နေပြည်တော် ၂၂ မတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းသည် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်းကျေးရွာနှင့် စေတောင်ကျေးရွာအကြားသို့ အရောက် AA အဖွဲ့အင်အား ၁၅၀ ဦးခန့်က စေတောင်ကျေးရွာ၏ မြောက်ဘက်ထိပ်နေရာ ၅ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလက်နက်ကြီး အစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာနေထိုင်သူ ဦးမောင်တင်(ဘ) ဦးယဉ်ဖြူအောင် နေအိမ်၌ အိပ်ပျော်နေစဉ် မတ် ၂၀ ရက် ည ၉ နာရီခန့်တွင် AA အဖွဲ့မှ မျက်နှာဖုံးစွပ်ထားသူ ၂ ဦး ရောက်ရှိလာပြီး ဦးမောင်တင်အား အသင့်ပါလာသော သေနက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာနားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်နားရွက်ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဘယ်လက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာလက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

AA အဖွဲ့အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများကို အသုံးပြုအကာအကွယ် ရယူလျက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများအား မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည်ခုခံရသည့်အခါ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၌ AA အဖွဲ့အား လက်မခံကြရန်နှင့် မြို့၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဝင်ရောက်လာပါကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)