ဉာဏ်မျက်စိပွင့်စေတဲ့ကျောင်းတွေ မြန်မာ့မြေပေါ်မှာ ပြည့်လျှမ်းနေပါမှ ...

 

 

ဒေါက်တာမောင်သင်း

 

“ကမ္ဘာကြီးရဲ့အနာဂတ်ကတော့ ဆရာတွေသင်ကြားပေးနေတဲ့ ကျောင်းတွေရဲ့ စာသင်ခန်းထဲမှာ ရှိနေပါတယ်။ ယနေ့ကလေးငယ်တွေကို စာသင်ခန်းထဲမှာ ဘယ်လိုပညာပေးနေတယ်ဆိုတဲ့အချက်က ၂၁ ရာစုမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ကို အာမခံချက်ပေးနေမှာပါ” ရစ်ချက်အာဂရင်း (Richard R. Green)

 

လူသည် မွေးကတည်းက ထက်မြက်ပြီး တန်ဖိုးဖြတ်မရသည့်စွမ်းရည်များ ပါလာပြီးသားဖြစ်သည်။ မွေးရာပါစွမ်းရည်များကို ထွက်လာ၊ တက်လာ၊ ဖွံ့ဖြိုးလာအောင်လုပ်ပေး၊ လေ့ကျင့်ပေးရန်သာ လိုပါသည်။ ထိုစွမ်းရည်၊ စွမ်းအားကို ဆွဲထုတ်နိုင်စွမ်း၊ အစွမ်းကုန်ဖွံ့ဖြိုးအောင် လုပ်နိုင်စွမ်းရှိသော နိုင်ငံနှင့် လူ့အဖွဲ့အစည်းသည် ကမ္ဘာ့ထိပ်တန်းတွင် ရောက်နေပါသည်။ ဤသို့ လူ့စွမ်းအား ဆွဲထုတ်ပေးနေသည့် လုပ်ငန်းမှာ “ပညာရေး” ဖြစ်ပါသည်။ ပညာရေး ဖွံ့ဖြိုးမှ လူ့ဘောင်၊ လူ့အသိုင်းအဝိုင်း တိုးတက်၊ ဖွံ့ဖြိုးမှုနှင့်အတူ ငြိမ်းချမ်းမှု၊ သာယာမှုတို့မှာလည်း ကျွဲကူးရေပါ လိုက်ပါဖြစ်ထွန်းလာပါတော့သည်။

 

 ဉာဏစွမ်းရည်ကွာဟမှ

 

လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု စွမ်းရည်ကွာဟ မှုနှစ်ခုရှိပါသည်။ တစ်ခုက ကာယစွမ်းရည်နှင့် နောက်တစ်ခုက ဉာဏစွမ်းရည်ပါ။ ယနေ့အချိန်မှာ တိုင်းပြည်တစ်ပြည်၊ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုသည် ကာယစွမ်းရည် ကွာဟမှု သိပ်မခြားနားသော်လည်း ဉာဏစွမ်းရည်အနိမ့်အမြင့်က အလွန်ကွာဟလွန်းပါသည်။ ခေတ်ကလည်း ဉာဏစွမ်းရည်ဖွံ့ဖြိုးမှုကို ရှေ့တန်းတင်နေသည့် ဉာဏစွမ်းအားခေတ် (ပညာခေတ်) ဖြစ်သည့်အတွက် ပညာစွမ်းရည် သာသော လူ့အဖွဲ့အစည်းရှိသည့် နိုင်ငံသည်ထိပ်ဆုံးမှ ရပ်တည်နေသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် ပညာစွမ်းရည်သာသလဲဆိုသည်ကို “ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်လာရခြင်းဟာ သူ့နိုင်ငံသားတွေ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက်တော်ကြတဲ့ နိုင်ငံသားတွေ ကြွယ်ဝဖို့ကြတော့ အဲဒီနိုင်ငံရဲ့ ပညာရေးမှာ အရည်အသွေးမြင့်တဲ့ ဆရာတွေရှိမှဖြစ်မှာပါ” ဟု ပညာရေးရော၊ နိုင်ငံရေးရော ဖွံ့ဖြိုးနေသည့် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်က မိန့်ဆိုခဲ့သည်ကိုကြည့်လျှင် ဆရာကောင်းများကြောင့်ပါ။ စွမ်းရည်မြင့်သည့် ဆရာကောင်းများက ကျောင်းကောင်းကို ဖန်တီးပြီး ဉာဏ်ပညာမြင့်သူများ မွေးထုတ်ပေးနေ ၍ ဖြစ်ပါသည်။

 

ကျောင်းကောင်းများက လူသားတစ်ဦးချင်းစီတွင် ရှိပြီးသားစွမ်းရည်များ ပိုမိုထက်မြက်လာ အောင်၊ အစွမ်းကုန်ဖွံ့ဖြိုးမှုရှိလာအောင် စုပေါင်းလေ့ကျင့်ပေးသည့်နေရာပင်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတိုင်းတွင် ကျောင်းများပြည့်နေပါသည်။ ကောင်းသည့်ကျောင်းနှင့် ညံ့သည့်ကျောင်းသာ ကွာပါလိမ့်မည်။ လူသားတိုင်းတွင် ရှိနေသည့် စွမ်းရည်များက ကာယ၊ ဉာဏစွမ်းရည်များပါ။ ယင်းစွမ်းရည်များနှင့်အတူ တစ်ပြိုင်တည်းရှိနေသည်မှာ စာရိတ္တ၊ မိတ္တနှင့် ဘောဂစွမ်းရည်များဖြစ်ပါသည်။ မြန်မာမှုက ဗလငါးတန်ဟုဆိုသည့် လူ့တန်ဖိုးများပါ (ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ နှင့် ဘောဂဗလတို့ပါ)။ ယနေ့ပညာရေးလောကတွင် ရေပန်းစားနေသော စာတတ်စာတော်ပြီး ဉာဏ်ရည်ထက်မြက်မှု (IQ မြင့်မှု) နှင့် ကိုယ်ကျင့်တရား အခြေခံသော စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှု (EQ ရှိမှု) ကျန်းမာကြံ့ခိုင်သူ (PQ) နှင့် ဘာသာတရား လေးစားတန်ဖိုးထားသူ (SQ) တို့သည် မြန်မာ၌ ရှိပြီးသားနှင့် ရာစုပေါင်းများစွာ တည်တံ့ကျင့်သုံးလာ ခဲ့သည့် “ဗလငါးတန်”ကို မီလောက်မည် ထင်ပါသည်။

 

အရည်အသွေးပြည့်ဆရာများ

 

လူ့အဖွဲ့အစည်းတိုင်းတွင် ကျောင်းပျော်သည့်၊ ကျောင်းကိုခင်သည့် မျိုးဆက်သစ်များ ပေါကြွယ်ဝ ရန်လိုပါသည်။ ကျောင်းက မျိုးဆက်သစ်များ အတွက် ရှေ့ဆက်ရမည့်လမ်းတွင် အန္တရာယ် ကင်းရှင်းစွာဖြင့် လျှောက်လှမ်းနိုင်ရန် လူသား စွမ်းရည်အခြေခံကောင်းများ ဖြည့်ဆည်းပေးသည့် ပရိဝုဏ်ပါ။ မိမိနှင့် မိမိပတ်ဝန်းကျင်၊ ပြီးလျှင် အနည်းဆုံး မြန်မာ့လူ့အဖွဲ့အစည်း ကောင်းကျိုး သယ်ပိုးနိုင်ရန်အတွက် အနာဂတ်သားကောင်းများ၏ ဗလငါးတန် လူ့တန်ဖိုးများ အစွမ်းကုန်ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်လေ့ကျင့်ပေးသည့်နေရာပါ။ လိမ္မာယဉ်ကျေးပြီး တော်သည့် နိုင်ငံ့သားကောင်း ရတနာများ လေ့ကျင့်နိုင်အောင် စုစည်းပေးထားသည့်အရပ်ပါ။ အားလုံးခြုံကြည့်လျှင် တန်ဖိုးမြင့် နိုင်ငံသားများ အစွမ်းကုန်ပွင့်လန်းရန် ပြုစုပျိုးထောင်ပေးရာဥယျာဉ်သည် ကျောင်းဖြစ်ပါသည်။ ဤ “ကျောင်းကောင်း” သည် စင်ကာပူ ဝန်ကြီးချုပ်ပြောသည့် တော်သလောက်ကောင်း သော နိုင်ငံသားများပေါ်ထွန်းအောင် လေ့ကျင့်ပေးသည့် အရည်အသွေးပြည့်ဆရာများ ရှိနေရပါမည်။

 

အထက်ပါ လူသားမျိုးဆက်သစ်လေ့ကျင့်ပေးရာ ကျောင်းဥယျာဉ်သည် ၎င်းတို့အဖို့ ပျော်မွေ့စရာ၊ တစ်နည်းအားဖြင့် မျိုးဆက်သစ်၏ ခေါင်းဆောင်လောင်းများအတွက် ခင်တွယ်စရာနေရာဟု ခံယူသူများလာရန် လိုပါသည်။ ကျောင်းပျော်များ၊ ခင်တွယ်သူများ များပြားပါမှ လူ့အဖွဲ့အစည်းတွင် ပညာကို ဖက်တွယ်ထားပြီး ကျိုးကြောင်းဆင်ခြင်နိုင်မှု ကြွယ်ဝသူ၊ ကောင်းမှု၊ မကောင်းမှု၊ အတ္တ၊ ပရကို သိနားလည်ပြီး ကောင်းမှုနှင့် ပရအကျိုး သယ်ပိုးမှုတွင် ဖက်တွယ်ထားသူများ ပေါများလာပါသည်။ နိုင်ငံ၌ ထိုလူများကြွယ်ဝပါမှ လူသားနှင့် သူ့အဖွဲ့ အစည်း၏ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုဖြစ်ထွန်းလာပါ လိမ့်မည်။ ကျောင်းသည် ပျော်စရာဟု ကလေးများက မခံယူခဲ့လျှင် သို့မဟုတ် ကျောင်းမပျော်သည့် ကလေးများ၊ ကျောင်းမရောက်သည့် ကလေးများ များလာခဲ့လျှင်ဖြင့် ပညာမဲ့များ ပေါများလာပြီး အတ္တလွန်ကဲမှု၊ မတရားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှု ပေါ်ပေါက်လာပါသည်။ ဤသို့ဆိုလျှင် လူ့ဘောင် လောကသည် ငြိမ်းချမ်းသာယာမှုများနှင့် အလှမ်း ဝေးလာပါတော့သည်။

 

အခက်အခဲများကို ကျော်လွှားနိုင်အောင် လေ့ကျင့်ပေးလိုက်သည့်နေရာ

 

လူမှုအသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ တရားမျှတမှုကို နှောင့်ယှက်သူ၊ ဖျက်ဆီးသူမှန်သမျှကို လူမှုအသိုင်းအဝိုင်းက လူသားကောင်းကျိုး သယ်ပိုးလိုစိတ်၊ ဥပဒေကို လေးစားလိုက်နာမှု ရှိလာအောင် ပြင်းပြင်းထန်ထန်လေ့ကျင့်စေရန် “ဘဝထဲကကျောင်း” ကို ထပ်ပို့ပြီး လေ့ကျင့်စေပါသည်။ တကယ်ဆို ကျောင်းများတွင် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ ပြည့်စုံသွားသူသည် ထို“ဘဝ ထဲမှကျောင်း” မှာ ထပ်မံလေ့ကျင့်ရန် မလိုအပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် “ကျောင်းဆိုသည်မှာ လိမ္မာယဉ်ကျေးသည့် လူချွန်လူကောင်းများ၊ ခေါင်းဆောင်လောင်းများကို မွေးထုတ်သည့်အရပ် ဖြစ်လို့ပါ။ သူတို့တစ်တွေကို ဘဝမှာ ကြုံတွေ့ရမည့် ဆူးငြောင့်ခလုတ်တံသင်းများ၊ အခက်အခဲများကို ကျော်လွှားနိုင်အောင် လေ့ကျင့် ပေးလိုက်သည့်နေရာ မို့ပါ။”

 

ဘဝထဲမှကျောင်း

 

လေ့ကျင့်စဉ်က သင်ရိုးညွှန်းတမ်းထဲမှ စာလောက်သာ သင်ပေးခဲ့ပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော လူသားတစ်ဦးပေါ်ထွန်းရန် မဟုတ်ခဲ့လျှင်၊ ဆရာက အပြည့်အဝ လေ့ကျင့်မပေးခဲ့လျှင်သို့မဟုတ် လေ့ကျင့်ပေးသည်ကို ကလေးများက အပြည့်အဝခံယူနိုင်မှုအခြေအနေ မရခဲ့လျှင် လူမှုအသိုင်းအဝိုင်းက ဆက်လက်လေ့ကျင့်မှုကိုခံယူရန် “ဘဝထဲမှကျောင်း” ကို ထပ်ဖွင့်ထားပါသည်။ ယင်းကို အရပ်ထဲတွင်မူ မလိမ္မာသူ၊ ဆိုးသွမ်းသူများကို လိမ္မာအောင် လေ့ကျင့်သည့် “အကျဉ်းထောင်” ဟုခေါ်ပါသည်။ ကျောင်းတွင် လူကောင်း၊ လူတော် တစ်ဦးဖြစ်ရန် လေ့ကျင့်ခံယူခဲ့မှု အလွန်းနည်းခဲ့ သူများကိုသာ မလိမ္မာသောသူများဟု လူ့အဖွဲ့ အစည်းက သတ်မှတ်ကြပါသည်။ ယင်းလူများ၏ အရေအတွက်သည်လည်း အလွန်နည်းသည်မို့ “ဘဝထဲကကျောင်း” အရေအတွက်သည်လည်း လူရည်ချွန် လူရည်မွန်များ တက်ရသည့်ကျောင်း နှင့်စာလျှင် အလွန်တရာနည်းပါသည်။

 

“အကျဉ်းထောင်” မှ ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမရှိပါ။ လေးဖက်လေးတန် ထူထဲသည့် နံရံကြီး များနှင့် ကာရံထားသည့်အတွက်ပါ။ သာယာစိုပြည်သည့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးပျူငှာ ငြိမ်းချမ်းပျော်ရွှင်သည့် လူမှုပတ်ဝန်းကျင်နှင့် အဆက်ပြတ်နေပါတော့သည်။ ကြာလာချိန်တွင် ပတ်ဝန်းကျင်မှာရှိသည့် တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဘဝများကို သိလည်းမသိ၊ မြင်လည်း မမြင်နိုင်ပါ။ ခေတ်၏ပြောင်းလဲမှုကို မြင်နိုင်စွမ်းမရှိတော့ပါ။ ခေတ်ရေစီးကို မြင်နိုင်စွမ်း၊ လိုက်နိုင်စွမ်းမရှိသူသည် နောက်ကျကျန်ရစ် နေမှာပါ။ ထိုဘဝတွင် ပိတ်လှောင်ခံရပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမရှိသည့် အဖြစ်မျိုး မရောက်စေအောင် တန်ဖိုးမြင့်ခေါင်းဆောင်များ မွေးဖွားရာကျောင်းများ (မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ) က ဗလငါးတန် ကို ပြည့်ပြည့်စုံစုံလေ့ကျင့်ပေးလိုက်ရန် လိုအပ်ပါသည်။

 

မိဘများ၊ ဆရာများနှင့်စာဖတ်သူမိတ်ဆွေများကို မေးခွန်းနှစ်ခု မေးခွင့်ပြုပါ။ ပထမမေးခွန်းက “ကျောင်းနဲ့ အကျဉ်းထောင် ဆက်စပ်ပါသလား” နှင့် ဒုတိယမေးခွန်းက “ကျောင်းနဲ့ အကျဉ်းထောင် တူပါသလား” ဆိုတာပါ။ မိဘများ၊ ဆရာများ၏ အဖြေနှင့် ကျွန်တော့်အမြင်ကို တိုက်ဆိုင်ကြည့်စေ ချင်ပါသည်။ ကျွန်တော်က ကျောင်းဆရာပါ။ ပြီးတော့ မိဘတစ်ဦးလည်း ဖြစ်ပါသည်။ ကျောင်းဆရာအလုပ်၊ ပညာရေးစီမံခန့်ခွဲမှုနှင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို နှစ်ပေါင်း ၄၀ ကျော်ဆောင်ရွက်ခဲ့သည့် ပညာရေးဝန်ထမ်း အငြိမ်းစား တစ်ဦးပါ။ နိုင်ငံတကာနှင့် မြန်မာ့ပညာ ရေးနယ်ပယ်များတွင် လေ့လာထားသည်နှင့် ကိုယ်တွေ့ အကြောင်းအရာလေးများကို ခြုံပြီး မိဘအမြင်၊ ဆရာ့အမြင်၊ ပညာရေးလေ့လာသူ အမြင်ဖြင့် ဖြေထားခြင်း ဖြစ်ပါသည်။ မိဘများနှင့် ဆရာများ၊ စာဖတ်သူအပေါင်းတို့ခင်ဗျာ၊ ကျွန်တော့် အဖြေ ပြည့်စုံမှုရှိလိမ့်မည်ဟုတော့ မယုံကြည်ပါ။ ထပ်ဖြည့်ပေးကြပါခင်ဗျာ။

 

“စာ” ချည်း သက်သက်သင်သည့် နေရာမဟုတ်

 

ကျွန်တော်၏ပထမအဖြေမှာ “ကျောင်း”ဆို သည်မှာ “စာ” ချည်းသက်သက်သင်သည့် နိမ့်နိမ့်ကျကျ နေရာမဟုတ်ပါ။ အပြစ်ကင်းစင်သည့် အနာဂတ်ခေါင်းဆောင်လောင်း လူမမည်ကလေးများကို လူလိမ္မာလေးများ၊ တော်ကြ၊ ထက်ကြသည့် “စံပြနိုင်ငံသား”၊ “နိုင်ငံကြီးသား စိတ်ဓာတ်ကြွယ်ဝ သူ” များဖြစ်လာအောင် သင်ပေး၊ ပြင်ပေး၊ လေ့ကျင့် ပေး၊ တန်ဖိုးမြှင့်တင်ပေးသည့်နေရာပါ။ လူသား တစ်ယောက်ကို ဘဝတစ်လျှောက်လုံးအတွက် အကျိုးများစေမည့် “လူ့ဘဝရှင်သန်ရပ်တည်နိုင်ရေး အခြေခံကောင်းများ” ကို လေ့ကျင့်ပေး၊ ဖြည့်ပေး သည့်နေရာပါ။ လူသားတစ်ဦးအတွက် အနာဂတ် တွင် လုံခြုံသည့်ဘဝ၊ ငြိမ်းချမ်းအောင်မြင်သည့်ဘဝ တစ်ခုကို မိမိဘာသာ ဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့်နေရာသည် ကျောင်းစာသင်ခန်း များပင်ဖြစ်ပါသည်။

 

ထို့ကြောင့်ကျောင်းစာသင်ခန်းများတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး(Physical Development)၊ ကျန်းမာရေးအသိတရား (Health Care)၊ တစ်ကိုယ်ရေလူမှုဘဝနှင့် စိတ်ဓာတ် ဖွံ့ဖြိုးမှု (Social and Emotional Development)၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု (High Ethical Values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံရေးအသိ စိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဉ်ကျေး မှု (Politeness and Courtieous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic Development)၊ ကျိုးကြောင်းညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာကိုဖြေရှင်းနိုင်မှု (Logically Problem Solving)၊ စည်းကမ်းလိုက်နာမှု (Disciplaning) စသည်တို့ကို လေ့ကျင့်ပေးနေပါသည်။

 

ထို့ထက် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အနှစ်သာရဖြစ်သည့် မိမိနှင့် လုံးဝကွဲပြားခြားနားသည့် စရိုက်နောက်ခံ မတူသူများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှု (Diversity and Unity) အလေ့အကျင့်ရအောင် အတူသွား၊ အတူလုပ်၊ အတူ ပညာသင်၊ အတူလေ့ကျင့်၊ အတူ အတန်းကောင်းကျိုး၊ ကျောင်းကောင်းကျိုးကို တက်ညီလက်ညီ သယ်ပိုး တတ်သော မြင့်မြတ်သည့် နိုင်ငံသားဖြစ်ရေးကအဓိကပါ။ အားလုံးခြုံကြည့်လျှင် ပြည်သူ့နီတိ (Civic)၊ လူ့ကိုယ်ကျင့်တရားများ (Ethics)၊ ယဉ်ကျေး ပျူငှာသည့်လောကဝတ် (Etiquettes)များ မြင့်မား လာအောင်ပါ။ ထို့ပြင် လူ့အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးမည့် ဗီဇကောင်း၊ ဗီဇအမွန်များ ပိုမိုဖွံ့ဖြိုးလာ စေပြီး ဗီဇဆိုး၊ ဗီဇညံ့ (လူ့ဘောင်လောကငြိမ်းချမ်း သာယာမှုကို ဖျက်ဆီး၊ နှောင့်ယှက်စေသည့် အကျင့် ဆိုး) များ လုံးဝပပျောက်သွားအောင် လေ့ကျင့်ပေး၊ သင်ပေးသည့်နေရာသည် “ကျောင်း” ပဲဖြစ်ပါသည်။

 

စာမေးပွဲရမှတ်လွန် လူ့တန်ဖိုးအစစ်များ

 

အထက်တွင်ဖော်ပြခဲ့သည့် လူ့အရည်အသွေးများက “စာမေးပွဲရမှတ်လွန် လူ့တန်ဖိုးအစစ်” များပါ။ ယင်းတို့က တန်ဖိုးရှိသည့်အရာများ ဆိုသော်လည်း လိုက်နာပြီး လက်တွေ့ကျင့်သုံးမှတက်လာ၊ ဖွံ့ဖြိုးလာမည့် မိမိနှင့်လူ့အဖွဲ့အစည်း အကျိုးပြု လူ့တန်ဖိုးများပါ။ မသိဘဲ၊ နားမလည်ဘဲ ဦးနှောက်အားကိုးဖြင့် အလွတ်ကျက်၍ရသည့် “ဖတ်စာအုပ်ထဲကစာ” များ မဟုတ်ပါ။ ကျောင်းများတွင် ထိုလူ့တန်ဖိုးအစစ်များကို အထုံပါရမီရသွားအောင် လေ့ကျင့်ပေးရ၊ အရင်ဖြည့်ရပါသည်။ ၎င်းကို ပြည့်ပြည့်စုံစုံဖြည့်ပြီးမှ လောကတွင် သိသင့်သိထိုက်သည့် လောကီပညာဆိုသော ဖတ်စာအုပ်ထဲမှစာကို ထပ်ဖြည့်ဆည်းပေးခြင်းပါ။ ပညာတော်သူ၊ ဉာဏ်မြင့်သူ (IQမြင့်သူ) အဖြစ် ဆက်လက်လေ့ကျင့်ခြင်းပါ။ လူ့ဘဝတစ်လျှောက်လုံးတွင် အလိုအပ်ဆုံးအရာမှာ လူလူချင်းပေါင်းသင်းဆက်ဆံရေးပါ။ ပြီးလျှင် လူနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတမျှတစွာ နေတတ်မှုပါ။ ထိုအလေ့အကျင့်ကောင်းများရှိပါမှ အတ္တ ရှေ့တန်းတင်မှုများ၊ ငါသာအသိ၊ ကိုယ်သာအမှန် ဆိုသည့်အချက်များ လျော့နည်းပြီး အတ္တ၊ ပရမျှတစွာ သယ်ပိုးသူများ များပြားလာလျှင် လူ့ဘောင်လောကသည် သာယာငြိမ်းချမ်းလာပါသည်။

 

ထိုလူ့တန်ဖိုးအစစ်ကို ကျောင်းစာသင်ခန်းများက ပြီးပြည့်စုံအောင် လေ့ကျင့်ပေးမှု မရှိခဲ့လျှင် တရားမှု၊ မတရားမှု၊ အတ္တ၊ ပရမျှတမှုများ အားနည်း ပြီး တစ်ယူသန်မှု၊ ကိုယ်သာအမှန်၊ အနိုင်ရမှအောင်မြင်သည်ဆိုသော အတွေးအမြင်များနှင့် လူ့ဘောင်အသိုင်းအဝိုင်းသာယာမှုကို နှောင့်ယှက်မည့်သူများ ပေါများလာပါလိမ့်မည်။ လူ့တန်ဖိုး မပြည့်သေးသူများကို ကျွန်တော်တို့၏ ယဉ်ကျေး ပျူငှာသည့် လူ့အသိုင်းအဝိုင်းက လက်ခံလေ့မရှိပါ။ သူတို့ကို “ဘဝထဲကကျောင်းဟု ခေါ်သည့် အကျဉ်းထောင်” ပို့ပြီး ကိုယ့်အတ္တနှင့် သူတစ်ပါး၏ အတ္တကို မျှတစွာအသုံးချတတ်အောင် ဆက်လက်လေ့ကျင့်စေပါသည်။ ထို့ကြောင့် ကျောင်းက တော်သလောက် ကောင်းအောင် လေ့ကျင့်ပေးသည့်သူများလေလေ၊ အကျဉ်းထောင်တွင် လူနည်းလေလေမို့ “ကျောင်းတစ်ကျောင်း ဖွင့်ခြင်းဟာ၊ ထောင်တံခါးတစ်ချပ် ပိတ်လိုက်ခြင်း” ပါဟု ပညာရေး၊ ပညာရှင်အသီးသီးက ထောက်ပြခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသည် “စာ”တော်သည့် “လူတော်”သက်သက် မွေးထုတ်သောပရိဝုဏ် မဟုတ်ပါ။ “လူကောင်းလူတော်” မွေးသည့်နေရာပါ။ “တော်”သူများ မကောင်းရင်း အကြောင်းမလှဖြစ်ပြီး တစ်ချိန်ချိန်မှာ “ဘဝထဲကကျောင်း” ပို့ခံရတတ်ပါ သည်။ “ကောင်းတဲ့လူ” လူကောင်းများကတော့ “ထောင်”နှင့် အလှမ်းဝေးပါသည်။ သို့ဖြစ်၍ ကျောင်း နှင့် ထောင်သည် ဆက်စပ်နေပါသည်။ “ကျောင်း ကောင်း”များ ပေါမှ အကျဉ်းထောင်အရေအတွက် နှင့် ထိုနေရာကို အပို့ခံရသူအရေအတွက်သည်လည်း လူ့အဖွဲ့အစည်းတွင် နည်းလာမည်ဖြစ်ပါသည်။

 

ဉာဏ်မျက်စိအမြင် ဖွင့်ပေးသည့်နေရာ

 

ဒုတိယအဖြေမှာ ကျောင်းဆိုသည်မှာ စာသင်ခန်းထဲ သင်ကြားသည့်သင်ခန်းစာကို အခြေခံပြီး ကမ္ဘာတစ်ခွင်ကို လှမ်းမြင်တတ်အောင်၊ လောကအကြောင်းကြည့်တတ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတ ကျစွာနေ ထိုင်တတ်အောင် လေ့ကျင့်ပေးသည့်နေရာပါ။ မိမိပတ်ဝန်းကျင်၊ ထို့ပြင် ကမ္ဘာတစ်လွှားဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ လူမှုပြဿနာများ၊ မိမိ နေထိုင်ရာအရပ်နှင့် ကမ္ဘာကြီး၏အကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း စသည်တို့ကို သိရှိနားလည်အောင် ကျောင်းစာသင်ခန်းထဲမှ လှမ်းကြည့်နိုင်သည့်အလေ့အကျင့်ကို ရရှိလာအောင် လေ့ကျင့်စေခြင်းပါ။ ယင်းနောက် မိမိ၏လူမှုဝန်းကျင်နှင့် သဘာဝဝန်းကျင်ကို ပိုမိုကောင်းအောင် စွမ်းဆောင် နိုင်ရန် လုပ်သင့်လုပ်ထိုက်၊ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များ သိသွား၊ မြင်သွားအောင် ဉာဏ်မျက်စိအမြင် ဖွင့်ပေးသည့်နေရာပါ။ သင်ရိုး စာအုပ်ထဲမှ ဖတ်စာသည် ဆရာကသင်ပေး၊ တပည့်က သင်ယူပြီးလျှင် စာမေးပွဲအဖြေလွှာပေါ်မှာပြန်ရေး၊ ဆရာ ဆရာမကို ပြန်အပ်ခဲ့သည့် စာသင်ခန်းမှာ အဆုံးသတ်ရမည့်အရာမဟုတ်ပါ။ ဖတ်စာအုပ်ထဲမှ စာကို နမူနာ၊ ဥပမာပြပြီး ဘဝထဲအထိ ယူဆောင်သွား တတ်အောင် သင်ပေး လေ့ကျင့်ပေးရမည့်အရာပါ။

 

ဉာဏ်မျက်စိကို ဖွင့်ပေးသည့် ကျောင်းကောင်းဆိုသည်မှာ သင်ခန်းစာကိုအခြေခံပြီး ပတ်ဝန်းကျင်ကို လေ့လာလိုစိတ်၊ ပညာရပ်ကို သင်ရိုးမှာပါသည်ထက် ပိုသိချင်၊ ပိုတတ်ချင်စိတ် ရှိအောင်လည်း စိတ်ဓာတ် မြှင့်တင်ပေးနိုင်စွမ်းရှိပါသည်။ လူမှုဆက်ဆံရေး တော်ပြီး ခေါင်းဆောင်နိုင်မှုစွမ်းအားများကို ဖြည့်ပေးခြင်းပါ။ စာအုပ်ထဲမှစာသည် မပြည့်စုံ သေးပါ။ နမူနာပေးခြင်းပါ။ သင်ရိုးထက်ကျော်လွန် ပြီး ကြည့်တတ်၊ မြင်တတ်အောင် လက်တွေ့အသုံးချ တတ်သည့် အကျင့်ရလာရန် လိုပါသည်။ ယင်းကို ရရန် ဖွင့်ထားသည့်စိတ်ဓာတ်၊ ဖွင့်ထားသည့် အယူအဆပိုင်ဆိုင်အောင် ဖွင့်ပေးသည့်နည်းလမ်းများ၊ သင်နည်းများနှင့် လေ့ကျင့်သင်ကြားပေးမှသာ “ဉာဏ်မျက်စိဖွင့်ပေးသောကျောင်း”၊ “ပွင့်နေသော ကျောင်း”ပါ။ ကလေးများကို တွေးတတ်၊ ခေါ်တတ်၊ အမြင်ကျယ်သူများဖြစ်လာအောင် ပွင့်နေသည့် ကျောင်းများကသာ လေ့ကျင့်ပေးပါသည်။

 

ဉာဏ်တံခါး ပိတ်စေသောကျောင်း

 

ကျောင်းတွင် လေ့ကျင့်ပေးခြင်းသည် ကျောင်းစာသင်ခန်းထဲမှာသာ ကျင်လည်နေရုံ၊ စာမေးပွဲအတွက် အမှတ်ရရုံ၊အောင်လက်မှတ်၊ ဘွဲ့လက်မှတ်အတွက် သက်သက်သင်ပေးသည့် ကျောင်းသည် ပွင့်နေသော ကျောင်းမဟုတ်ပါ။ မိမိသင်ခဲ့သည်ကို ဘဝထဲအထိ ယူသွားခွင့်မပေးဘဲ စာမေးပွဲ အဖြေလွှာပေါ်တွင် ထားခဲ့ခြင်းလောက်သာ လေ့ကျင့်ပေးခဲ့လျှင် မျိုးဆက်တိုင်းကို “ဉာဏ်တံခါး ပိတ်စေသောကျောင်း” ဖြစ်သည့်အတွက် “ပိတ်ထားသောကျောင်း”ပါ။ ပညာသင်ကျောင်း တော့ ဟုတ်ကောင်းဟုတ်မည်၊ မိမိကိုယ်ကို ထိန်းကျောင်းနိုင်စွမ်းကို လေ့ကျင့်ပေးသည့် ကျောင်းကောင်းမဟုတ်သည်မှာ သေချာပါသည်။

 

ကျောင်းသည် လူတစ်ဦးချင်းစီနှင့် လူ့အသိုင်း အဝိုင်း၏ အနာဂတ်ကောင်းကျိုးအတွက် ကြိုတင် ပြင်ဆင် ပေးရာနေရာပါ။ သို့ပါသောကြောင့် “ဉာဏ်မျက်စိပွင့်စေသောကျောင်း” က လေ့ကျင့်ပေး သမျှ သည်အောင်မြင်သောဘဝ လျှောက်လှမ်းနိုင်ဖို့၊ ဘဝမှာခလုတ်မထိ၊ ဆူးမငြိလျှောက်သွားနိုင်ဖို့ပါ။ ကလေးများကိုယ်တိုင်လည်း ကျောင်းတွင်သင်ပေး သမျှသည် သူတို့ရှေ့ဆက်ရမည့်ခရီးအတွက် ကြိုတင်ပြင်ဆင်မှုဟု ခံယူချက်ရသွားပါလိမ့်မည်။ ဤသို့ဆိုလျှင် ကျောင်းကိုလာသည့်သူများက ကျောင်းသည် မိဘက ကျောင်းကိုလွှတ်လိုက်၍ လာတက်ရခြင်း မဟုတ်တော့ပါ။ ကိုယ့်အတွက် ပျော်စရာနေရာမို့ ကျောင်းကိုလာသည်ဟု မြင်လာ ပါလိမ့်မည်။ ပြီးနောက် ဘဝနှင့် ကျောင်းသည်လည်း တစ်ထပ်တည်းဆိုပြီး မြင်လာကာ ဘဝတွင်ဆက်လက် လေ့လာသင်ယူစရာအပြည့်ဟု ခံယူလာပါလိမ့်မည်။

 

ကျောင်း၏ အဓိကရည်မှန်းချက်မှာ အထက်ပါ အတိုင်း။ တော်သလောက်ကောင်းသည့် “နိုင်ငံကြီး သား”၊ “တန်ဖိုးမြင့်လူသား” အရည်အသွေးပြည့်ဝ သူများပေါ်ထွန်းဖို့ပါ။ နိုင်ငံကြီးသားဟုဆိုသည့် တန်ဖိုးပြည့်နိုင်ငံသားကောင်းဆိုသည်မှာ “စာ” တတ်ခြင်း၊ “စာ” တော်ခြင်းတစ်ခုတည်းနှင့် လုံးဝ မလုံလောက်သေးပါ။ ကျောင်းကထွက်သွားလျှင် လောကကောင်းကျိုး သယ်ပိုးနိုင်စွမ်းရှိရပါမည်။ မိမိ၏ အလုပ်ခွင်နှင့် ရပ်ရေး၊ ရွာရေး၊ လူမှုရေးများတွင် ဦးဆောင်နိုင်စွမ်းလည်း ပြည့်နေရပါမည်။ ကျောင်းတွင် လေ့လာခဲ့သည့် “ပညာ” ကို အခြေခံပြီး မိမိဝန်းကျင်၊ ထိုမှတစ်ဆင့် လူသားဝန်းကျင်၊ လူ့အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးနိုင်စွမ်း ရှိရပါမည်။ ယင်းတို့မှာ စာမေးပွဲရမှတ်ထက် သာသည့် လူ့တန်ဖိုးများဖြစ်ပါသည်။

 

ထို့ကြောင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်းသင်ပညာရေး၏သင်ရိုးများက ကျောင်း ရောက်လာသည့် လူသားမျိုးဆက်များကို ဉာဏ် မျက်စိဖွင့်ပေးနိုင်ရပါလိမ့်မည်။ ဖွံ့ဖြိုးသောပညာရေးကို အကောင်အထည်ဖော်သည့်ကျောင်းကောင်း၏ သင်ရိုးသည် အပြင်ကိုမြင်နိုင်စွမ်းမရှိအောင် ပိတ်ထား ခြင်းမျိုး လုံးဝမဖြစ်သင့်ပေ။ ခေတ်မီသင်ရိုးကောင်းဆို သည်မှာ ပတ်ဝန်းကျင်နှင့်အမြဲဆက်စပ်နေရပါမည်။ ထို့နောက် ကလေးများကိုလည်း ဆက်စပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။

 

ဆက်လက်ဖော်ပြပါမည်