ကော့သောင်း ၉ ဧပြီ
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရက်များမတိုင်မီ ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက် လည်ပတ်ကြသူ များပြားသဖြင့် ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေး နယ်စပ်ဖြတ်သန်းဂိတ်တွင် သွားရောက်လည်ပတ်မည့်သူများ ယနေ့နံနက်ပိုင်းက နယ်စပ်ဖြတ်သန်းမှု အခွန်ဆောင်ရန် တန်းစီစောင့်ဆိုင်းနေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာ့အိမ်နီးခြင်း ထိုင်းနိုင်ငံရနောင်းမြို့တွင် မြန်မာနိုင်ငံနည်းတူ ရိုးရာသင်္ကြန်ပွဲ ကျင်းပလေ့ရှိပြီး မြန်မာနှင့်ထိုင်း လူမျိုးများချစ်ခင်ရင်းနှီးစွာ မြို့လုံးကျွတ် ရေကစားကြ၍ အထူးသဖြင့် လည်ပတ် အပန်းဖြေစရာနေရာများ၊ ဈေးဆိုင်ဈေးတန်းများဖြင့် ပျော်ရွှင်ဖွယ် ဖန်တီးမှုများကြောင့် မြန်မာနိုင်ငံဖက်မှ မြို့နေပြည်သူများနှင့် ကော့သောင်းမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည်များ မိသားစုအလိုက် သွားရောက် လည်ပတ်ကြခြင်း ဖြစ်သည်။
ဒေသခံမြို့နေပြည်သူများသည် အများအားဖြင့် မြန်မာ့ရိုးရာ သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် တဖက် ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော်အား သွားရောက်လည်ပတ်ဆင်နွှဲလေ့ရှိပြီး၊ သင်္ကြန်အကြပ်နေ့နှင့် အတက်နေ့များတွင် မြန်မာနိုင်ငံဘက်တွင် ပျော်ရွှင်စွာ ရေပက်ကစားဆင်နွှဲကြလေ့ရှိကြောင်း၊ ယင်းနေ့များတွင် ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားသားဧည့်သည်များလည်း ကော့သောင်းမြို့ သင်္ကြန်ပွဲတော်သို့ အပြန်အလှန် လာရောက် ဆင်နွှဲလေ့ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း )


