မိုင်းယု ဇူလိုင် ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သည် ယခင်က အထင်ကရ လူသိများခဲ့သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်နှင့် နယ်စပ်ဒေသ သွင်းကုန်ပို့ကုန်များတင်ပို့ရာတွင် အဓိကကျသည့် မိုင်းယု-ကျိန်းယဲန်းတံတားနှင့် ထင်ရှားသည့် နမ့်လွေချောင်းတို့ကိုသာ မိုင်းယုမြို့ခံပြည်သူနှင့် အနယ်နယ်အရပ်ရပ်က ဧည့်သည်များက သိနေကြသော်လည်း ယခု ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တစ်မူထူးခြား အသစ်ထပ်မံ လူသိလာကြသည့် မိုင်းယုမြို့ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၏ အနောက်ဘက်မှ တစ်ဆင့်တောအနက် (၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝတောအလှတရားများနှင့် ကျောက်ကမ်း ပါးယံများ ကြားတွင် စိတ်ခြောက်ခြားစရာအသံတို့နှင့်အတူ ကောင်းကင်ယံမှတဟုန်ထိုး ထိုးဆင်းနေသည့် အလား လူသိနည်းပါးနေသေးသည့် မိုင်းလွေရေတံခွန်ကြီးသာဖြစ်ပေသည်။
စာရေးသူ၏ အတွေ့အကြုံကို ပြောပြရလျှင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် နေထိုင်သည်မှာ ၁၉ နှစ်တာကျော်လာခဲ့သော်လည်း အဆိုပါ မိုင်းယုဒေသ၏ အထင်ကရများဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်း စေတီတော်၊ မိုင်းယု-ကျိန်းယဲန်းတံတားနှင့် နမ့်လွေချောင်းတို့ကိုသာ သိခဲ့ရပြီး ယင်းမိုင်းလွေရေတံခွန်ကို ကြားသိနေသော်လည်း မည့်သည့်အရပ်တွင်ရှိနေသည်၊ မည်သည့် ပုံစံရှိသည်၊ မည်မျှသွားရမည်၊ ရေတံခွန်ကြီးသည် မည်မျှမြင့်မားပြီး ကြီးမားသလားသေးငယ်သလားစသည့် အတွေးများဝင်ကာ သွားရောက် စူးစမ်းလေ့လာ ချင်ခဲ့မိသော်လည်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် မသွားနိုင်ခဲ့ပေ။
ယခုအခါ ၂၀၂၀ပြည့်နှစ် နောက်ပိုင်း မိုင်းယုဒေသခံပြည်သူအချို့ အပြောများလာပြီး သွားရောက်လည်ပတ် သူများ တစ်စတစ်စ အနည်းငယ်ရှိလာ၍ အဆိုပါ ရေတံခွန် မည်သည့်ပုံစံရှိနေပြီး သမိုင်းရာဇဝင် ရှိခဲ့လျင်လည်း သိရှိရန် မေးမြန်းမည်ဟု အတွေးများနှင့် ရေတံခွန်ကြီးရှိရာသို့ သူငယ်ချင်းများနှင့် အဖွဲ့လိုက် ဆိုင်ကယ်ကိုယ်စီ၊ ထမင်းထုပ်ကိုယ်စီနှင့် စာရေးသူမှာ ကင်မရာအိတ်ကိုလွယ်လျက် အားလပ်သည့်ရက်ကို ရွေးကာ ရေတံခွန်ကြီးရှိရာ အရပ်သို့ စတင်ခရီးနှင်လာခဲ့ပါတော့သည်။
အဆိုပါ ရေတံခွန်ကြီးဆီသို့ စတင်ကာ တောအတွင်းဝင်သွားရန် မိုင်းလွေကျေးရွာသို့ အဖွဲ့လိုက်စတင် ရောက်ခဲ့ချိန်မှာတော့ ယင်းကျေးရွာရှိ ကျောင်းဆရာတစ်ဦး အိမ်တွင် အဖွဲ့များပြန်စုပြီး ဆက်လက် ထွက်ခွာမည်အပြုမှာတော့ ရေတံခွန်ကြီးသို့ သွားမည့်လမ်းကို အဖွဲ့ထဲမှ မည်သူတစ်ဦး တစ်ယောက်မျှ မသိကြပေ။ ဒီလိုနဲ့ ကျောင်းဆရာ၏ ဇနီးမှ ရေတံခွန်သို့ သွားရာလမ်းအစကို လိုက်ပြပေး၍ စာရေးသူတို့အဖွဲ့မှာ ရေတံခွန်ကြီး ရှိရာလမ်းကို ဆိုင်ကယ်များနှင့် ထွက်လာပါတော့သည်။ မိုင်းလွေကျေးရွာ၏ အနောက်ဘက်ဘေး မြေသားလမ်းမအတိုင်း စတင်ထွက်ခွာလာခဲ့ရာ မိနစ်နှစ်ဆယ့်ခန့် အချိန်တွင် ဆိုင်ကယ်များ သွားလာ၍ မရတော့သဖြင့် အဖွဲ့သားအားလုံးဆင်းကာ မိမိတို့ ဆိုင်ကယ်များ ကိုယ်စီဇက်တော့ပ်ခပ်ပြီး ခြေလျင်ခရီး စတင်ပါတော့သည်။
ခြေလျင်ခရီးတွင် သူသူငါငါ ထမင်းထုပ်၊ အဝတ်အထည်အပိုများ ကိုင်ဆွဲလျက် မိသားစုကလေးများ ပိုးလျက် ကျဉ်းမြောင်းသည့် မြေမာတစ်လှည့်၊ ရွံ့မြေတစ်လှည့်၊ ကျောက်တုံးကျောက်ခဲ့များ တစ်လှည့်ဖြစ်နေပြီး ဓားဖြင့် အနည်းငယ်သာရှင်းထားသည့် ချောင်းရိုးလမ်းကလေးအတိုင်း ကလေးငယ်များ သူချီတစ်လှည့်၊ ကိုယ်ချီတစ်လှည့်နှင့်အတူ နားရင်း ဆက်လျှောက်လာခဲ့ကြရာ အချိန်တစ်နာရီခွဲခန့် အကြာ(လမ်းတစ်ဝက်)တွင် အဖွဲ့သားများ၏ ဝမ်းဗိုက်က ပင်ပန်းလာ၍ စတင်အော်မြည်လာတော့သည်။ အဖွဲ့သားများအားလုံးလည်း ဗိုက်ဆာလာပြီးဖြစ်၍ ပါလာကြသည့် ထမင်းထုပ်နှင့် သောက်ရေဘူးများကို မိုင်းလွေရေတံခွန်မှ စိးဆင်းလာခဲ့သည့် ချောင်းအလယ် ကျောက်တုံးများပေါ်တွင် ခင်ကျင်းစားသောက်ပါတော့သည်။ စားသောက်ပြီး အချို့သူများမှာ ရေတံခွန်အရောက် ဆက်မလျှောက်နိုင်ကြောင်းနှင့် လမ်းတစ်ဝက်ခန့်တွင် တည်ရှိနေသည် ရေတံခွန်ငယ်လေးများတွင်သာ အပန်းဖြေရေကစားပြန်ကြမည်ဟု ဆိုခဲ့သော်လည်း စာရေးသူများ ရေတံခွန်ကြီးကို မှတ်တမ်းရယူလိုသည့် စိတ်၊ လူအများ အပန်းဖြေသွားရောက် လည်ပတ်နိုင်သည့် မိုင်းယုမြို့၏ အထင်ကရနေသစ်တစ်ခု ထပ်မံပေါ်ပေါက်လာစေရန်အတွက် စသည့် အတွေးများဖြင့် အဖွဲ့များကို နားနေခိုင်းကာ စာရေးသူနှင့် အဖွဲ့ပါ နောက်တစ်ဦးနှင့်အတူ ရေတံခွန်ကြီး ရှိရာသို့ ရှေ့ပြေးအဖြစ် ချောင်းရိုးအတိုင်း ဆက်သွား၍ရှာဖွေခဲ့ရာ နာရီဝက်ခန့်အကြာတွင် မြင့်မားပြီး အရှိန်ဖြင့် တစ်ဟုန်ထိုး ထိုးဆင်းနေသည့် ကျောက်ဆောင်များအကြားမှ မိုင်းလွေရေတံခွန်ကို တွေ့ရလေတော့သည်။
စာရေးသူမှာ ရောက်ချင်ခဲ့သည့် မိုင်းလွေရေတံခွန်ကြီးကို တွေ့ကာ အမောအပန်းများ ပြေပျောက်လျက် လမ်းတစ်ဝက်ကျော်တွင် ကျန်ခဲ့ကြသည့် အဖွဲ့သားများကို ပြန်လှည့်ခေါ်ကာ အဖွဲ့အစုံ လိုက် ကျောက်ဆောင်ကျောက်တုံးနှင့်တောင်စောင်းဘေးတို့မှ ခက်ခဲစွာသွားလျက် ပင်မရေတံခွန်ကြီးရှိရာသို့ ရောက်လာလေတော့သည်။
ယင်းရေတံခွန်ကြီးရှိရာသို့ သွားလျှင် မိုင်းလွေကျေးရွာမှ စတင်ထွက်ခွာမည်ဆိုပါက လူသူသွားလာမှု နည်းပါးသေးသည့်အတွက် လမ်းခရီးမှာ ကျောက်တုံးကျောက်ခဲများ၊ တောင်ကမ်းပါးယံလမ်းဘေးများနှင့် လမ်းဟုထင်ရလောက်သည့် အနည်းငယ်သာရှင်းထားသည့် တောလမ်းများအတိုင်း သွားရပြီး စာရေးသူတို့အဖွဲ့မှာ မိသားစုများပါနေ၍ သွားလာမှုကြာမြင့်ချိန်သည် နှစ်နာရီခွဲခန့်အထိ သွားရမည်ဖြစ်ပြီး ရေတံခွန်ကြီးမှာ စိတ်ခြောက်ခြားစရာအသံတို့နှင့်အတူ အေးမြကြည်လင်ပြီး လေအေးအေးလေး တိုက်ခတ်ခြင်းနှင့်အတူ ရေမှုန်များ ဖျားထွက်ကာ တဟုန်ထိုး ထိုးဆင်းနေသည့် မိုင်းလွေရေတံခွန်ကြီးကို လက်ဝဲဖက်အခြမ်းတွင် ရုတ်တရပ်တွေ့မြင့်ရပေမည်။ ပင်မရေတံခွန်ကြီးသည် ကျောက်ဆောင်များ ပတ်လည်ဝန်းရံထားပြီး ခန့်မှန်းအမြင့်မှာ ပေ ၁၅၀ ခန့်ရှိလောက်သည်။ ရေတံခွန်ကြီး၏ မူလရေထွက်ရာ ရေစို့ဝသည် မည်မျှခန့် ထပ်ဝေးမည်ကို မခန့်မှးတတ်ပေ။ ကျောက်ဆောင်ကျောက်ကမ်းပါး ဇောင်းများဖြစ်နေ၍ စာရေးသူမှာ ရေစို့ဝအထိ မလေ့လာနိုင်ခဲ့ပဲ ပင်မရေကျရာ ရေတံခွန်ကြီးထိသာ ရောက်ခဲ့ရသည်။ ရေတံခွန်ကြီး၏ ဘေးပတ်ဝန်းကျင်နှင့် ပထဝီအနေအထားကို စူးစမ်းလေ့လာ ချင်သေးချင်သော်လည်း နယ်မြေအခြေအနေရ နယ်စပ်ဒေသဖြစ်နေ၍ လျှောက်သွားကြည့်၍ မဖြစ်နိုင်ပေ။
ရေတံခွန်ကြီးမှာ နှစ်ပေါင်းမည်မျှကပင် တည်ရှိနေသည်မသိရသေးသော်လည်း ရေတံခွန် သွားရာလမ်းတို့မှ သစ်ပင်ကြီးများ၊ ကျောက်ဆောင်ကျောက်ခဲများပေါများလှ၍ သွားလာမှု အလွန်ခက်ခဲလှပေသည်။ အဆိုပါ ရေတံခွန်ကြီးကို နယ်စပ်ဒေသ မိုင်းယုမြို့လေး၏ ခရီးသွားပြည်သူများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ ရပ်ဝေးရပ်နီးနှင့် ဒေသခံများက စိတ်ထွက်ပေါက်တစ်ခုအနေဖြင့် အထင်ကရ အပန်းဖြေနေရာတစ်ခုဖြစ်လာစေရန်နှင့် အဆိုပါ ရေတံခွန်ကြီးနှင့် သွားရာလမ်းများ၊ ပတ်ဝန်းကျင်အခြေအနေများကို သဘာဝအလှတရား မပြတ်ပြုပြင်တည်ဆောက်၍ ထိန်းသိမ်းမည်ဆိုလျင် မိုင်းယုမြို့လေးမှာ သေးငယ်သော်လည်း အဆိုပါ သဘာဝအလှတရားနှင့် ပြည့်စုံနေသည့် ရေတံခွန်ကြီးအလှကြောင့် ထင်းရှားသည့် မြို့လေးတစ်မြို့ဖြစ်လာလိမ့်မည်ဟု စာရေးသူမှာ တွေးမိလေသည်။
မိုင်းလွေရေတံခွန်သည် ရှေးမည်သည့်အချိန်ကပင် တည်ရှိနေသည်မသိရသေးသော်လည်း လူအများကြားသိနေယုံကလွဲ၍ သွားလာလည်ပတ်ခြင်းမရှိခဲ့ပေ။ ယခုအခါ ဒေသခံအချို့က ပို၍ပြောလာကြပြီး သွားလာမှု တစ်ဦးစနှစ်ဦးစရှိလာသော်လည်း ပင်မရေတံခွန်ရှိရာသို့ မသွားလာနိုင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ပင်မရေတံခွန်ရှိရာသို့ အရောက်သွားမည်ဆိုလျင် လမ်းခရီးများ ခက်ခဲကြမ်းတမ်းခြင်း၊ ကလေးငယ်များပါလျင် ရောက်နိုင်သော်လည်း အချိန်ကြာ လူပန်း၍ မှုကိုပိုခံစားရမည်။ စာရေးသူမှာ မှတ်တမ်းတင်ခြင်းသောစိတ်၊ ရေတံခွန်ကြီး မည်သည့်ပုံရှိသည်၊ မည်သို့သွားရသည်စသည့်တို့ကို လေ့လာပြီး အများပြည်သူကို ဖော်ပြချင်သည့် စိတ်များကြောင့် မိသားစုအလိုက်၊ အဖွဲ့လိုက် အပင်ပန်းခံကာ ရောက်အောင်သွားခဲ့သည်။ သို့သော် နယ်မြေအခြေအနေများကြောင့် ရေတံခွန်ကြီး၏ ဘေးပတ်ဝန်းကျင် အနေအထား၊ သမိုင်းရာဇဝင်ရှိခဲ့လျင်သော်လည်းကောင်း မသိလာခဲ့ရပေ။
ယင်း မိုင်းလွေရေတံခွန်ကြီး၏ ပထဝီအနေအထား၊ သမိုင်းရာဇဝင်၊ အတိုင်းအတားများကို စာရေးသူ မသိရသေးသဖြင့် နောက်ထပ် တစ်ကြိမ်သွားနိုင်ခဲ့လျှင် ပြည့်စုံစွာ ထပ်ရေးသားတင်ပြပေးသွားပါမည်။ အဆိုပါ ရေတံခွန်ကြီးအကြောင်း စာရေးသူ ပထမဆုံးအကြိမ် သွားရောက် မှတ်တမ်းယူခဲ့ရသည့် အတွေ့အကြုံနှင့် ရေတံခွန်ကြီးအား သွားရာလမ်းများ၊ ပတ်ဝန်းကျင်အခြေအနေများကို သဘာဝအလှတရား မပြတ်ပြုပြင် တည်ဆောက်၍ ထိန်းသိမ်းသွားမည်ဆိုလျင် မိုင်းယုမြို့လေးမှာ သေးငယ်သော်လည်း အဆိုပါ သဘာဝအလှတရားနှင့် ပြည့်စုံနေသည့် ရေတံခွန်ကြီးအလှကြောင့် ထင်းရှားသည့် မြို့လေးတစ်မြို့ ဖြစ်လာလိမ့်မည်ဟု စာရေးသူအတွေးအမြင်အား မှတ်တမ်းတင်ရေးသားလိုက်ရပါသည်။
ကိုကိုနိုင်(ပြန်/ဆက်)


