နတ်​မောက် စက်တင်ဘာ ၂၉

နတ်မောက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရာဂါဆာမုန်တိုင်း မိုးအရှိန်ကြောင့် ယင်းချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန် ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှု မရှိဘဲ ကြံ့ခိုင်ကောင်းမွန်မှုရှိကြောင်း မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

နတ်မောက် ရေလွှဲဆည်မှ စက်တင်ဘာ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် မိုးရွာသွန်းမှု များပြားသောကြောင့်  ရေမှတ် ၂ ဒသမ ၅ ပေ ရေကျော်စီးဆင်းခဲ့ပြီး  မွန်းလွဲ  ၂ နာရီခွဲခန့်တွင် ရေကျော်စီးဆင်းမှု ရပ်တန့်ခဲ့ကြောင်း၊ နတ်မောက်ရေလှောင်တမံ၏ ရေမှတ်မှာ စက်တင်ဘာ ၂၈   ရက် ညနေ ၆ နာရီတွင် ၆၇၇ ဒသမ ၂ ပေ၊  ရေလှောင် ပမာဏမှာ ၈၀၀၇၁ ဧကပေဖြစ်ကာ ကန်ရေပြည့်မှတ်သို့ ရောက်ရှိရန် ၅ ဒသမ ၈ ပေဖြစ်ကြောင်း၊  ပင်းကန်ရေလှောင်တမံ၏ ရေမှတ်မှာ စက်တင်ဘာ၂၈ ရက် ညနေ ၆ နာရီတွင် ၉၂ ဒသမ ၈ ပေ၊  ရေလှောင် ပမာဏမှာ ၇၂၀ ဧကပေဖြစ်ကာ ကန်ရေပြည့်မှတ်သို့ ရောက်ရှိရန် သုည ဒသမ ၇၅ ပေဖြစ်ကြောင်း သိရသည်။

ရေစီးဆင်းမှု လျော့နည်းသွားပြီဖြစ်

ထို့ကြောင့် ယင်းချောင်းအတွင်း စီးဝင်နေသော နတ်မောက်ရေလှောင်တမံနှင့် ပင်းကန် ရေလှောင်တမံတို့၏ ရေပိုလွှဲများမှ ရေကျော်စီးဆင်းမှု မရှိကြောင်းနှင့် ရေဆင်းဧရိယာတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားသဖြင့် ယင်းချောင်းတစ်လျှောက် ရေစီးဆင်းမှု များပြားခဲ့ခြင်းဖြစ်ကာ ယခုလက်ရှိတွင် ယင်းချောင်းတစ်လျှောက် ရေစီးဆင်းမှု လျော့နည်းသွားပြီဖြစ်ကြောင်း   မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

လှဝင်း(နတ်မောက်)