နေပြည်တော် ၂၉  မတ်

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်းနှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိ ဟိုတယ်၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက လုပ်သားများကျွမ်းကျင်မှု ရှိစေရန်အတွက် NSSA ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်သည်များစွာ ကျယ်ပြန့်ခြင်းကြောင့် အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို  နိုင်ငံတကာ “စံ” နှုန်းများနှင့် ကိုက်ညီစေရန်၊ လုပ်ငန်းစဉ်အရည်အသွေး ပြည့်ဝရေး အလေးထားဆောင်ရွက်ရန် အရည်အသွေးစီမံခန့်ခွဲမှုစနစ် (Quality Management System) အတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

NSSA သည် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှု အရည်အသွေးမူဘောင်အတွင်း level 1 မှ level 4 အထိ နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း၊ ဒေသတွင်း နိုင်ငံများ၏ သက်ဆိုင်ရာနိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုရှိပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေမှုကို သက်သေပြရန်လိုကြောင်း၊ သို့မှသာ အာဆီယံ စီးပွားရေး အသိုက်အဝန်း၏ အစိတ်အပိုင်းဖြစ်သော ကျွမ်းကျင်မှုအပြန်အလှန် အသိအမှတ် ပြုခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အာဆီယံဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များအနေဖြင့် ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့် တန်းတူရရှိလာနိုင်မည်ဖြစ်ကြောင်း၊

NSSA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ISO 9001:2015 အသိအမှတ်ပြု လက်မှတ် ရရှိထားမှုကြောင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲ သတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို အရည်အသွေးရှိရန်နှင့် ဂုဏ်သိက္ခာရှိစွာလုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။

NSSA အနေဖြင့် လုပ်ငန်းခွင်တွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ မတ်လ တတိယပတ်အထိ အလုပ်အကိုင် ကျွမ်းကျင်မှုအလိုက်  စစ်ဆေးအကဲဖြတ်ခဲ့ရာ အလုပ်အကိုင် (၂၃) မျိုးအတွက်  Level 1 (၁၀ဝ၀၉) ဦး၊ Level 2 (၇၆၆) ဦး၊ စုစုပေါင်း (၁၀၇၇၅) ဦးကို အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)