ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne နှင့်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများအားလေ့လာ

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne နှင့်အဖွဲ့သည် ယနေ့တွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ရှိ ဗောဒူဖကယ် ဆယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှု လေ့လာသည်။

 

 

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီတွင် လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

 

ထို့နောက် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne သည် စစ်တွေလေဆိပ်ရှိ ဧည့်ခန်းမ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဥပဒေချုပ် ဦကျော်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယင်းနောက် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်နှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ဗောဒူဖကယ်ဆယ်ရေး စခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းအတွင်း၌ ယာယီဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားမှု၊ သင်ယူမှုအခြေအနေများကို လည်းကောင်း၊ ကယ်ဆယ်ရေးစခန်းအတွင်း နေထိုင်သူများ၏ စားဝတ်နေရေး အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 

ထို့အတူ ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ်နှင့် အဖွဲ့ဝင်များသည် ကယ်ဆယ်ရေးစခန်းအတွင်း ဖွင့်လှစ်ထားရှိသည့် အမျိုးသမီးများ ဆုံဆည်းရာစင်တာသို့ သွားရောက်ပြီး အဆိုပါစင်တာရှိ အမျိုးသမီးများနှင့် တွေ့ဆုံသည်။

 

ညပိုင်းတွင် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ်နှင့် အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။ 

 

သတင်း- မော်စီ၊ ကိုမင်း
ဓာတ်ပုံ- တင်ထွန်း(ပြန်ဆက်)