ဘန်ကောက် ဒီဇင်ဘာ ၂၇
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် သီတင်းပတ်များစွာ နယ်စပ်ပဋိပက္ခဖြစ်ပွားမှုများ အဆုံးသတ်ရေး ကြိုးပမ်းအားထုတ်မှုအနေဖြင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၇၀၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ဒီဇင်ဘာ ၂၇ ရက် မွန်းတည့်ချိန်တွင် စတင်အသက်ဝင်သည့် အဆိုပါသဘောတူညီချက်ကို နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဇူလိုင်လက ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုမှာ ဒီဇင်ဘာလအစောပိုင်းတွင် ပြန်လည်အရှိန်မြင့်လာခဲ့ရာ လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၇၀၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် အရပ်သားများနှင့် စစ်ရေးပစ်မှတ်များအပါအဝင် တိုက်ခိုက်မှု အားလုံးနှင့် အကျုံးဝင်ကြောင်း၊ နယ်စပ်အနီးရှိ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများကို နှစ်ဖက် စလုံးက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် တောင်းဆို
ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၇၂ နာရီကြာ ထိန်းသိမ်းထားနိုင်ခဲ့ပါက ထိုင်းဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသော ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်းလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ အောက်တိုဘာလက ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံဝန်ကြီးချုပ်များကို တယ်လီဖုန်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တောင်းဆိုခဲ့သည်။
အင်န်အိတ်ချ်ကေ


