ဩစတြေးလျနိုင်ငံ မြောက်ဘက်ကမ်းလွန်တွင် အမေရိကန် စစ်လေယာဉ်တစ်စင်း ပျက်ကျပြီး သုံးဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

ကင်ဘာရာ ဩဂုတ် ၂၇

ဩစတြေးလျနိုင်ငံမြောက်ပိုင်းကမ်းလွန်တွင် အမေရိကန်စစ်လေယာဉ်တစ်စင်း ပျက်ကျ ပြီးနောက် အမေရိကန်မရိန်းတပ်သား သုံးဦးသေဆုံးပြီး ၂၀ ဒဏ်ရာရရှိသည်။

အမေရိကန် မရိန်းတပ်သား ၂၃ ဦးလိုက်ပါလာသည့် ဘိုရင်း ဗီ- ၂၂ အော်စပရေး လေယာဉ်သည် ဩဂုတ် ၂၇ ရက် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၄၃ မိနစ်တွင် ဒါဝင်မြို့ မြောက်ဘက် ကီလိုမီတာ ၆ဝ ခန့်အကွာ မယ်လ်ဗဲလီကျွန်းပေါ်တွင် ပုံမှန်စစ်ရေး လေ့ကျင့်မှုလုပ်ဆောင်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဩစတြေးလျရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (ဒါဝင်)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်အတွင်း သေဆုံးသူ သုံးဦးနှင့် ပြင်းထန်ဒဏ်ရာရရှိသူ ငါးဦးတို့ကို ရွိုင်ရယ် ဒါဝင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းနေကြောင်း | အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆင်ရေးတွင် ပံ့ပိုးရန်၊ ဒဏ်ရာရသူများကို ခွဲထုတ်ပြီး ဒါဝင်သို့ ပြန်ပို့ရန်နှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် လေယာဉ်ပျက်ကျသည့်နေရာကို ထိန်းသိမ်းရန်အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များကိုလည်း မယ်လ်ဗဲလီကျွန်းတွင် ဖြန့်ကြက်ထားသည်။ ဩစတြေးလျ ကာကွယ်ရေး ဌာနအဆိုအရ လေယာဉ်ပေါ်တွင်လိုက်ပါလာသူအားလုံးမှာ အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း အတည်ပြုထား သည်။

ဆင်ဟွာ