ကျောက်ဖြူ ၅ ဧပြီ
အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် ကလေးများ၏ ဉာဏစွမ်းရည်နှင့် ကာယစွမ်းရည် ဖွံ့ဖြိုးလာစေရန်၊ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများဖြစ်လာစေရန်၊ စာဖတ်ဝါသနာပါလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စာဖတ်ဝိုင်းနှင့် ကာယပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်မှ အမှာစကားပြောကြားရာတွင် လူသည် လောကဓံတရားရှစ်ပါးရှိသည့်အနက် လာဘ်ရခြင်း၊ အခြွေအရံများခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်းကိုသာ ကြုံတွေ့ချင်ကြောင်း၊ ဆိုးဝါးသော လောကဓံများကို မကြုံချင်ကြကြောင်း၊ လူတိုင်းသည် အောင်မြင်ကြီးပွားချင်ကြကြောင်း၊ အောင်မြင်ကြီးပွားနိုင်ရန် ထိပ်တန်းကို သွားချင်သော စိတ်ဓာတ်၊ ထိပ်တန်းကို သွားနိုင်သော ကြံ့ခိုင်မှု၊ ထိပ်တန်း၌ တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်မည့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ သတိုးနွယ်ရေးသားသော "ဘာကြောင့်ထိပ်တန်းမရောက်တာလဲ" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ မောင်ကိုကိုအောင်က လူမိုက် လူကြီး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပိုင်သူယှဉ်မှ ဘာ့ကြောင့် ထိပ်တန်းမရောက်တာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်ဆွေမှ ဝီရိယနှင့် လမ်းမှန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသိမ့်နဒီအောင်မှ အချိန်နှင့်အလုပ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကလေးများ ပျော်ရွှင်စွာ ကစားခဲ့ကြပြီး ဆုရရှိသူများအား ခရိုင်ဦးစီးမှူးက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


