ဆစ်ဒနီ   ဇန်နဝါရီ   ၁၃

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဟောင်းကိုဂျီကြောင့် နေရာအနှံ့ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသောသဖြင့်  ဩစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း  ပြည်နယ်တစ်ခုဖြစ်သည့် ကွင်းစလန်းပြည်နယ်တစ်ဝန်းတွင်  ရေကြီးသတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

သီတင်းတစ်ပတ်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်သည် တစ်နှစ်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်ထက် များနေသောကြောင့် ဒေသစံတော်ချိန် ဒီဇင်ဘာ  ၁၃   ရက်  နံနက်ပိုင်းမှစကာ မိုးလေဝသ ဗျူရိုက မြစ်ချောင်းအနီးနေရာများနှင့်  ကွင်းစလန်းပြည်နယ်အလယ်ပိုင်း၊   အရှေ့မြောက်ပိုင်းနှင့်  အနောက်မြောက်ပိုင်းနေရာများတွင်  ရေကြီးသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

မြို့တော်  ဘရစ်ဘိန်း၏ အနောက်မြောက်ပိုင်း ကီလိုမီတာ ၇၅၀  အကွာခန့်ရှိ  ကလာမောင့်မြို့လေး၏ မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်သော ဒေသခံများကို  ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်။

လူ  ၃၀၀၀ ခန့်ရှိ မြို့လေးတွင် ရေကြီးမှုကြောင့် လူ ၃၀၀ ကျော်ခန့် လျှပ်စစ်မီးမရရှိဘဲ နေထိုင်နေကြရသည်။

လူသုံးဦးကို ညတွင်းချင်း ကယ်တင်ခဲ့ရကြောင်း သက်ဆိုင်ရာအာဏာပိုင်များက  ဒီဇင်ဘာ ၁၃   ရက်တွင်  ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၄၀  ခန့်တွင် ရေစီးနှင့် မျောပါလာသည့် အမျိုးသားနှစ်ဦးကိုလည်း ကယ်ဆယ်ရေးလှေဖြင့် ကယ်ဆယ်ခဲ့ရပြီး အခြားတစ်ဦးကိုလည်း နာရီအနည်းငယ်ကြာပြီးနောက်  ကားခေါင်းမိုးပေါ်မှ ကယ်တင်ခဲ့ရသည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဟောင်းကိုဂျီသည် ကွင်းစလန်းပြည်နယ် အရှေ့မြောက်ပိုင်းကမ်းရိုးတန်းသို့ ဇန်နဝါရီ ၁၁ ရက်က ဝင်ရောက်ခဲ့ပြီး မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့သည်။ ယခုအခါတွင်  အဆိုပါမုန်တိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားပြီဖြစ်သည်။

ကွင်းစလန်းဝန်ကြီးချုပ် ဒေးဗစ်ခရိုင်ဆာဖူလီက ဇန်နဝါရီလအစောပိုင်းတွင် သိသိသာသာ မိုးရွာသွန်းပြီးသော ကွင်းစလန်းအနောက်ပိုင်းရှိ နေထိုင်သူများအနေဖြင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆင်ဟွာ