ဆစ်ဒနီ ၂၀ ဖေဖော်ဝါရီ 

ဩစတြေးလျနိုင်ငံ၏ လေကြောင်း လိုင်းတစ်ခုဖြစ်သည့် ဂျက်စတား လေကြောင်းလိုင်းမှ ဝန်ထမ်းများသည် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြရာ နိုင်ငံ၏ လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းဆောင်တာများ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တစ်ရက်တာ ကြာမြင့်ခဲ့သည့် လေကြောင်းလိုင်း သပိတ်မှောက်မှုတွင် ဝန်ထမ်း ၂၅ဝ ခန့် ပါဝင်ခဲ့ပြီး ဆစ်ဒနီ၊ မဲလ်ဘုန်း၊ အေဗီလွန်၊ ဘရစ် စဘိန်း၊ ကိုင်းရန်စ်နှင့် အဒီလိတ်ခ် လေဆိပ်များတွင် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

လေကြောင်းလိုင်း ဝန်ထမ်းများက လေဆိပ်စင်္ကြံများတွင် စုဝေးကာ လုပ်ခလစာတိုးမြှင့်ပေးရန်၊ ဝန်ထမ်း များဘေးကင်းလုံခြုံရေးနှင့် အလုပ်ချိန် အဆင်ပြေအောင် ဆောင်ရွက်ပေးရန် အော်ဟစ်တောင်းဆိုခြင်း၊ ဆိုင်းဘုတ် များထောင်ခြင်း ပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။

လေကြောင်းလိုင်းဝန်ထမ်းများ ဆန္ဒပြမှုကြောင့် ကွန်တက်စ်မှ ပိုင်ဆိုင်သည့် ဂျက်စတားလေကြောင်း လိုင်း၏ ပြည်တွင်းခရီးစဉ် ၄၈ ခုအထိ ဖျက်သိမ်းခဲ့ရပြီး ခရီးသည်များအား ငွေပြန်အမ်းခြင်းနှင့် အခြား လေကြောင်းများဖြင့် လိုက်ပါနိုင်အောင် စီစဉ်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဆင်ဟွာ