းစားဆင်ခြင်နိုင်မှု၊ စာနာစိတ်ထားရှိမှုတို့ မလွဲမသွေလိုအပ်ပါသည်။ တစ်ကိုယ်ကောင်းဆန်စိတ် ရှိသူတစ်ဦးသည် ယာဉ်မောင်းကောင်းတစ်ယောက် ဖြစ်မလာနိုင်ပေ။

 

ယာဉ်မောင်းခြင်းအတွက် ထိုက်သင့်သော စဉ်းစားတွေးခေါ်မှု၊ ဆုံးဖြတ်နိုင်မှုတို့ရှိရန် ထိုက်သင့်သော ဉာဏ်ရည် ရှိသင့်သည်။ ခန္ဓာကိုယ်ရော ဉာဏ်ရည်ပါ အရေးပါပါသည်။ ခန္ဓာကိုယ်က မည်မျှကြံ့ခိုင်နေသည်ဖြစ်စေ၊ စိတ်ဓာတ်မကြံ့ခိုင်သူ၊ စိတ်ကောင်းရှိသူ မဟုတ်ပါက ယာဉ်မောင်း ကောင်းဖြစ်လာမည် မဟုတ်ပါ။ ဉာဏ်ရည်နိမ့်ကျသူ ယာဉ်မောင်းကြောင့် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်လာစေနိုင်ပါသည်။ ။

 

ဉာဏ်ရည်ရှိသူသည် အောက်ပါအချက်(၃)ချက်နှင့် ပြည့်စုံသင့်သည်ဟု စိတ်ပညာရှင်တို့က ဆိုပါသည်။

 

၁။ သင်ယူနိုင်စွမ်းရှိရမည်။ (ယာဉ်မောင်းကောင်း တစ်ယောက်သည် လေ့လာသင်ယူနိုင်နေသင့်သည်။ မိမိနှင့် အများအတွက် ယာဉ်လမ်းစည်းကမ်းများ အပါအဝင် လေ့လာသင့်သည်များကို မျက်ခြည်မပြတ် သင်ယူနေရပါမည်)။

 

၂။ မိမိအသက်အရွယ်နှင့် ကိုက်ညီသော အထွေထွေ ဗဟုသုတရှိရမည်။ (မော်တော်ယာဉ်များကြောင့် ထိခိုက်ဆုံးရှုံးရသူတို့၏ ဘဝများ၊ ခံစားရမှုများကို စာနာစိတ်ထားသင့်သည်။ အတွေ့အကြုံအဖြစ် မှတ်ယူပြီး ရှောင်ရှားနိုင်အောင် ကြိုးစားသင့်ပါသည်။ အခြားသော အထွေထွေ သိသင့်သည်များကိုလည်း လေ့လာမှတ်သားသင့်ပါသည်)။

 

၃။ ရောက်ရှိရာဒေသပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူနိုင်စွမ်းရှိရမည်။ (အခြေအနေ သစ်တစ်ခု ရောက်သည်နှင့် အဆင်ပြေအောင်ညှိနိုင်စွမ်းရှိရပါသည်။ ယာဉ်မောင်းကောင်း တစ်ယောက်အဖို့ ပတ်ဝန်းကျင်သစ်တစ်ခုတွင် အန္တရာယ်ကင်းအောင် မောင်းနှင်နိုင်အောင် ဉာဏ်ရည်ပြည့်ဝနေရပါမည်)။ ယင်းတွင် အောက်ပါဉာဏ်ရည်တစ်ခုသည်လည်း အန္တရာယ်ကင်းစေရေးအတွက် အရေးပါလှသည်ကို တွေ့ရပါသည်-

 

အကွာအဝေးမှန်းဆနိုင်ခြင်းဉာဏ်ရည်

 

အသွားနှုန်း တစ်နာရီ မိုင် ၆၀ နှုန်းဖြင့်သွားနေစဉ် တုံ့ပြန်မှုစက္ကန့်ဝက်သာ နောက်ကျပါက မိမိ၏ယာဉ်သည် ရှေ့သို့ ၁၅ ကိုက်အကွာသို့ ရောက်ရှိနေနိုင်သည်။ တစ်နာရီ မိုင် ၃၀ နှုန်းဖြင့် သွားနေသောယာဉ်၏ ရပ်တန့်အကွာအဝေးသည် ပေ ၅၀ ဖြစ်သည်။ ထို့ထက်နှစ်ဆ မြှင့်လိုက်ပါက နှုန်းသည် တစ်နာရီမိုင်၆ဝ ဖြစ်သွားပြီး ရပ်တန့်အကွာအဝေးသည် ပေ၂၀၀ ခန့်ဖြစ်သွားနိုင်သည်ကို သတိပြုရပါမည်။ မြန်နှုန်းက နှစ်ဆဖြစ်သော်လည်း ရပ်တန့်အကွာအဝေးက လေးဆ ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ယာဉ်မောင်းသည် မိမိယာဉ်ကို အန္တရာယ်မဖြစ်စေနိုင်အောင် မှန်းဆနိုင်စွမ်းရှိသည့် ဉာဏ်ရည်ရှိသင့်ခြင်းဖြစ်သည်။ ဉာဏ်ရည်နိမ့်ပါးခြင်းသည် ဘေးကင်းသော ခရီးစဉ်တစ်ခုကို ဖန်တီးနိုင်စွမ်း နည်းပါးတတ်ပါသည်။ ။

           

ယာဉ်မောင်းသင့်သူများ

 

၁။ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းသူများ- မူလဗီဇအခြေခံအရ အားနည်းသူများ၊ စိတ်စွမ်းရည် နည်းပါးသူများ၊

 

၂။ မတော်တဆဖြစ်ရန် အလားအလာရှိသူများ- ယာဉ် မတော်တဆ မကြာခဏ ဖြစ်တတ်သူများ ထိုသူများကို ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်းတို့လုပ်ပြီးမှ ပြန်လည်မောင်းနှင်စေသင့်ပါသည်။ မတော်တဆ ဖြစ်ခဲ့သူတိုင်းကို ဆိုလိုခြင်းမဟုတ်ဘဲ မတော်တဆ မကြာခဏ ဖြစ်ခဲ့ဖူးသူတို့သည် မတော်တဆ ထပ်မံဖြစ်ပွားရန် အလားအလာ ရှိနိုင်သည်ဟု သိရပါသည်။ ။

 

၃။ သွေးကြွ၊ သွေးဆူသူများ- ယင်းတွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ သနားညှာတာမှု ကင်းမဲ့ခြင်း၊ ဥပဒေ စည်းကမ်းဆိုသည်များကို လုံးဝဂရုမစိုက်ခြင်း၊ အန္တရာယ်နှင့်ကြုံတိုင်း အလျှော့မပေးတတ်ခြင်း၊ ငြိမ်းချမ်းစွာ မဖြေရှင်းလိုခြင်း၊ ရန်လိုနေတတ်ခြင်း စသည်တို့ကို တွေ့ရလေ့ ရှိပါသည်။ ထိုသူတို့သည် ယာဉ်မောင်းရာတွင်သာမက ပြင်ပလောကတွင် ရာဇဝတ်မှု ကျူးလွန်တတ်သူများလည်း ဖြစ်နေတတ်ပါသည်။ ။

 

အန္တရာယ်ကင်းသော ယာဉ်မောင်းတစ်ယောက်ဖြစ်ရန် ယဉ်ကျေးသောစိတ်နှင့် အမူအကျင့်တို့လိုအပ်ပါသည်။

 

ယဉ်ကျေးဖွယ်အမူအရာ

 

တစ်ဦးနှင့်တစ်ဦး လေးစားဖွယ်တုံ့ပြန်နိုင်မှု- လမ်းမပေါ်တွင် တွေ့ရသော မော်တော်ယာဉ်များ လမ်းအသုံးပြုသူ၊ လမ်းဖြတ်ကူးသူပါမကျန်တို့ကို လေးစားစိတ်ရှိခြင်းသည် ယဉ်ကျေးသော စိတ်ဓာတ်ဖြစ်သည်။ အခြားသူအတွက် နေရာပေးခြင်း၊ ဦးစားပေးသင့်သည်ကိုပေးခြင်း၊ နေရာတကာတွင် After You ဆိုသည့် သဘောထားကြီးတတ်မှုတို့ ထားနိုင်ပါက လမ်းမများပေါ်တွင် သွားလာနေရခြင်းသည် ပျော်ရွှင်ဖွယ်ဖြစ်လာပါသည်။ ယဉ်ကျေးသော ယာဉ်မောင်းတို့သည် ယဉ်ကျေးသော အမူအရာတို့ကို ပိုင်ဆိုင်နေလေ့ ရှိကြပါသည်။

 

ညံ့ဖျင်းကြမ်းတမ်းသော ယာဉ်မောင်းများ

 

ညံ့ဖျင်းကြမ်းတမ်းသော ယာဉ်မောင်းခြင်းကြောင့် ထိခိုက်နစ်နာမှုများစွာ ဖြစ်လျက်ရှိပါသည်။ မဆင်မခြင် မောင်းနှင်ခြင်း၊ ပြဿနာဖြစ်စေသော ယာဉ်မောင်းနှင်ခြင်းတို့သည် ညံ့ဖျင်းသော ယာဉ်မောင်းနှင်ခြင်းတို့တွင် ပါဝင်သော အချက်များဖြစ်သည်။ ညံ့ဖျင်းကြမ်းတမ်းသော ယာဉ်မောင်းတို့တွင် ဖြစ်လေ့ရှိသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် (၈) ချက်ကို အောက်ပါအတိုင်းတွေ့ရပါသည်၁။ မိမိကိုယ်မိမိ ကြမ်းတမ်းခက်ထန်နေပြီကို သတိမပြုမိခြင်း (သို့မဟုတ်) ထိုအခြေအနေကို ဂရုမစိုက်ခြင်း၊ ယာဉ်မောင်းရာတွင် မိမိကိုကျော်တက်သွားခြင်း၊ ရှေ့ပိတ်မောင်းခြင်း၊ လမ်းမဖယ်ခြင်း၊ ခရီးသည်ယာဉ်များဆိုလျှင် ခရီးသည်လုတင်ခြင်း၊ မခံချင်အောင်လုပ်ခြင်း၊ တန်းစီရမည့်နေရာတွင် ကျော်တက်နေရာယူခြင်း စသည်တို့သည် စိတ်ကို နှိုးဆွဒေါသဖြစ်စေသည့် အကြောင်းများဖြစ်သည်။ ယင်းတို့တွင် မိမိ၏ဒေါသစိတ်ကို မထိန်းနိုင်သူ များတတ်သည်။ မိမိ၏ဒေါသကို သတိမမူမိဘဲ တစ်ဖက်သားအပေါ် ရန်လိုစိတ်များ ချက်ချင်းဝင်လာတတ်သည်။ ငယ်ရွယ်သူများက ထိုကဲ့သို့သော အခြေအနေများမှ စိတ်မထိန်းနိုင် ပိုဖြစ်တတ်ကြသည်။ ထိုသူတို့အတွက် ထိုသို့ဖြစ်တတ်မှုကို အသိပေးပြီး ယာဉ်မောင်း တစ်ယောက်သည် သာမန်ထက်စိတ်ရှည်သည်းခံစိတ် ရှိသင့်သည်ကို လေ့ကျင့်ပေးသင့်သည်။

 

၂။ ကိုယ်တို့ကျွမ်းပြီးသားပါ ဘာမှမဖြစ်ပါဘူး ဟူသည့်စိတ်ဝင်နေတတ်ခြင်း ၊ Risks ခေါ် အန္တရာယ်သည် အချိန်မရွေးကျရောက်နိုင်သည်ကို မမေ့သင့်ပါ။ ယာဉ်မောင်းနှင်ရင်း အရှိန်များလာလေ၊ မောင်းနှင်ချိန်ကြာလာလေ မထင်မှတ်သော နေရာမျိုးစုံမှ အန္တရာယ်များ ဝင်ရောက်လာတတ်သည်။ ယာဉ်မောင်းနှင်ခြင်းနောက်မှာ အန္တရာယ်က ကပ်ပါနေတတ်သည်ကို မေ့နေတတ်ကြသည်။ ကျွမ်းကျင်ပြီးသားပါဆိုသော အသိက ရုတ်တရက်ဝင်လာသော အန္တရာယ်ကို မတားဆီးနိုင်ဖြစ်တတ်ပါသည်။ သတိမလွတ်ဖို့ လိုပါသည်။ ။

 

၃။ ယာဉ်မောင်းနှင်စဉ်မိမိတို့ တွေ့မြင်နေရသည်ထက် မထင်မှတ်သော၊ မမြင်နိုင်သော ဖြစ်စဉ်များက ပေါ်လာတတ်သည်။ ယာဉ်မောင်းသည် မိမိစိတ်၏ အာရုံစိုက်မှု အများစုကို ယာဉ်မောင်းနှင်မှုအပေါ်မှာသာ နှစ်မြှုပ်ထားသင့်သည်။ မောင်းနှင်နေစဉ် စကားပြောခြင်း၊ တီဗွီကြည့်ခြင်း၊ ဖုန်းပြောခြင်းစသည်တို့သည် လမ်းပေါ်မှ အချက်ပြများ၊ အခြားယာဉ်များ စသည်တို့ကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်စွမ်း မရှိစေတတ်ပါ။ လူ့ဦးနှောက် အာရုံကြောစနစ်သည် အန္တရာယ်ကို အချိန်မီတုံ့ပြန်နိုင်ရန် အဆင်သင့်ရှိနေသော်လည်း မိမိကအချိန်မီ ဆောင်ရွက်နိုင်မှဖြစ်သည်။ သတိမလွတ်သော မောင်းနှင်မှုဖြင့် မောင်းနှင်ရန် လိုအပ်ပါသည်။ လမ်းအချက်ပြများသည် လမ်းတစ်လျှောက်လုံး၏ အခြေအနေများကို ညွှန်ပြနေသဖြင့် ယင်းတို့ကိုလေးနက်စွာ သတိထားနေသင့်သည်။

 

၄။ မောင်းနှင်စဉ် အခြားယာဉ်မောင်းသူတို့က မိမိကို မမြင်နိုင်ဟူသော အယူအဆလည်း ရှိတတ်ကြသည်။ မိမိ၏ယာဉ်ရှိနေကြောင်း သတိပေးမှုလွန်ကဲပါက အခြား ယာဉ်မောင်း၏ ဒေါသစိတ်ကို နှိုးဆွနိုင်သည်ကိုလည်း သတိပြုသင့်သည်။

 

၅။ ယာဉ်မောင်းနေခြင်းသည် ခရီးတစ်ခုသွားနေခြင်း ဖြစ်သည်။ မိမိခရီးစဉ်ကို မိမိအရောက်သွားမည်ဖြစ်သဖြင့် အမြန်မောင်းရမှာဖြစ်သည်။ ကီလိုမီတာ ၁၀ဝ အောက်သာ မောင်းနေရပါက ဘယ်အချိန်မ ှရောက်ပါတော့အံ့နည်း။ အလွန်ငြီးငွေ့ဖွယ်ကောင်းသော ကီလိုမီတာ ၇၀-၈၀ နှုန်းသည် အလုပ်မဖြစ်ပေ။ အမြန်မောင်းအံ့ဆိုသော အယူအဆတို့ ရှိနေတတ်ကြသည်။ အမြန်လမ်းကြီးများဆိုသည် အမြန်မောင်းရန်လမ်းဟုထင်ကြသည်။ သို့နှင့် သတ်မှတ်မိုင်နှုန်းများကို ကျော်လွန်ကာမောင်းကြရင်း မလိုအပ်သောအန္တရာယ်များ ကြုံရတတ်ပါသည်။

 

၆။ မိမိကိုယ်ကိုယုံကြည်ခြင်း၊ မိမိကိုယ်ကိုအထင် ကြီးခြင်းတို့က လုံးဝခြားနားပါသည်။ ယာဉ်မောင်းသူ အများစုတွင် မိမိကိုယ်ကိုအထင်ကြီးစိတ် ဝင်နေတတ်သည်ဟုသိရသည်။ အထူးသဖြင့် ယာဉ်ကြီးယာဉ်ကောင်းများ၊ ခရီးသည်တင်ယာဉ်များကို မောင်းနှင်နေရသူတို့၏ စိတ်တွင် ဝင်လာတတ်သော အခြေအနေတစ်မျိုးဖြစ်သည်။ မိမိမှာရှိသည့် တန်ဖိုးထက်ပိုပြီး အထင်မှတ်မှားနေခြင်း (Dunning-Kruger Efect) ဟုစိတ်ပညာမှာဆိုထားသည် ဟု သိရပါသည်။ ထိုသို့စိတ်ထားရှိသူများသည် ယာဉ်မောင်းရာမှာမှမဟုတ် အခြားမည်သည့်နယ်ပယ်တွင်ဖြစ်စေ ပြဿနာများနှင့် ကြုံနေတတ်ပါသည်။

 

၇။ တစ်ဦးတည်း မောင်းနှင်ရချိန်မျိုးတွင် အမြန်မောင်းမိခြင်း၊ ပတ်ဝန်းကျင်အခြေအနေကို ကောင်းစွာ တုံ့ပြန်နိုင်ခြင်း မရှိတတ်ပါ။ အချိန်များများသွားရသော ခရီးမျိုးအတွက် ခရီးဖော်ပါသင့်ပါသည်။

 

၈။ လက်ကိုင်မဲ့ (Hand-free car phone) ဖုန်းပြောခြင်းများက လက်ကိုင်ပြီးပြောသော ဖုန်းများထက် အန္တရာယ် ကင်းပါသလား။ ဗြိတိန်နိုင်ငံတွင် Hand-free car phone များကို ခွင့်ပြုထားပါသည်။ ယင်းသည် သိပ္ပံပညာနှင့် ဥပဒေတို့ နားလည်မှုလွဲနေခြင်း ဖြစ်သည်။ Conversation ခေါ် ပြောဆို ဆက်သွယ်နေခြင်းတိုင်းတွင် အသိစိတ်က တစ်နေရာတည်းတွင် ရှိနေခြင်းဖြစ်သည်။ လက်ကိုင် မပါဘဲ ပြောနေပါကလည်း ပြောဆိုနေသည့် အကြောင်းအပေါ် စိတ်အာရုံစူးစိုက်မှုက ရှိနေမှာဖြစ်ပြီး ယာဉ်မောင်းနှင်မှုအပေါ် အပြည့်အဝအာရုံစူးစိုက်နိုင်မှုရှိမှာ မဟုတ်ပါ။

 

ယာဉ်မောင်းသူတို့၏ ကိုယ်ရည်ကိုယ်သွေးပြည့်ဝမှု၊ စိတ်ဓာတ်ဖွံ့ဖြိုး ရင့်ကျက်မှုတို့သည် ယာဉ်ပေါ်ပါ ခရီးသည်များ၏ အသက်ခန္ဓာအပေါ် များစွာလွှမ်းမိုးနေကြောင်း မျက်မှောက်ဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

 

ယာဉ်မောင်းတစ်ဦး၏သတိလက်လွတ်၊ စည်းလွတ် ဝါးလွတ်မောင်းနှင်မှုကြောင့် တန်ဖိုးကြီးလှစွာသော အပြစ်မဲ့ ခရီးသည်များစွာ၏ အသက်နှင့်ခန္ဓာများ ထိခိုက်ဆုံးရှုံးမှုများမှာ တွေ့ကြုံနေရသည်မှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်။ နိုင်ငံအတွက်အားထားရမည့် လူသားအရင်းအမြစ်များလည်း ဆုံးရှုံးနေရသည်ကို တွေ့ရပါသည်။ ယာဉ်မောင်းများ၊ ယာဉ်မောင်းနှင်မှုဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့အနေဖြင့် မိမိတို့၏အရည်အသွေး၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို မှန်ကန်သော အခြေအနေရောက်အောင် ကြိုးစားပြုပြင် ကြစေလိုပါသည်။ သက်ဆိုင်ရာ တို့ကလည်း ယာဉ်မောင်းတို့၏စိတ်ပိုင်းအခြေအနေများ ကို လေ့ကျင့်ပြုပြင်ပေးကြခြင်းဖြင့် ယာဉ်အန္တရာယ်များကို အင်တိုက်အားတိုက် ကာကွယ်ထိန်းကျောင်းပေးသင့်ကြပါသည်။ ညံ့ဖျင်းကြမ်းတမ်းသော ယာဉ်မောင်းနှင်မှုများကိုကာကွယ်တားဆီးကြရပါမည်။

 

“လောကမှာမိမိ၏ တာဝန်မဲ့၊ သတိမဲ့၊ စည်းကမ်းမဲ့ မှုများကြောင့် အပြစ်မဲ့တစ်ပါးသူများ ထိခိုက်နစ်နာ ကြရခြင်းများ လုံးဝမဖြစ်အောင် လူတိုင်းကြိုးစားသင့် ပါသည်”။ ။

 

Reference - Bad Driving-Traffic Psychology(UK).. Traffic Psychology..,

ယာဉ်မောင်းသူသို့ စိတ်အာဟာရ ( ဦးမောင်တိတ်)၊ ဉာဏ်ရည်နှင့် ယာဉ် မတော်တဆ (မြမြဆွေ-စိတ်ပညာ)။