ခင်ဆန်းဦး(မြန်မာစာ)

ဟေမန္တဆောင်းရာသီသို့ ရောက်စကာလဖြစ်၍ နံနက်ခင်း နေရာအနှံ့အပြား၌ ဆီးနှင်းမြူများ  မှိုင်းဝေရီလျက် ရှိနေ ပေသည်။   မိုးရာသီကုန်ဆုံးခဲ့ပြီဖြစ်၍   မိုးမရွာတော့ သော်လည်း မိုးမင်း၏အရှိန်အဝါကား ကျန်ရှိနေပေသေး သည်။ ကောင်းကင်ပြင်ဝယ်  တိမ်တိုက်များကား အညို တစ်ကန့်၊ အပြာတစ်ကန့်၊ အမည်းတစ်ကန့်ဖြင့် အကန့် လိုက်ဟန်ရေးပြင် ချီတက်လာလေသောကြောင့် မိုးသား မငြိမ်မသက်နှင့်   လှုပ်လှုပ်ရှားရှား   ဖြစ်နေပေသည်။ သို့ဖြစ်ရာ “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာ တိမ်” ဟူ၍ မိုးသားလည်းမငြိမ်သော ဆောင်းအဝင်ကာလ ဖြစ်ပေသည်။ 
ပင်မြင့်စံတော်ဝင်ပန်း
ပုဂံခေတ်ကျောက်စာများတွင်  နတ်တော်လကို “နတ္တာဝ်၊ နတ်တာဝ်”  စသည်ဖြင့်  အမျိုးမျိုးရေးထိုးခဲ့ ကြပေသည်။ ထိုလကို ဗေဒင်အခေါ်အားဖြင့် “ဓနု” ရာသီ ဟုခေါ်သည်။  “ဓနု” ဟူသော  ပါဠိပုဒ်ကား  “လေး” ဟု အဓိပ္ပာယ်ရ၏။  ရာသီရုပ်မှာ  လေးဆွဲသော  ယောကျ်ား သဏ္ဌာန် ဖြစ်၏။ လေးဆွဲသောယောကျ်ားတို့ ကြိုက်နှစ် သက်သော ရာသီဟု ဆိုလိုသည်။ နတ်တော်လ၏ နက္ခတ် ကား “မိဂသီ” နက္ခတ်ဖြစ်ပြီး ရာသီပန်းကား  ဂမုန်းပန်းနှင့် သဇင်ပန်းတို့ပွင့်လန်းရာ  နတ်တော်လပင်  ဖြစ်သည်။ သဇင်ပန်းသည် မြေတွင်မပေါက် သစ်ပင်များအပေါ်၌သာ ပေါက်လေ့ရှိသောကြောင့်  “ပင်မြင့်စံတော်ဝင်ပန်း”  ဟု ဆိုစမှတ်ပြုကြသည်။ မင်းကြိုက်စိုးကြိုက်တော်ဝင်ပန်း ဖြစ်ကြောင်းကို
“ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်၊ မတီကေတု
တိုင်းဇေယုက၊ သမ္မုတိမှန်၊ ကေသာနှံသည်
ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊ ဥကင်မြင့်ဘောင်
ရနံ့လှောင်ခဲ့” ဟူ၍  သဇင်ပန်းများကို  ရွှေနန်းတော် ကြီးသို့ ရွှေသိုင်းများဖြင့် ဆောင်ယူ၍ ဘုရင်မင်းမြတ်အား ရှေးဦးစွာ ဆက်သရကြောင်း ရှင်ဥတ္တမကျော်က တောလား ကဗျာဖြင့် မှတ်တမ်းတင်ဖွဲ့ဆိုထားပေသည်။
တော်ဝင်ပန်းသဇင်များဖူးပွင့်ကြသည့်  နတ်တော်လ ရာသီတွင်  ရှေးမြန်မာဘုရင်များလက်ထက်က  မဟာဂီရိ နတ်ပွဲ၊ မဟာပိန္နဲနတ်ပွဲနှင့် ဆင်ဖမ်းပွဲများကို ကျင်းပလေ့ရှိကြ သည်။ ယခုခေတ်တွင်မူ နတ်ပူဇော်ပွဲများအစား “စာဆိုတော် ပွဲ” ကို ကျင်းပကြ၍ နတ်တော်လကို စာဆိုတော်လရာသီဟု ခေါ်လေသည်။ နတ်တော်လသည်  နေ့တာတို၍  ညတာရှည် သောလ ဖြစ်သည်။
နတ်တော်လ၏   အဓိပ္ပာယ်မှာ   အရှင်နတ်မင်း (နတ်တော်)  များကို  ပူဇော်ပသသောလဟု  ဆိုလိုသည်။ နတ်ပူဇော်ပွဲကျင်းပသောလဖြစ်သောကြောင့် မြန်မာမှုတွင် နတ်တော်လဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ပုဂံမင်းအဆက် ဆက်တို့  ပုပ္ပားတောင်သို့တက်၍ မဟာဂီရိနတ်ပူဇော်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိကြသည်။ အနော်ရထာမင်းနန်းတက်စဉ် ရှင်ယောင်၊    ရဟန်းယောင်    အရည်းကြီးကိုးကွယ်မှုကို လည်းကောင်း၊  နတ်ကိုးကွယ်မှုကိုလည်းကောင်း  နှိမ်နင်း ဖျက်သိမ်း၍  ရှင်အရဟံ ယူဆောင်လာသော စင်ကြယ်သည့် ဗုဒ္ဓဘာသာကို ကိုးကွယ်စေခြင်းဖြင့် ဘုရား၊  တရား၊ သံဃာ ရတနာသုံးပါးသည်သာ ကိုးကွယ်ရာအစစ်အမှန်ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
စာဆိုတော်ပွဲ
ရှေးမြန်မာဘုရင်များလက်ထက်က နတ်တော်လတွင် ဆင်ဖမ်းပွဲနှင့်   ဘွဲ့ထူးဂုဏ်ထူးများ  ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်ပွဲတို့ကိုလည်း ခမ်းခမ်းနားနာ ကျင်းပပြုလုပ် လေ့ရှိကြသည်။  နတ်တော်လတွင်   ရာသီပွဲတော်အဖြစ် ထူးထူးခြားခြားပေါ်ထွက်လာသည့်ပွဲကား “စာဆိုတော်ပွဲ” ပင်ဖြစ်သည်။ စာဆိုတော်ဆိုသည်မှာ ဘုရင်ခေတ်ကတွင်ကျယ် ခဲ့သော ထီးသုံးနန်းသုံးဝေါဟာရတစ်ခု  ဖြစ်သည်။  ဘုရင်၊  မိဖုရား၊  အိမ်ရှေ့မင်းသား၊  ဘုရင့်သားတော်၊  သမီးတော်တို့ ဘုန်းတန်ခိုးကြီးပုံ၊ လက်ရုံးရည်၊ နှလုံးရည် ထူးချွန်ပုံတို့ကို ချီးကျူးဖွဲ့ဆိုသူများအား စာဆိုတော်ဟု ခေါ်ခဲ့ကြသည်။ ယခုခေတ်၌မူ စာဆိုတော်ဟူသော ဝေါဟာရသည် ပြည်သူ့ စာပေလုပ်သား၊ စာရေးဆရာအားလုံးနှင့် သက်ဆိုင်သော ကြောင့်  စာရေးဆရာများကို  စာဆိုတော်ဟု  ခေါ်ဆိုကြ လေသည်။
ပါရဂူလူပြန်တော်ပုဂ္ဂိုလ်ကြီးများ
ရှေးမြန်မာဘုရင်တို့သည် တိုင်းပြည်တွင် လောကီ၊ လောကုတ္တရာဘက်၌ ထူးချွန်သော ပညာရှိများ၊ နိုင်ငံရေး၊ ပညာရေးနှင့်  အုပ်ချုပ်ရေးတို့တွင်  လိမ္မာကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စွမ်းရှိသော ပညာရှင်များ ပေါ်ထွက်လာစေရန် နယုန်လ၌ စာပြန်ပွဲကို တစ်နှစ် တစ်ကြိမ် မှန်မှန်ကျင်းပကာ မွေးထုတ်ပေးခဲ့ပေသည်။    တွင်းသင်းမင်းကြီး၊  ကင်းဝန် မင်းကြီး၊  ပခန်းဝန်ကြီးတို့သည်  ရဟန်းအဖြစ်မှ  လူဝတ် လဲပြီးနောက်  နန်းတော်သို့ရောက်လာကြ၍  အုပ်ချုပ်ရေး ယန္တရားများကို  လည်ပတ်စေကာ  လွှတ်တော်၊  ရုံးတော်၊ ဗြဲတိုက်တော်တို့တွင် တာဝန်ယူကြသူ စာပေထူးချွန်သူများ ဖြစ်ကြပေသည်။  ယင်းပညာရှိတို့သည်  သာသနာရေး၊ လောကရေး၊ ရာဇရေး၊ ဓမ္မရေးတို့တွင် တစ်ဖက်ကမ်းခပ် တတ်မြောက်ကြသော  ပါရဂူလူပြန်တော်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။ ဤသို့ဖြင့်နိုင်ငံတော်တွင် စစ်ဘက်၊ စာပေ ဘက်တို့၌ ထူးချွန်သည့်ပညာရှင်များနှင့် မင်းညီမင်းသား၊ မှူးမတ်များအား ဘွဲ့ထူးဂုဏ်ထူးများကို အခမ်းအနားဖြင့် နတ်တော်လတွင်    ပေးအပ်ချီးမြှင့်လေ့ရှိကြလေသည်။ ယင်းဘွဲ့နှင်းသဘင်ပွဲမျိုးကား  နိုင်ငံတော်တွင်  စစ်သူရဲ ကောင်းများ၊  စာပေသူရဲကောင်းများ၊  လူရည်ချွန်များ ထွက်ပေါ်လာအောင်  ဖန်တီးပေးခဲ့သဖြင့်   တိုင်းပြည် အတွက် အလွန်ကျေးဇူးများသော ပွဲတော်မျိုးဖြစ်ပေသည်။ ဤအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့်  မျက်မှောက် ခေတ်၌လည်း   နတ်တော်လဆန်း    ၁    ရက်နေ့ကို “စာဆိုတော်နေ့” အဖြစ်   သတ်မှတ်ကာ ထူးချွန်စာပေ ပညာရှင်များအား ဂုဏ်ပြုလျက်ရှိနေသည်မှာ နတ်တော် လ၏ထူးမြတ်သော ဝိသေသတစ်ခုဟု ဆိုနိုင်ပါသည်။
လူ့ဘောင်လောကကြီး           တိုးတက်နေသည်မှာ စာပေကြောင့်ပင် ဖြစ်သည်။ စာပေသည် လူ့ယဉ်ကျေးမှုကို ဖြစ်ထွန်းစေသည့်အတွက် စာပေ၏ကျေးဇူးကား ကြီးမား လှပေသည်။  “ကလောင်သွားသည်   ဓားသွားထက် ထက်၏”  ဆိုသည့်အတိုင်း  စာပေ၏အစွမ်းသတ္တိကား အလွန်ထက်၏။  အသိအလိမ္မာဟူသမျှကို   စာပေက ပေးဝေ၏။ ဆရာတော်ရှင်မဟာရဋ္ဌသာရက “စာပေစကား နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်”ဟူ၍ ဆုံးမခဲ့ပေသည်။ စာပေသည် အနုပညာရပ်အားလုံးတို့၏ ကိန်းဝပ်ရာ ဖြစ်သည်။ ယဉ်ကျေးမှုအနုပညာ၏ အသက် သွေးကြောဖြစ်သည်။    “စာပေမြင့်မှလူမျိုးမြင့်မည်။ ရေမြင့်မှကြာတင့်မည်။    ကြာတင့်မှ     ကန်သာယာမည်” ဟူသကဲ့သို့   တိုင်းပြည်တွင်   စာပေအနုပညာရပ်များ တိုးတက်မြင့်မားလာမှ တိုင်းသူပြည်သားတို့ ဗဟုသုတ အသိဉာဏ်ပညာများ တိုးတက်မြင့်မားလာပြီး  တိုင်းပြည် လည်း ကြီးပွားတိုးတက်မည် ဖြစ်ပေသည်။ 
နှစ်စဉ်ရွေးချယ် ဂုဏ်ပြုချီးမြှင့်
ထို့ကြောင့် စာဆိုတော်နေ့တွင် နိုင်ငံတော်အစိုးရက စာဆိုတော်များကို စာပေဗိမာန်စာမူဆု၊ အမျိုးသားစာပေ ဆု၊   အမျိုးသားစာပေတစ်သက်တာဆု   စသည်တို့ကို နတ်တော်လရောက်တိုင်း        နှစ်စဉ်ချီးမြှင့်ပေးလျက် ရှိပါသည်။ ဆုချီးမြှင့်ရာတွင် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာဆု၊    မြန်မာ့ယဉ်ကျေးမှုနှင့်   အနုပညာဆိုင်ရာ စာပေဆု၊ ကလေးစာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန် ဆု၊ သုတပဒေသာဆု စသည်ဖြင့်  ဆုများစွာ ဂုဏ်ပြုချီးမြှင့် လျက်ရှိပါသည်။ စာဆိုတော်ကြီးများ ရေးသားသီကုံးခဲ့ ကြသော စာပေများကား တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ လူသားအကျိုးစီးပွား            တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။        စာပေ ချစ်ခင်သူများက ကြိုးကြိုးစားစား လေ့လာရေးသားကြပြီး တိုင်းပြည်နှင့်   ပြည်သူများ၏အကျိုး၊  မြန်မာစာပေ အကျိုးကို  ထူးချွန်ပြောင်မြောက်စွာ   တစ်သက်တာလုံး ကြိုးစားအားထုတ်ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီး များ၏ဆောင်ရွက်ချက်များကို        အသိအမှတ်ပြုသော အားဖြင့် စာပေပညာရှင်ကြီးများထဲမှ “အမျိုးသားစာပေ တစ်သက်တာဆုရှင်”များကိုလည်း  နှစ်စဉ်ရွေးချယ် ဂုဏ်ပြုချီးမြှင့်ခဲ့ပေသည်။
စာဆိုတော်များ၏ ကျေးဇူးကြောင့် စာပေဝါသနာရှင် များသာမက  ပြည်သူများပါ   စာပေလေ့လာဖတ်ရှုမှု ကျယ်ပြန့်လာလေသည်။   စာရေးဆရာနှင့်   စာဖတ် ပရိသတ်လည်း  နီးစပ်ရင်းနှီးလာပြီး   ပြည်သူတို့၏ဘဝ သရုပ်မှန်စာပေ၊  ဘဝသရုပ်ဖော်စာပေများ   ထွန်းကားလာ ခြင်းသည် စာဆိုတော်ပွဲများ၏ ကျေးဇူးဟု ဆိုနိုင်ပေသည်။ စာရေးဆရာ၊  စာပေပညာရှင်တို့သည်  ပြည်သူ့အကျိုးပြု စာပေများကို ပိုမိုပြုစုလာနိုင်ကြပါစေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက် အင်္ဂါနေ့၊ နတ်တော်လဆန်း  ၁ ရက် စာဆိုတော်နေ့တွင် ကျင်းပသော အမျိုးသားစာပေ ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ဂုဏ်ပြုအပ်ပါသည်။  ။
ကြေးမုံ