တီဟီရန် ၇ ဇန်နဝါရီ
အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ်ပါ ကတိကဝတ်များကို အဆုံးသတ်နိုင်ရေး နောက်ဆုံးအဆင့် ဆောင်ရွက်မှုများကို ပြုလုပ်နေပြီဟု ဇန်နဝါရီ ၅ ရက်တွင် ကြေညာခဲ့သည်။
နျူကလီးယားစာချုပ်ပါ ကတိကဝတ်များမှ နုတ်ထွက်ရန် နောက်ဆုံးအဆင့်ဖြစ်သည့် နျူကလီးယား စာချုပ်ပါ အဓိကကန့်သတ်ချက်ကို အီရန်နိုင်ငံက လိုက်နာတော့မည် မဟုတ်ဟု အိုင်အာအင်န်အေ သတင်းအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအခါ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ၎င်း၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ်မူတည်ပြီး အဆင့်မြှင့်တင်သွားမည်ဟုလည်း ကြေညာခဲ့သည်။
၂၀၁၈ ခုနှစ် မေလတွင် အီရန် နျူကလီးယားစာချုပ်မှ အမေရိကန် နုတ်ထွက်သွားပြီးနောက် အီရန်နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ရေနံတင်ပို့မှုများတွင် ဥရောပမှ အနည်းငယ်သာ ကူညီပေးနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှ စတင်ကာ အီရန်သည် နျူကလီးယား စာချုပ်ပါ ကတိကဝတ်များကို စွန့်လွှတ်မှု စတင်ပြုလုပ်ခဲ့သည်။
အီရန်မှ ကတိကဝတ်များကို စွန့်လွှတ်လိုက်ခြင်းမှာ နျူကလီးယား စာချုပ်ပါ နိုင်ငံများအနေဖြင့် အီရန်နိုင်ငံ၏ စီးပွားရေးကို အကူအညီပေးရန်အတွက် သတိပေးလိုက်ခြင်း ဖြစ်ကြောင်း အီရန်ဘက်မှ ပြောကြားခဲ့သည်။ အီရန်အပေါ် ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးပြီး နျူကလီးယား သဘောတူစာချုပ်အောက်ရှိ အီရန်နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွားကို အကာအကွယ်ပေးပါက နျူကလီးယားစာချုပ်အတိုင်း ပြန်လည်လိုက်နာမည်ဟုလည်း အီရန်အစိုးရက ပြောသည်။
ဆင်ဟွာ


