နယူးယော့ခ်ရဲ လမ်းမပေါ်မှာ အတူငိုခဲ့ကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်

အေးပြည့်

နာမည်ကျော်ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်တို့ဟာ ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့ချိန်မှစလို့ နှစ်ဦးသားပျော်ရွှင်နေတဲ့ ပုံရိပ်တွေသာ မီဒီယာစာမျက်နှာတွေပေါ်မှာ နေရာယူခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ နယူးယော့ခ်က လမ်းတွေပေါ်မှာ အတူစက်ဘီးစီးထွက်ကြရင်း တစ်နေရာမှာရပ်တန့်ကာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးနေ ကြပုံတွေကို ဟောလိဝုဒ်မီဒီယာတွေပေါ်မှာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့က မက်ဟန်တန်ရဲ့လမ်းမထက်မှာ စက်ဘီးအတူစီးခဲ့ကြရင်း ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်တို့ဟာ တစ်နေရာမှာ ရပ်တန့်ခဲ့ပါတယ်။ နှစ်ဦးသား စကားတွေပြောဆိုနေရင်းက လမ်းဘေးမှာ အတူထိုင်ခဲ့ကာ အကြောင်းအရာတစ်ခုကို အပြန်အလှန်ပြောကြားခဲ့ကြပါတယ်။ အဲဒီနောက် ဂျက်စတင်ဘီဘာက မျက်နှာကိုလက်ဝါးနဲ့အုပ်ကာ ငိုခဲ့ပါတယ်။ ချစ်သူဝမ်းနည်းသွားတဲ့အပေါ် ဟေးလေးဘော်ဝင်ကလည်း စိတ်မကောင်းဖြစ်ကာ မျက်ရည်တွေကျခဲ့ရပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါလူမျိုးပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာနဲ့ အသက် ၂၁ နှစ်အရွယ် မော်ဒယ်လ်ဟေးလေးဘော်ဝင်တို့ဟာ ယခုလို နယူးယော့ခ်မှာရှိတဲ့ မက်ဟန်တန်လမ်းမပေါ်မှာ စက်ဘီးစီးထွက်ခဲ့ရာမှာတော့ သာမန်အချိန်တွေမှာလို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ နှစ်ဦးစလုံးဟာ အဖြူရောင်တီရှပ်တွေသာ ဝတ်ဆင်ထားကြကာ စက်ဘီး တစ်ယောက်တစ်စီးစီ စီးလာခဲ့ကြတာလည်းဖြစ်ပါတယ်။ ယခင်က သူတို့နှစ်ဦးကိုပျော်ရွှင်နေတဲ့ ပုံရိပ်တွေသာ မြင်တွေ့ရပေမယ့် လတ်တလောမှာတော့ပ ထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းနေတဲ့ အရိပ်တွေ မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်တို့ဟာ ဆယ်ကျော်သက်အရွယ်မှာပင် စတင်တွေ့ဆုံ ခင်မင်ခဲ့သူတွေပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာတော့ လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် ယခုနှစ် ဇွန်လအတွင်း ချစ်သူတွေအဖြစ် ပြန်လည်လက်တွဲခဲ့ကြပါတယ်။ တစ်ကျော့ပြန်အချစ်ခရီး စတင်ခဲ့ချိန်မှာတော့ နယူးယော့ခ်နဲ့ မိုင်ယာမီမှာ အလည်အပတ်ခရီးတွေ အတူထွက်ခဲ့ကြပြီး ချစ်သူသက်တမ်း အချိန်တိုအတွင်းမှာပင် စေ့စပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ဂျက်စတင်ဘီဘာက သရုပ်ဆောင်နဲ့ မော်ဒယ်လ်တစ်ဦးဖြစ်သူ ဟေးလေးဟော်ဝင်ကို ဘဟားမားမှာ အလည်အပတ်ထွက်ခဲ့ကြစဉ်ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က လက်ထပ်ခွင့်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဘဲဥပုံစိန်လက်စွပ်ကို ဟေးလေးဘော်ဝင် ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပြီးနောက် မီဒီယာတွေက သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပင် ကြယ်ပွင့်နှစ်ဦးရဲ့ နှစ်ဖက် အသိုင်း အဝိုင်းကလည်း သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ဆုတောင်း စကား တွေကို လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဂျက်စတင်ဘီဘာက သူနဲ့ ဟေးလေးဘော်ဝင်တို့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားကာ ဟေးလေးဘော်ဝင် ကိုလည်း သူ့ဘဝရဲ့ အချစ်ဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ဂျက်စတင်ဘီဘာနဲ့ ရင်းနှီးသူထုတ်ဖော်ပြောကြားချက်အရ ကြယ်ပွင့်စုံတွဲဟာ မင်္ဂလာပွဲကို မိဘဆွေမျိုးတွေနဲ့သာ အကျဉ်းချုံးကျင်းပသွားလိုတာဖြစ်ကြောင်း သိရပါတယ်။ ဂျက်စတင်ဘီဘာရဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကို လက်ခံခဲ့ပြီး စေ့စပ်လက်စွပ်ကိုလည်း ဆင်မြန်းထားပြီးဖြစ်တဲ့ ဟေးလေးဘော်ဝင်နဲ့ ဂျက်စတင်ဘီဘာတို့ဟာ လက်ရှိမှာတော့ သူတို့ရဲ့မင်္ဂလာပွဲကို သာမန်မင်္ဂလာပွဲတစ်ပွဲကဲ့သို့ ကျင်းပသွား လိုတာပါ။ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ရာ စီစဉ်ထားခြင်းမရှိသလို ကြယ်ပွင့်တွေရဲ့ မင်္ဂလာပွဲလိုမျိုးခမ်းခမ်းနားနား လုပ်ဆောင်သွားလိုခြင်းလည်း မရှိပါဘူး။ သူတို့နှစ်ဦးဟာ အချစ်ကြောင့် လက်ထပ်ခဲ့ကြတာဖြစ်ပြီး အပေါ်ယံဆန်တဲ့ မင်္ဂလာပွဲမျိုးကို မလိုလားဘူးလို့လည်း သိရပါတယ်။

 

ဒီလိုအချိန်တိုအတွင်း ချစ်သူတွေဖြစ်ခဲ့ကြ၊ အဲဒီနောက် စေ့စပ်ခဲ့ကြပြီးနောက် လက်ထပ်ဖို့ပင် စဉ်းစား ထားကြပြီးဖြစ်တဲ့ ကြယ်ပွင့်စုံတွဲဟာ အမြဲလိုလိုပျော်ရွှင်နေတာကို တွေ့ခဲ့ရပေမယ့် လတ်တလော မှာတော့ တစ်ယောက်ကိုတစ်ယောက် အားပေးနှစ်သိမ့်ကာ ငိုကြွေးနေတာကို တွေ့ခဲ့ရတာကြောင့် သူတို့ကို မျက်ရည် ကျစေတဲ့အကြောင်းက ဘာများဖြစ်မလဲရယ်လို့ စိတ်ဝင်စားစရာဖြစ်နေကြောင်း ကော့စမိုပိုလီတန်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။